လေထဲမှကာဗွန်ဓာတ်ငွေ့တွေလျော့နည်းကင်းစင်သွားစေဖို့

ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာ ဒီကနေ့ကမ္ဘာမှာ အဓိကကိုင်တွယ်ဖြေရှင်းနေရတဲ့ပြဿနာဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ သူ့ကြောင့်ပဲ ကမ္ဘာကြီးပူနွေးမှု ဖြစ်လို့ပါ။

ဒီဓာတ်ငွေ့တွေထွက်အောင် ဘယ်သူမှလုပ်တာတော့ မဟုတ်ပါဘူး။  လူသားတွေပဲလုပ်တာပါ။  အဲဒီလိုလုပ် လာခဲ့တာကလည်း စက်မှုခေတ်ပြောင်းတော်လှန်ရေးကတည်းက ဆိုပါတော့။ ဒီအချိန်မှာတော့ စက်မှု လုပ်ငန်းတွေတိုးတက်လာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ပိုမို ထွက်ရှိပြီး သဘာဝပတ်ဝန်းကျင် တွေပိုမိုပျက်စီးလာရပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်က လေထုထဲမှာရှိတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို စုပ်ယူမှသာဖြစ်နိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်   လူသားတွေက   ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကို   လေထုထဲမထုတ်လွှတ်မှရပါမယ်။

အကောင်းဆုံးနည်းလမ်းကတော့   တစ်ဖက်က လေထဲမှာရှိတဲ့ကာဗွန်ဓာတ်ငွေ့တွေကိုစုပ်ယူသလို တစ်ဖက် ကလည်း လေထဲကိုအဲဒီဓာတ်ငွေ့တွေမထုတ်လွှတ်ခြင်းပါပဲ။ဒါပေမဲ့ လက်ရှိအချိန်မှာ နှစ်ခုစလုံးကတော့ မဖြစ်နိုင် သေးပါဘူး။ ဒါကြောင့် လေထဲမှာရှိတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို စုပ်ယူဖို့ကို အရင်ဆုံး လုပ်ရပါ မယ်။ဒီလိုလုပ်ဖို့အတွက်ဆိုရင် နည်းလမ်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ သစ်ပင်တွေက သဘာဝ အလျောက် စုပ်ယူမှုမျိုးဖြစ်ပြီး နောက်တစ်နည်းကတော့ လူသားတွေရဲ့ဖန်တီးမှုနဲ့စုပ်ယူမှုဖြစ်ပါတယ်။

သစ်ပင်တွေက သဘာဝအလျောက်စုပ်ယူဖို့ဆိုရင် စိုက်ရမယ့် သစ်ပင်ဘီလီယံပေါင်းများစွာ လိုပါလိမ့်မယ်။ ဒီလောက်အထိ စိုက်ဖို့လိုအပ်ရတာကတော့ လက်ရှိအချိန်မှာ ရာသီဥတုပြောင်းလဲမှုနဲ့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် သစ်တောတွေမီးလောင်ပြုန်းတီးမှုကြောင့်ဖြစ်ပါတယ်။တကယ်တမ်းဆိုရင် သစ်ပင်တွေက ကာဗွန်တွေကိုစုပ်ယူပြီး အောက်ဆီဂျင်ကိုပြန်ထုတ်ပေးတဲ့အပြင် အေးမြမှုကိုလည်း ပေးစွမ်း တဲ့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ထိရောက်မှုကတော့ သစ်ပင်ငယ်တွေထက် သစ်ပင်ကြီးတွေက ကာဗွန်ကိုပိုပြီး စုပ်ယူနိုင်စွမ်းရှိပါတယ်။

ဒါပေမဲ့လည်း ဒီလိုမျိုးသစ်ပင်တွေပြန်စိုက်ဖို့ဆိုရင် နှစ်ပေါင်းများစွာကြာဦးမှာပါ။ ဒီကြားထဲမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် တောမီးလောင်တာမျိုး၊ လူသားတွေရဲ့ စိုက်ပျိုးမွေးမြူရေးအတွက် သစ်ခုတ်တာမျိုး တို့ဆိုရင် သစ်တောတွေဟာ လိုအပ်သလောက်မကြီးထွားလာဘဲ ပြုန်းတီးနေဦးမှာပါ။ ဒါကြောင့် လေထု ထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဖမ်းယူပြီး မြေအောက်ထဲထည့်မယ့် နည်းလမ်းကို သိပ္ပံပညာရှင် တွေက တီထွင်ကြံဆခဲ့ပါတယ်။

အဲဒီနည်းစနစ်ကိုတော့ လေထဲကနေ ကာဗွန်ကိုတိုက်ရိုက်ဖမ်းယူမှု(Direct Air Capture) စနစ်လို့ ခေါ်ပါ တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တော့ နည်းနည်းများတယ်။ကုန်ကျစရိတ်ကတော့ ရိုးရိုးတန်းတန်း နည်းလမ်းနဲ့ ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချမှု၊ ရှိပြီးသားသစ်တောတွေကို ကာကွယ်ထိန်းသိမ်းမှု၊ သစ်ပင်တွေ အသစ်စိုက်မှုထက်ကို ကုန်ကျစရိတ်ပိုများတာပါ။ ဒါပေမဲ့လည်း လေထဲမှာရှိတဲ့ကာဗွန်တွေကိုစုပ်ယူပြီး အန္တရာယ်ကင်းစွာ ပြန်စွန့်ထုတ်ဖို့အတွက် အရေးတကြီးလိုအပ်နေတာကြောင့် ကလိုင်းဝေါ့လို့အမည်ရှိတဲ့ ကုမ္ပဏီတစ်ခုက လေထဲကနေကာဗွန်ကို တိုက်ရိုက်ဖမ်းယူမှုစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေ ပါတယ်။

ကလိုင်းဝေါ့ဟာ အိုက်စလန်နိုင်ငံရဲ့ ကျတ်တီးမြေလို့ခေါ်လို့ရတဲ့တောင်ကုန်းတစ်ခုအပေါ်မှာ   ကာဗွန်စုပ်ယူတဲ့ စက်ရုံ တစ်ခုကိုတည်ဆောက်ထားပါတယ်။အဲဒီစက်ရုံက တစ်နှစ်ကိုစုပ်ယူနိုင်တဲ့ကာဗွန်အရေအတွက်က တန် ၅၀ ဖြစ်ပါတယ်။ ဒီတော့ သူတို့က တစ်နှစ်ကိုတန် ၄၀၀၀ အထိစုပ်ယူနိုင်အောင် နောက်ထပ်စက်ရုံတွေကို တည်ဆောက်နေပါတယ်။

ဒီနည်းစနစ်ရဲ့အလုပ်လုပ်ပုံကတော့ အရင်ဆုံး အဲဒီမှာပါတဲ့ပန်ကာကြီးတွေက လေကိုစုပ်ယူပြီး လေထဲမှာပါ တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကို အထူးပြုလုပ်ထားတဲ့ဆန်ခါကစစ်ထုတ်လိုက်ပါတယ်။ ပြီးတဲ့ အခါ ရလာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ရေနဲ့ရောလိုက်တဲ့အခါမှာတော့ အက်စစ်အပျော့စားကိုရရှိပြီး မြေအောက်အနက် မီတာ ၈၀၀ ကနေ မီတာ ၂၀၀၀ ကြား မီးတောင်ချော်ကျောက်တွေရှိတဲ့ နေရာအထိ ထိုးသွင်းလိုက်ပါတယ်။ အဲဒီလိုထိုးသွင်းပြီးလို့ နှစ်နှစ်လောက်ကြာသွားတဲ့အချိန်မှာတော့ မြေအောက်ရောက် သွားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ ၉၅ ရာခိုင်နှုန်းက ကျောက်သားအဖြစ်ကို ပြောင်းသွားပါတယ်။

စုဆောင်းရရှိတဲ့ပမာဏက လေတစ်ခါစုပ်ယူတိုင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့က သုညဒသမ ၀၄ ရာခိုင်နှုန်းပဲပါပြီး မြေအောက်ထဲထိုးသွင်းရတဲ့ အလုပ်ကခက်ခဲရှုပ်ထွေးပြီး စွမ်းအင်လည်းစားပါတယ်။ ဒါကြောင့်လည်း မြေအပူစွမ်းအင်ကို အများအပြားထုတ်လုပ်နိုင်တဲ့ အိုက်စလန်လိုနေရာမှာသာ ကုန်ကျစရိတ် အနည်းငယ်နည်းတာပါ။ တခြားနေရာတွေမှာတော့ စွမ်းအင်အတွက်ကုန်ကျစရိတ်များ ပါလိမ့်မယ်။ ဒါပေမဲ့ လည်း ဒီနည်းလမ်းဟာ လေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်ကိုလျှော့ချဖို့အတွက် အကောင်းဆုံး နည်းလမ်း လေးခုထဲက အဓိကကျတဲ့ နည်းလမ်းဖြစ်နေပါတယ်။

ဒါ့အပြင် ဒီလိုမျိုးကာဗွန်ဒိုင်အောက်ဆိုက်ကို ကျောက်သားအဖြစ်ပြောင်းလဲတာဟာ ဖန်လုံအိမ် ဓာတ်ငွေ့ တွေကို မြေကြီးအောက်ထဲမှာ နှစ်သန်းပေါင်းများစွာ ပိတ်ထားနိုင်တဲ့အတွက် သစ်ပင်တွေစိုက်ပြီး ကာဗွန် ဓာတ်ငွေ့စုပ်ယူတာထက်ပိုပြီး ရေရှည်ခံတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အကြောင်းရင်းကတော့ သစ်ပင်တွေကမှ အကြောင်း အမျိုးမျိုးကြောင့် ခုတ်ထွင်ရှင်းလင်း ခံရတာကြောင့်ပဲဖြစ်ဖြစ်၊ တောမီးလောင် တာကြောင့်ပဲဖြစ်ဖြစ် ပျက်စီးဆုံးရှုံးသွားနိုင်လို့ဖြစ်ပါတယ်။

အထက်မှာဆိုခဲ့တဲ့ အကြောင်းရင်းကိုဆက်ရရင် ဒီနည်းစနစ်ဟာ ကုန်ကျစရိတ်အလွန်များပါတယ်။ ဒီအတွက် ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တစ်တန်ကိုစုပ်ယူပြီး မြေကြီးအောက်ထဲထည့်ဖို့က အမေရိကန် ဒေါ်လာ ၂၀၀ အောက်ကုန်ကျမှသာ နည်းနည်းတွက်ခြေကိုက်ပါမယ်။

ဒီအတွက် အလှူရှင်တွေရဲ့ငွေကြေးထည့်ဝင်မှုနဲ့ ရပ်တည်မှသာ ရေရှည်ခံပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာ တော့ ငွေပေးချေမှုကုမ္ပဏီဖြစ်တဲ့ စထရိုက်က သူတို့အနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၃၂၂ တန်အတွက် တစ် တန် ကို ၇၇၅ ဒေါ်လာနှုန်းနဲ့ ကလိုင်းဝေါ့ကုမ္ပဏီကို လှူဒါန်းသွားမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ကမ္ဘာကျော်နည်းပညာကုမ္ပဏီဖြစ်တဲ့ မိုက်ခရိုဆော့ကုမ္ပဏီကလည်း ကာဗွန်ဓာတ်ငွေ့တန်ချိန် ၁၄၀၀ အတွက် ငွေကြေးစိုက်ထည့်ပေး သွားမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တစ်တန်ကို ဘယ်လောက်နှုန်းနဲ့ လဲဆိုတာ ကိုတော့ ကလိုင်းဝေါ့ကမပြောထားပါဘူး။

မိုက်ခရိုဆော့ကုမ္ပဏီဟာ ၂၀၃၀ ပြည့်နှစ်မှာ သူတို့တစ်နှစ်ထုတ်လွှတ်တဲ့ ကာဗွန်အရေအတွက် ထက်ပိုများတဲ့ ပမာဏကို စုပ်ယူပေးသွားမယ်လို့ကတိပြုထားပါတယ်။

၂၀၅၀ ပြည့်နှစ်အရောက်မှာတော့ ၁၉၇၅ ခုနှစ် သူတို့ကုမ္ပဏီတည်ထောင်ချိန်မှစပြီး အဲဒီအချိန်အထိ တိုက်ရိုက်အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်သော်လည်းကောင်း သူတို့ကြောင့်ထွက်ပေါ်ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့အားလုံးကို စုပ်ယူသွားဖို့ရည်မှန်းထားတာပါ။ ဒီအတွက်ကြောင့်လည်း မိုက်ခရိုဆော့ကုမ္ပဏီက ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူတဲ့ လုပ်ငန်းလုပ်သူတွေကို အကြီးအကျယ် ထောက်ပံ့ ပေးနေတာပါ။

လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ လေထဲကနေ  ကာဗွန်တိုက်ရိုက်ဖမ်းယူမှုစနစ် အသုံးပြုတဲ့စက်ရုံ ၁၅ လုံးသာရှိပါတယ်။ အဲဒီ ၁၅ လုံးကလည်း တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၉၀၀၀ သာစုပ်ယူနိုင်ပါတယ်။ တကယ်တမ်းတော့ ဒီပမာဏဟာ တစ်ကမ္ဘာလုံး တစ်နှစ်ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏနဲ့နှိုင်းယှဉ်ရင် အစွန်းထွက်မျှလောက်သာရှိတာပါ။

ဒီအတွက်ကြောင့် လေထဲကနေကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုဖမ်းယူပြီး တခြားနည်းနဲ့ ဖျက်ဆီးနိုင်မယ့် နည်းပညာ အသုံးပြုမှု အများအပြားလိုအပ်နေပါသေးတယ်။ လက်ရှိမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးဖြစ်တဲ့ စက်ရုံတွေ၊ နိုင်ငံတွေက အထက်မှာတင်ပြခဲ့သလို ကလိုင်းဝေါ့လိုမျိုး ကုမ္ပဏီတွေရဲ့ လုပ်ငန်းမှာ များစွာပြန်လည် ထည့်ဝင်သင့်ပါတယ်။

နောက်တစ်ချက်က လိုအပ်တဲ့စွမ်းအင်အတွက် ဇီဝလောင်စာတွေ၊ ရုပ်ကြွင်းလောင်စာတွေအသုံးပြုမှုကို တတ်နိုင်သမျှလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးပြုမယ်ဆိုရင် တစ်ဖက်က  ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကျဆင်းသွားပါလိမ့်မယ်။

တစ်ဖက်ကလည်း ကာဗွန်ဓာတ်ငွေ့တွေကိုတိုးမြှင့်စုပ်ယူမယ်။ တစ်ဖက်ကလည်း ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချမယ်ဆိုရင် ယနေ့ကမ္ဘာကြီးဟာ သိပ်မဝေးတော့တဲ့အချိန်မှာ ရာသီဥတုတွေ ပြန်လည် ကောင်းမွန်လာပြီး လူ့သက်တမ်းတွေလည်းရှည်လာမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Source: TST