ငယ်ဘဝ

ယမန်နေ့မှအဆက်

သင်္ကြန်ကျတော့မည်။ ၁၃၀၂-ခု တန်ခူးလပြည့်ကျော် ၂ ရက်။ ၁၉၄၁-ခု ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့မနက် ၁၀ နာရီအချိန်တွင်    ကိုချစ်စိန်မစောရှင်တို့၏ ရင်သွေးလေးကို မွေးဖွားလိုက်ပါသည်။

“ယောကျ်ားလေးဟဲ့...ဟန်ကျလိုက်တာ...ငါ့ဆန္ဒပြည့်ပြီ”

မြေးဦးယောကျ်ားလေးရ၍ ဒေါ်သိုင်းခြုံ၏ အပျော်သံတိုက်ထဲမှာ ညံနေသည်။ ခဏတွင်းမှာပင် ဝန်းသိုရွာသို့ သတင်းပို့ကြ၏။

ဆရာကြီးဦးဘိုသာနှင့် ဆရာကတော်ကြီးဒေါ်သောင်တို့ မြေးဦးယောကျ်ားလေးရ၍ ဝမ်းသာပျော်ရွှင်ကြပြန်သည်။

မြေးဦးလေး၏အမည်မှာ မောင်ငြိမ်းချမ်းဖြစ်ပါစေတည်။

တောသူဌေးသား  ကိုချစ်စိန် ကြော့ကြော့ကြွကြွလှလှပပ ဝတ်စားဆင်ယဉ်၍ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြသည်။ လက်ကြောတင်းအောင် လုပ်ခဲ့ရသည် ဟူ၍မရှိ။

အမေဖြစ်သူက တစ်ဦးတည်းသော သားကို ဖူးဖူးမှုတ်ထားသည်။ ဓာတ်စက်ဖွင့် သီချင်းနားထောင်လိုက် ဝတ်လိုက်စားလိုက် သွားလာလည်ပတ်လိုက်နှင့် အချိန်ကုန်ခဲ့သည်။ တော်သေးသည်က   အရက်သေစာ မသောက်စားတတ် ဆေးလိပ်ပင်မသောက်တတ်။

သားဦးရတော့ အသက်က ၁၈ နှစ်ရှိသေးသည်။

သို့သော် သားကိုမြင်တော့ ဖခင်စိတ်ဝင်လာသည်။

အမေချမ်းသာသည်ကို တစ်သက်လုံးမှီခိုနေ၍မဖြစ်။

ကိုယ်ပိုင်စီးပွားနှင့်ကိုယ်တိုင်ချမ်းသာချင်သည်။ မယားကိုဆင်ရမည်။ သားကိုပညာသင်ရမည်။ ရှင်ပြုရဦးမည်။ ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ရန် အိမ်ခွဲနေမှဖြစ်တော့မည်။

အမေ့ကိုခွင့်တောင်းရပြီ။ အမေက မခွဲစေချင် အတူနေချင်သည်။ သို့သော် သားဆန္ဒကိုလိုက်လျောပါ၏။

ရွာလယ်မှာ ဝိုင်းဝယ်ပေးသည်။ နှစ်ထပ်အိမ်တစ်လုံးဆောက်ပေးသည်။ လှည်းတစ်စီး   နွားတစ်ရှဉ်းနှင့် ထွန်ထယ်အပြည့်အစုံ ထူထောင်ပေးသည်။

လယ်တစ်သွယ်က မင်္ဂလာဆောင်မှာ လက်ဖွဲ့ပြီးသား ဆည်ရေသောက်လယ်။ မြောင်းမကြီးနှင့်ကပ်လျက်မို့ ရေနီး လယ်ကောင်း။ ယာကွက်ကလည်း ရွာနီးမြေကောင်း နှစ်စဉ်ရေဝင်၍ နုန်းတင်မြေ။ ကုလားပဲတစ်ရာကျော်ထွက် အကွက်ကြီးနှစ်ကွက်တွဲလျက်။

လက်ကြောမတင်းခဲ့သော သူဌေးသား၊ မယားကျွေးမှု သားကျွေးမှုအတွက် လယ်သမားဘဝကို ခံယူလိုက်သည်။ လုပ်ပြီဆိုတော့လည်း တစ်ရွာလုံးအံ့သြရ၏။

လုပ်နေကျလယ်သမားများပင် သူ့ကိုမမှီ။ အမေဖြစ်သူ သားကိုကြည့်၍ သနားနေသည်။

လုပ်ရသည်က လယ်တစ်မျိုးတည်းမဟုတ်။ လယ်ပြီးလျှင်ယာ။ ယာနားလျှင်လယ်။ ဤကြားထဲတွင် အိမ်ဝင်းအတွင်းမှာ ဆီဆုံတည်သည်။ ဆုံခဆုံကိုင်ခ ဆီစားဖို့ရသည်။ နွားနို့ဝယ်ထောပတ်ထိုး၍ အပိုဝင်ငွေရှာပြန်၏။ မောရမှန်းမသိ။ ပန်းရမှန်းမသိ။ မယားကို ကြည့်၍အမောပြေ၏။ သားကိုမြင်လျှင် အားတက်၏။

နှစ်ဖက်ဘိုးဘွားတို့က မြေးဦးမို့ အချစ်သည်းကြ၍ ကိုချစ်စိန် ဝန်းသိုရွာသို့လည်း မကြာခဏသွားရသည်။

လှည်းယဉ်ကြော့မှာ  မယားနှင့်သားကိုတင်၍ လိုက်ပို့ရ၏။

ယောက္ခမကြီး ဇနီးမောင်နှံမှာလည်း သမီးသမက်၊ မြေးတို့လာလျှင် ချက်ကြ၊ ပြုတ်ကြ၊ ကျွေးကြ၊ မွေးကြ ပျော်နေကြသည်။

ဤနည်းအားဖြင့် ပျော်ရွှင်စရာအိမ်ထောင်ဦးကာလမှာ ရွာနှစ်ရွာကူးရင်းသန်းရင်း နောက်မွေးသော သမီးလေးပင် သုံးနှစ်အရွယ်ရောက်လာပြီ။ သားအကြီးငါးနှစ်အရွယ် ဆရာကြီးဦးဘိုသာက မြေးကိုပညာသင်ချိန် အရွယ်ရောက်၍  ပညာသင်ရန် သူ့ကျောင်းသို့ပို့စေချင်ပြီ။ ဖခင်ဖြစ်သူက မသင်ချင်သေး။ သူ့သားငယ်သေးသည်ဟု ထင်သည်။

ထိုအချိန်မှာပင် နယ်ချဲ့အရင်းရှင်တို့၏ လောဘဇောကြောင့် မြန်မာနိုင်ငံတွင် စစ်မြေပြင်ဖြစ်လာခဲ့ရသည်။ အင်္ဂလိပ်တို့ ဆုတ်ခွာ၍   ဂျပန်များရောက်လာသည်။ လေယာဉ်သံများက ချောက်ချားစရာ ဗုံးချသံများက ကြောက်စရာ မြို့ပျက် ရွာပျက် လူများထွက်ပြေးကြရသည်။

“အင်္ဂလိပ်အခက်၊ မြန်မာအချက်”ဆိုသောစကားနှင့်အညီ စစ်ကြီးအတွက် အင်္ဂလိပ်များ အခက်ကြုံနေရခြင်းသည် မြန်မာတို့အတွက် လွတ်လပ်ရေးကြိုးပမ်းရန် အခွင့်ကောင်းဖြစ်သည်။

ဂျပန်များ   မြန်မာနိုင်ငံသို့ရောက်လာကြသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ  တိုက်ပွဲများဖြစ်ပေါ်လာသည်။ စစ်ကြောင့် သွားလာရေးတွေခက်ကုန်ပြီ။

စစ်ကြောင့် အစားအသောက်၊ အဝတ်အထည်အားလုံး ရှားပါးကုန်သည်။စစ်ကြောင့် ကျောင်းများပိတ်ထားရသည်။

ဤအကျပ်အတည်းကာလကို အခွင့်ကောင်းယူ၍ ကိုချစ်စိန်က စီးပွားရှာရန်ကြိုးစားသည်။ ယောက္ခမဖြစ်သူ ဆရာကြီး နှင့်အတူ ပြင်ဦးလွင်မြို့အထိ လှည်းဖြင့်သွား၍ လယ်ယာထွက်ကုန်ပစ္စည်းများ အရောင်းအဝယ်လုပ်သည်။         

ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချစ်