ထိုင်းအစိုးရက နိုင်ငံအတွင်းအရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို သက်တမ်းတိုးရန် စဉ်းစား

ထိုင်းအစိုးရအနေဖြင့် ဖြစ်လာနိုင်သည့် ဒုတိယအကျော့ဗိုင်းရပ်ကူးစက်မှုကို တားဆီးရန် ရည်ရွယ်၍ နိုင်ငံအတွင်း အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုကို စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးရန် စဉ်းစားနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌   ပြည်တွင်းဗိုင်းရပ်ကူးစက်မှု ကင်းစင်သည်မှာ သုံးလနီးပါးရှိလာပြီ ဖြစ်သည့်အတွက် ထိုအခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ် အခြေအနေကို သက်တမ်းတိုးရန် စဉ်းစားနေခြင်း ဖြစ်သည်။

အကယ်၍ အဆိုပါ သက်တမ်းတိုးမှုကို အစိုးရအဖွဲ့က အတည်ပြုလိုက်ပါက မတ်လမှစ၍ ငါးလဆက်တိုက် အရေးပေါ် အခြေအနေ  ချမှတ်မှုဖြစ်လာမည် ဖြစ်သည်။

ထိုကဲ့သို့အရေးပေါ်အခြေအနေ ထုတ်ပြန်မှုကြောင့်   အစိုးရအနေဖြင့်  ဌာနအသီးသီး၏ ထောက်ခံမှုများမလိုဘဲ အသွားအလာ ကန့်သတ်စောင့်ကြပ်မှုနှင့် ထိရောက်မှုရှိသည့် ရောဂါထိန်းချုပ်မှု အစီအစဉ်များကို ဆက်လက် အကောင်အထည် ဖော်ခွင့်ရရှိမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၌ ပြည်တွင်းကူးစက်မှု မရှိသည်မှာ သြဂုတ် ၁၉ ရက်အထိဆိုလျှင် ၈၆ ရက်ရှိပြီ ဖြစ်သော်လည်း ဗိုင်းရပ်ကူးစက်မှု ကင်းစင်သွားသည့် ဗီယက်နမ်နှင့် နယူးဇီလန်နိုင်ငံတို့၌ ဗိုင်းရပ်ကူးစက်မှုများ ပြန်လည်တွေ့ရှိ နေရသောကြောင့် ထိုင်းနိုင်ငံအတွင်း  အလားတူ ဗိုင်းရပ်ကူးစက်မှုများ ပြန်ဖြစ်မည်ကို တာဝန်ရှိသူများက စိုးရိမ်နေသည်။

အကယ်၍ ပြည်တွင်းဗိုင်းရပ်ကူးစက်မှု ပြန်ဖြစ်ပါက နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကျောင်းသားများ၏ ဆန္ဒပြမှုများကြောင့် ဗိုင်းရပ်ကူးစက်မှုကို မထိန်းချုပ်နိုင်မည်ကိုလည်း တာဝန်ရှိသူများက စိုးရိမ်နေကြောင်း သိရသည်။ 

Ref: Bloomberg