တရုတ်(တိုင်ပေ)အနီး အမေရိကန် စစ်သင်္ဘောဖြတ်သန်းမှု အလွန်အန္တရာယ်များ

တရုတ်နိုင်ငံပိုင် ဒေသတစ်ခုဖြစ်သော တရုတ်(တိုင်ပေ)အနီးမှ အမေရိကန်စစ်သင်္ဘောဖြတ်သန်းမှုသည် အလွန် အန္တရာယ်များကြောင်းနှင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများအပေါ် ဒုက္ခရောက်စေကြောင်း တရုတ်စစ်ဘက်က သြဂုတ် ၁၉ ရက်တွင် ပြောသည်။

အမေရိကန်၏ ပဲ့ထိန်ဒုံးကျည်တင်ဖျက်သင်္ဘောဖြစ်သည့်  မက်စတင်သည် သြဂုတ် ၁၈ ရက်တွင် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းသွားကြောင်းနှင့် ပုံမှန်လှည့်လည်သွားလာမှုသာ ဖြစ်ကြောင်း အမေရိကန်ရေတပ်ကပြောသည်။

သို့သော် စစ်သင်္ဘောမက်စတင်၏ သွားလာမှုကို လေတပ်နှင့်ရေတပ်တို့က နောက်ယောင်ခံလိုက်ကြည့်ကြောင်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်နယ်ဝန်း ဌာနချုပ်က ထုတ်ပြန်ထားသည်။

ထိုင်ဝမ်ရေလက်ကြားအတွင်း  ပြဿနာဖြစ်စေမည့် မည်သည့်လုပ်ရပ်မဆိုနှင့် စကားရပ်မဆိုသည် နှစ်နိုင်ငံကြားရှိ အခြေခံအကျဆုံးသော အကျိုးစီးပွားများနှင့် လိုက်လျောညီထွေမှု မရှိကြောင်း စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အမေရိကန်၏ လုပ်ရပ်သည် ထိုင်ဝမ်ရေလက်ကြားတစ်ဖက်တစ်ချက်စီရှိ တစ်နိုင်ငံတည်းသားများ၏ ချမ်းသာသုခကို ဆုတ်ယုတ်စေပြီး ဒေသတွင်းရှိငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စစ်မှန်သော ခြိမ်းခြောက်မှု ဖြစ်ကာ အလွန်အန္တရာယ်များကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးအတွက် အချိန်ပြည့်နိုးနိုးကြားကြား ရှိနေမည်ဖြစ်ကြောင်း စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

Ref: The Straits Times