တစ်ဖက်မှာရေကြီးပြီး တစ်ဖက်မှာဗိုင်းရပ်ကူးစက်မှု မြင့်တက်နေတဲ့အိန္ဒိယ

အိန္ဒိယနိုင်ငံဆိုတာ    ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး တစ်နိုင်ငံဖြစ်တဲ့အပြင် တောင်အာရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အဘက်ဘက်မှာ ကြီးမားများပြားတဲ့နည်းတူ သူတို့ကြုံတွေ့ရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး။ အဆိုးဆုံးကတော့ သဘာဝဘေးနဲ့ လူလုပ်ဘေးတို့ကြောင့် ဖြစ်ပါတယ်။

သဘာဝဘေးဆိုတာကတော့ တားဆီးလို့ မရနိုင်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှု၊ မြေပြိုမှု၊ မိုးခေါင်ရေရှားမှု စတာ

တွေဖြစ်ပါတယ်။

လူလုပ်ဘေးကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါလိုမျိုး လူတွေက တားဆီးနိုင်ပါသော်လည်း သတိမမူမှုမှ တစ်ဆင့်ဖြစ်ပွားတဲ့ ကပ်ဘေးတွေပါပဲ။

အခုလည်း အိန္ဒိယနိုင်ငံဟာ သဘာဝဘေးကော၊ လူလုပ်ဘေးကော နှစ်မျိုးစလုံးကို တစ်ချိန်တည်းမှာ   ရင်ဆိုင်ခံစားနေရပါတယ်။

သြဂုတ်  ၁၉ ရက်မှာဆိုရင်  မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နယူးဒေလီမြို့မှာ ကားလမ်း

တွေရေနစ်မြုပ်ပြီး ရုံးတက်၊ ရုံးဆင်းသမားတွေ၊ အလုပ်သမားတွေကို ဒုက္ခပင်လယ်ဝေသွားစေပါတယ်။

သူတို့တွေအနေနဲ့ ဒူးခေါင်းအထက်မြုပ်တဲ့ ရေထဲမှာ ရုန်းကန်သွားလာနေရသလို ကိုယ်ပိုင်ကားတွေနဲ့ ဘတ်စကားတွေ ဟာလည်း ရေလွှမ်းခံနေရပါတယ်။

ပုံမှန်အားဖြင့် ပူပြင်းခြောက်သွေ့လေ့ရှိတဲ့ ရာဂျက်စသန်ပြည်နယ်ရဲ့ ပြတိုက်တစ်ခုမှာဆိုရင် မှန်တွေကာရံထားတဲ့ နှစ်ပေါင်း ၂၃၀၀ ကျော်အီဂျစ်မံမီ အလောင်းတစ်ခု ပြသထားရာ ပြခန်းကို မှန်တွေရိုက်ခွဲပြီး မံမီအလောင်းကို  နေရာရွှေ့ လိုက်ရပါတယ်။ အကြောင်းရင်းကတော့ ပြတိုက်ရဲ့မြေညီထပ်ကို မိုးရေတွေ ဝင်လာပြီး ရေလွှမ်းမိုးလာတာကြောင့်ပါ။

နိုင်ငံအနောက်တောင်ပိုင်း  ကီရာလာပြည်နယ်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆက်စပ်ပြီး မြေပြိုမှုတစ်ခု ဖြစ်ပွားရာ သြဂုတ် ၁၉ ရက်အထိ သေဆုံးသူ ၆၁ ဦးရှိ လာပါပြီ။ ကိုးဦးကတော့ ပျောက်ဆုံးနေဆဲပါ။

အိန္ဒိယနိုင်ငံရဲ့အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ဘီဟာပြည်နယ်မှာဆိုရင် လူပေါင်းရှစ်သန်းလောက်ဟာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရပါတယ်။

ဒါပေမဲ့ အဲဒီဒေသမှာ ရေဘေးကယ်ဆယ်ရေး စခန်းတွေနည်းပါးမှုကြောင့် ရေဘေးသင့်ပြည်သူထောင်ပေါင်းများစွာဟာ   ရေကာတာတွေနဲ့ အဝေးပြေးလမ်းမတွေမှာ အိပ်စက်နေကြရတာပါ။

အလားတူပဲ   တောင်အာရှဒေသဝင် တစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် နိုင်ငံရဲ့ နယ်မြေဧရိယာ  ၄၀ ရာခိုင်နှုန်းဟာ ရေလွှမ်းမိုးခံနေရပါတယ်။ အများစုကတော့ ကျေးလက်ဒေသတွေ ဖြစ်ပါတယ်။ အဓိကကတော့ မြစ်ရေကြီးခြင်းနဲ့ မြစ်ကမ်းပါးတွေပြိုကျမှုကြောင့် ရေလွှမ်းမိုးရတာပါ။

ဒါကြောင့် အခုလိုရေကြီးမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းမှာတော့ ဒုတိယအဆိုးဆုံး ရေလွှမ်းမိုးမှုဖြစ်ပြီး လူပေါင်း ၂၂၆ ဦး

သေဆုံးကာ ခြောက်သန်းကျော် ရေဘေးသင့်ရပါတယ်။ သိန်းပေါင်းများစွာသောရွာသူ၊ ရွာသားတွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။

နီပေါနိုင်ငံမှာဆိုရင်လည်း   မုတ်သုံရာသီစတင်တဲ့ ဇွန်လလယ်မှစပြီး   ဒီနေ့အချိန်အထိ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် ၂၁၈  ဦးသေဆုံးကာ  ၆၉  ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

သြဂုတ် ၁၉ ရက် နံနက်ပိုင်းမှာ နိုင်ငံအနောက်ပိုင်းရှိဒေသတစ်ခုမှာ ရေနဲ့အတူမျောပါသွားမှုကြောင့်   လူခြောက်ဦးရဲ့ အလောင်းတွေကိုရရှိထားပြီး ၁၁ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

တောင်အာရှဒေသတစ်ခုလုံးမှာတော့ ဒီနှစ်မုတ်သုံရာသီအတွင်း သဘာဝဘေးအန္တရာယ်တွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃၀၀  နီးပါးရှိလာပါပြီ။  အဲဒီထဲကမှ သေဆုံးသူနဲ့ ပျောက်ဆုံးသူ အများဆုံးနိုင်ငံကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။

တစ်ဖက်မှာဆိုရင်လည်း  အိန္ဒိယနိုင်ငံဟာ  လူလုပ်ဘေးကြောင့် ကမ္ဘာပေါ်မှာ ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်နေပြန်ပါတယ်။ ကောင်းတဲ့နေရာမှာတော့မဟုတ်ပါဘူး။

ဗိုင်းရပ်ကူးစက်ခံရသူအများဆုံးနဲ့ သေဆုံးသူ အများဆုံးနေရာမှာပါ။

သြဂုတ် ၁၉ ရက်တစ်ရက်တည်းမှာပဲ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၆၄၅၃၁ ဦးရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်ကူးစက်ခံရသူ  စုစုပေါင်း ၂၇၈၆၉၉၉ ဦးရှိလာပါပြီ။

ဒါ့အပြင်  သြဂုတ်  ၁၉ ရက်မှာပဲ သေဆုံးသူဦးရေဟာ ၁၀၉၂ ဦးရှိတဲ့အတွက် သေဆုံးသူစုစုပေါင်း ၅၃၁၆၄ ဦးရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်ကူးစက်ခံရသူ တတိယမြောက် အများဆုံးနဲ့  သေဆုံးသူ စတုတ္ထအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံဟာ စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရပြန်ပါတယ်။     ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ဖို့ အတွက် စီးပွားရေးလုပ်ငန်းတွေကို  ပိတ်ထားရာကနေ ပြန်ဖွင့်ပေးလိုက်ချိန်မှာ ဗိုင်းရပ်ကူးစက်မှု မြင့်တက်လာတာဖြစ်ပြီး စီးပွားရေးကတော့ တိုးတက်မှု နှေးကွေးနေပါတယ်။

ကောက်ပဲသီးနှံ စိုက်ပျိုးမှုမှာဆိုရင်လည်း အခုဖြစ်ပွားတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေလွှမ်းမိုးမှုတွေကြောင့်   လယ်ယာမြေဧရိယာ အများအပြား ဆုံးရှုံးနေရပြန်ပါတယ်။

အခုဆိုရင် အိန္ဒိယအစိုးရဟာ တစ်ဖက်မှာလည်း ဗိုင်းရပ်ကူးစက်မှုလျှော့ချရေးကို ကြိုးပမ်းနေရသလို ကျန်တစ်ဖက်မှာလည်း သဘာဝဘေးကို အပြင်းထန်ဆုံး ခံစားနေရတာကြောင့်   စီးပွားရေးနာလန်ထူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမယ့် အနေအထား ရှိနေပါတယ်။   

 Ref: CNA, Xinhua