ဂျပန်ရေငုပ်သင်္ဘောတစ်စင်း ကုန်တင်သင်္ဘောနှင့် တိုက်မိ

တိုကျို၊ မတော်တဆမှု

ဂျပန်ရေတပ်မှ ရေငုပ်သင်္ဘောတစ်စင်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ကုန်တင် သင်္ဘောတစ်စင်းနှင့်  တိုက်မိ မှုဖြစ်ပွားရာ ရေငုပ်သင်္ဘောမှအမှုထမ်းသုံးဦး ဒဏ်ရာရရှိသည်။ အဆိုပါမတော်တဆမှုသည် ဂျပန်နိုင်ငံ အနောက်ပိုင်း ရှီကိုကူကျွန်းအလွန် ပစိဖိတ် သမုဒ္ဒရာအတွင်းဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အရှည် ၈၄ မီတာရှိသော ဆော်ယု အမည်ရှိဂျပန်ရေငုပ်သင်္ဘောသည် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၅၈ မိနစ် တွင် ရေပေါ်သို့တက်စဉ် ကုန်တင်သင်္ဘော ဝမ်းဗိုက်ကိုတိုက်မိခြင်းဖြစ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ကုန်တင်သင်္ဘောသည် အဆိုပါ မတော်တဆဖြစ်မှုတွင် မည်သို့မျှမခံစားရကြောင်းနှင့် မည်သည့် ပျက်စီးမှုမျှမရှိကြောင်း ထိုသင်္ဘောအမှုထမ်းများက ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကိုပြောသည်။ ထိုဖြစ်စဉ် အတွင်း ရေငုပ်သင်္ဘော၏ ရေဒီယိုလွှင့်စင်နှင့် အပေါ်ဘက်ရှိအစိတ် အပိုင်းအချို့မှာ အနည်းငယ်ထိခိုက်သွား သော်လည်း ခရီးဆက်သွားနိုင်ကြောင်း သိရသည်။

ရေငုပ်သင်္ဘောသည် ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်နေခြင်းဖြစ်ပြီး တိုက်မိမှုမဖြစ်မီ ပယ်ရီစကုပ်မှကြည့်စဉ် ကုန်တင်သင်္ဘောကိုတွေ့သော်လည်း အချိန်မီ မရှောင်တိမ်းလိုက်နိုင်ခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး  နိုဘူအိုကီရှီက ပြောသည်ဟု သိရသည်။

Ref: Xinhua