ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုက အေးခဲအစားအစာကွင်းဆက်ကြောင့်ဖြစ်နိုင်ဟုဆို

ဝူဟန်၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုသည် အေးခဲအစားအစာ ကွင်းဆက်ကြောင့်ဖြစ်နိုင်သည်ဟု တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ရောက်ရှိနေသော ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၉ ရက် တွင်ပြောသည်။

အဆိုပါစစ်ဆေးရေးအဖွဲ့သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါက မည်သည့်နေရာမှ အစပြု သည်ကို စုံစမ်းစစ်ဆေးရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

တစ်လနီးပါးကြာလုပ်ဆောင်ရသည့် အဆိုပါစစ်ဆေးမှုသည် လက်ရှိထွက်ပေါ်ပြီးသားဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုပုံစံကို ကြီးကြီးမားမား ပြောင်းလဲစေခြင်းမရှိကြောင်း သီးခြားလွတ်လပ်သော ပညာရှင် များဖြင့်ဖွဲ့စည်းထားသည့် အဆိုပါစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ပီတာဘန်အမ်ဘာရက်က ပြောသည်။

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော နိုဗယ်ကိုရိုနာဗိုင်းရပ်သည် အေးခဲသောပတ်ဝန်းကျင်တွင် ကောင်းစွာရှင်သန် နိုင်စွမ်းရှိသည်ကို ၎င်းတို့အနေဖြင့်သိရှိထားပြီးဖြစ်သော်လည်း  ထိုဗိုင်းရပ်က လူသားများသို့ကူးစက်နိုင်ခြင်းရှိ၊ မရှိဆိုသည်ကို အမှန်တကယ်မသိရှိရသေးကြောင်း ဒေါက်တာပီတာဘန်အမ်ဘာရက်က   သတင်းစာရှင်းလင်း ပွဲတွင်ပြောသည်။

ထို့ကြောင့် အေးခဲအသားတစ်မျိုးမျိုးက ဈေးထဲသို့ရောက်လာပြီးနောက် ရောဂါကူးစက်မှုကို အားပေးသော အခြေအနေမျိုးတွင်  လျင်မြန်စွာပျံ့နှံ့သွားခြင်း ဟုတ်၊ မဟုတ်ကို   ဆက်လက်ရှာဖွေရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 ထို့ပြင် နိုဗယ်ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှု စတင်သည့်ဇာစ်မြစ်ရှာဖွေမှုက လင်းနို့များကို ညွှန်ပြနေသော်လည်း ထိုလင်းနို့များမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှမဖြစ်နိုင်ကြောင်း၊  အလားတူ ထိုဗိုင်းရပ် စတင်ပျံ့နှံ့ရာနေရာသည် မည်သည့်နည်းနှင့်မျှ ဓာတ်ခွဲခန်းမှမဖြစ်နိုင်ကြောင်း ဒေါက်တာ ပီတာဘန် အမ်ဘာရက်က သတင်းစာရှင်းလင်းပွဲတွင်  အတိအလင်းပြောသည်။         

 Ref: TST