ဒဏ်ရာကြောင့် လေးပတ်နားရမည့် နေမာ ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲလွဲချော်မည်

ပီအက်စ်ဂျီ အသင်း၏  အရေးအကြီးဆုံး ကစားသမားဖြစ်သော   တိုက်စစ်မှူးနေမာ သည် ဖေဖော်ဝါရီ ၁၀ ရက်ညက ကိန်းအသင်း နှင့်ကစားခဲ့သည့်ပွဲစဉ်၌  ပေါင်ခြံဒဏ်ရာရရှိ ခဲ့သောကြောင့်  လေးပတ်အထိ  အနားယူ ရမည်ဖြစ်ရာ အသင်းဟောင်းဘာစီလိုနာနှင့် ဖေဖော်ဝါရီ ၁၆ ရက်ည ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အဝေးကွင်းပွဲစဉ် ကို လွဲချော်ရမည်ဖြစ်သည်။

နေမာသည်   ၂၀၁၄  ခုနှစ်နောက်ပိုင်း ယခုကဲ့သို့ကာလများတွင် ဒဏ်ရာရခြင်းနှင့် ပွဲပယ်ပြစ်ဒဏ်များကြောင့်  ကစားခွင့်မရခဲ့ သည့်အစဉ်အလာအတိုင်း ယခုလည်း ဒဏ်ရာ ထပ်ရခဲ့သဖြင့် စိတ်ပျက်စကားဆိုခဲ့သည်။

နေမာက   “ဝမ်းနည်းမှု၊  နာကျင်ရမှု၊ ငိုကြွေးရမှုတွေက ကြီးမားလှတယ်။ ဒဏ်ရာကြောင့် ခဏအနားယူရဦးမယ်။   ဘဝမှာ အချစ်ရဆုံးက    ဘောလုံးကစားတာဖြစ်ပြီး တစ်ခါတလေ   တော်တော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။  ကျွန်တော်ဘောလုံး ကစားတဲ့ဟန်က ဘောလုံးကို လိမ်ခေါက်ဆွဲပြေးတဲ့ ဟန်ဖြစ်တဲ့အတွက်    ဆက်တိုက်ဆိုသလို ပြစ်ဒဏ်ကျူးလွန်တာတွေ ခံရတယ်။ ကွင်းထဲမှာ  ကျွန်တော့်ရဲ့ကစားဟန်ကပဲ  ပြဿနာဖြစ်စေတာလား မသိတော့ဘူး”ဟု အင်စတာဂရမ်တွင် ရေးတင်ခဲ့သည်။        

Ref:BT