New START ကို အစားထိုးမည့် စာချုပ်မှန်သမျှ နှစ်နိုင်ငံကြား ဆွေးနွေးရမည်ဟု ရုရှားပြော

အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ရရှိထားသည့် လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်ဖြစ်သော New START ကို အစားထိုးမည့်စာချုပ်မှန်သမျှနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား ဆွေးနွေးရမည် ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရွိုင်ယက်နော့က ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် New START စာချုပ်ကို လိုက်နာရန် အသင့်မဖြစ်သေးပါက   ထိုစာချုပ်ကို အစားထိုးမည့် သဘောတူညီချက် အသစ်တစ်ခုရရှိရေးအတွက် အခွင့်အရေး အနည်းငယ်ရှိကြောင်း၊ အထူးသဖြင့် ဒုံးကျည်ကာကွယ်ရေး ပြဿနာကို အဓိကထား ဆွေးနွေးရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက  လက်နက်ထိန်းချုပ်ရေးသည် မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေမည် ဖြစ်ကြောင်း ဆာဂျီရွိုင်ယက်နော့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

လက်ရှိတွင် သက်တမ်းတိုးထားသည့် New START စာချုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စစ်ဆေးမှုများနှင့် အကြံပြုမှုများအတွက် အချိန်ဇယားတစ်ခု ရရှိရေး နှစ်နိုင်ငံကြား ဆွေးနွေးမှုများကို  စတင်နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အမေရိကန်အစိုးရအနေဖြင့်  New START စာချုပ်ပါအတိုင်း မှန်မှန်ကန်ကန် လိုက်နာနေသော်လည်း   အမြင့်ပျံပဲ့ထိန်း ဒုံးကျည်မှတ်တမ်းများနှင့် ပတ်သက်၍ ပြဿနာအနည်းငယ်ရှိနေသေးကြောင်း သိရသည်။

မဟာဗျူဟာမြောက်လက်နက်လျှော့ချရေး သဘောတူစာချုပ်ဖြစ်သည့် New START သည် ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီ ၅ ရက်တွင်စတင်အသက်ဝင်ခြင်း ဖြစ်သည်။

ထိုစာချုပ်၏ရည်ရွယ်ချက်မှာ အမေရိကန်နှင့် ရုရှားနိုင်ငံတို့၌ ရှိသော နျူကလီးယားလက်နက်များကို ခုနစ်နှစ်အတွင်း လျှော့ချသွားရန် ဖြစ်သည်။

အဆိုပါ စာချုပ်က သတ်မှတ်ထားသည့် လက်နက်အရေအတွက်မှာ တိုက်ချင်းပစ် အမြင့်ပျံဒုံးကျည်၊ ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သည့် အမြင့်ပျံဒုံးကျည်နှင့် အကြီးစားဗုံးကြဲလေယာဉ်များမှ ပစ်ခတ်နိုင်သည့် အမြင့်ပျံဒုံးကျည် စုစုပေါင်းအစင်း ၇၀၀၊ ဒုံးကျည်ထိပ်ဖူးအခု ၁၅၅၀  နှင့်  ဒုံးပစ်လွှတ်စင် ၈၀၀ တို့ဖြစ်ကြောင်း သိရသည်။

ထိုစာချုပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင်  သက်တမ်းကုန်သော်လည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ သက်တမ်းတိုးထားကြောင်း သိရသည်။

Ref: Sputnik