ကမ္ဘာပေါ်က အမြင့်ဆုံးသော ရုပ်တုများ

ရုပ်တုတွေဆိုတာကတော့ တစ်ဦးတစ်ယောက်ကို ကိုယ်စားပြုပြီး အထိမ်းအမှတ်အနေနဲ့ ဆောက်လုပ်တည်ထားကြတဲ့ အရာတွေဖြစ်ပါတယ်။ များသောအားဖြင့်တော့ သမိုင်းမှာထင်ရှား ကျော်ကြားခဲ့သူတွေ၊ ဘာသာရေးအရ ကိုးကွယ်ခံရသူတွေကို ရည်စူးပြီး ထုလုပ်ထားကြတာပါ။ ကမ္ဘာ့အမြင့်ဆုံးလို့ ဆိုရာမှာလည်း ရုပ်တုအောက်ခြေက ပလ’င်တော်တွေ၊ အထိုင်တွေရဲ့ အမြင့်မပါဘဲ ရုပ်တုကြီးသီးသန့်ကို တိုင်းတာထားတဲ့ အမြင့်တွေကိုသာ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အမြင့်ဆုံးသော ရုပ်တုစာရင်းထဲမှာတော့ ဘေးကနေ ဘယ်လိုအထောက်အကူမှမပါဘဲ ထီးတည်းမားမားမတ်မတ် ရပ်တည်နေတဲ့ ရုပ်တုတွေကိုသာ ဖော်ပြသွားမှာဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက ဗုဒ္ဓရုပ်ပွားတော်တွေလည်း အပါအဝင် ဖြစ်တာကို တွေ့ရမှာပါ။

 

စည်းလုံးညီညွတ်ခြင်းရုပ်တု

 

ဒီရုပ်တုကိုတော့ အိန္ဒိယနိုင်ငံမှာ တွေ့ရမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံးသော ပုံတူရုပ်တုအဖြစ် သတ်မှတ်ခံ ထားရပါတယ်။ ဘယ်သူ့ပုံလဲဆိုတော့  အိန္ဒိယနိုင်ငံလွတ်လပ်ရေး ရရှိရေးမှာ တစ်ထောင့်တစ်နေရာကနေ တက်ကြွစွာ ပါဝင်ခဲ့တဲ့အပြင် လွတ်လပ်ရေးရရှိပြီးချိန်မှာ   နိုင်ငံရဲ့ပထမဆုံး ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆာဒါးဘာလက်ဘိုင်ပါတဲရဲ့ပုံပဲ ဖြစ်ပါတယ်။

အဓိကအားဖြင့် သူက ပြည်ထောင်စု အိန္ဒိယနိုင်ငံကြီး ဖြစ်ပေါ်လာစေဖို့ နိုင်ငံအတွင်းရှိ အမျိုးမျိုး ကွဲပြားနေတဲ့ ပြည်နယ်နဲ့ ဒေသပေါင်း ၅၆၂ ခုကို စုစည်းနိုင်ခဲ့တဲ့သူပါ။ ရုပ်တုကြီးတည်ရှိရာ နေရာကတော့ ဂူဂျာရတ်ပြည်နယ် နာမဒါမြစ်ကမ်းနံဘေးမှာ ဖြစ်ပြီး ဆာဒါးဆာရိုဗာရေလှောင်တမံကို မျက်နှာမူထားတဲ့ပုံ ဖြစ်ပါတယ်။

အဓိကကျတဲ့အချက်ဖြစ်တဲ့   ကမ္ဘာ့အမြင့်ဆုံးရုပ်တုဖြစ်ရခြင်း အကြောင်းရင်းကတော့ အဲဒီရုပ်တုကြီးဟာ အမြင့် ၁၈၂ မီတာရှိလို့ပဲဖြစ်ပါတယ်။ ဒီရုပ်တုတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ကြေညာခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းကိုတော့ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့ပါတယ်။

ကုန်ကျစရိတ်စုစုပေါင်းကတော့ အိန္ဒိယရူပီး ၂၉၈၉ ကုဋေဖြစ်ကာ ဆာဒါးဘာလက်ဘိုင်ပါတဲရဲ့ ၁၄၃ နှစ်မြောက်မွေးနေ့ဖြစ်တဲ့  ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်မှာ လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဂုဏ်ယူဝင့်ကြွားစွာ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ရေပူစမ်းကျောင်းတော်ရှိ မဟာဗောဓိရုပ်ပွားတော်

 

ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ ရုပ်တုကတော့ တရုတ်နိုင်ငံ ဟေနန်ပြည်နယ် လူရှန်းစီရင်စု ရေပူစမ်း ကျောင်းတော်မှာရှိတဲ့ မဟာဗောဓိရုပ်ပွားတော်ပဲ ဖြစ်ပါတယ်။ အောက်ခံကြာပလ္လင်တော်မပါ အမြင့်ကတော့ ၁၂၈ မီတာရှိပြီး ကြာပလ္လင်ရဲ့ အမြင့်ကိုပါ ထည့်တွက်ရင်တော့ ၁၅၃ မီတာအထိ ရှိသွားမှာပါ။ ဒီအတွက်ကြောင့် မဟာဗောဓိရုပ်ပွားတော်ဟာ ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်အဖြစ် စာရင်းဝင်ပါတယ်။

ရုပ်ပွားတော်ကို စတင်တည်ဆောက်တာက ၁၉၉၇ ခုနှစ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာပြီးစီးကာ ကုန်ကျငွေက ရုပ်ပွားတော်တစ်ခုတည်း အတွက်ကို အမေရိကန်ဒေါ်လာ ၁၈ သန်းရှိပါတယ်။ ရုပ်ပွားတော်ကိုတော့ ကြေးပြားအချပ်ပေါင်း ၁၁၀၀ နဲ့ ဆက်စပ်တည်ဆောက်ထားတာ ဖြစ်ပြီး စုစုပေါင်း အလေးချိန်က တန် ၁၀၀၀ ရှိပါတယ်။ ရုပ်ပွားတော်ရဲ့အောက်ခြေမှာတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်ရှိပါတယ်။

ရေပူစမ်းကျောင်းတော်ဆိုတဲ့ အမည်ကတော့ သူ့ဘေးနားမှာရှိတဲ့ ထျန်းရွှေ့ရေပူစမ်းကို အစွဲပြုပြီး ခေါ်တာဖြစ်ပါတယ်။ အဲဒီရေပူစမ်းဟာ အပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ ရေတွေထွက်ရှိပြီး အနာရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်း စေတယ်လို့ နာမည်ကြီးပါတယ်။

 

လေးကျွန်းစကြာရုပ်ပွားတော်

 

မြန်မာနိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာ တစ်ခုဖြစ်တဲ့ လေးကျွန်းစကြာ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ကမ္ဘာပေါ်မှာ တတိယအမြင့်ဆုံး ရုပ်တုဖြစ်ပြီး ဒုတိယအမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ဖြစ်ပါတယ်။ ရုပ်ပွားတော်ချည်းသက်သက် ဉာဏ်တော်အမြင့်အားဖြင့် ၁၁၆ မီတာရှိပြီး အောက်ခံပလ္လင်တော်အမြင့်ကတော့ ၁၃ ဒသမ ၅ မီတာရှိပါတယ်။

တည်ရှိရာနေရာကတော့ မုံရွာမြို့အနီး ခတက္ကန်တောင်ရွာ ဇီးဖြူတောင်ပေါ်မှာဖြစ်ပြီး ရပ်တော်မူရုပ်ပွားတော်အဖြစ် တည်ရှိနေတာပါ။ ရုပ်ပွားတော် တည်ထားမှုကိုတော့ ၁၉၉၅ ခုနှစ် မေလ ၈ ရက်မှာ ပန္နက်တင်မင်္ဂလာနဲ့ သြဂုတ်လ ၈ ရက်မှာ အုတ်မြစ်စီမင်္ဂလာတို့ဖြင့် စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ သံဃာအပါး ၁၀၀၀ ဖြင့် ဗုဒ္ဓါဘိသေကာအနေကဇာတင်မင်္ဂလာပြုလုပ်ပြီး ရုပ်ပွားတော်ကိုအပူဇော်ခံ ဖွင့်လှစ်ခဲ့ပါတယ်။

လေးကျွန်းစကြာ ရုပ်ပွားတော်ကြီးဟာ ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်အဖြစ် လအနည်းငယ်ကြာ တည်ရှိခဲ့ရာမှ ရေပူစမ်းကျောင်းတော်ရှိ မဟာဗောဓိရုပ်ပွားတော်ကို ဖွင့်လှစ်နိုင်ပြီးနောက်မှာတော့ ကမ္ဘာ့ဒုတိယအမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ဖြစ်လာတာ ဖြစ်ပါတယ်။ ကမ္ဘာ့အံ့ချီးဖွယ်လေးကျွန်းစကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို စတင်တည်ထားသူကတော့ မဟာဗောဓိတစ်ထောင် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘန္ဒန္တ နာရဒမထေရ်ဖြစ်ပြီး ဆရာတော်ဘုရားက ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ထားမှုမပြီးစီးမီ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ်။

 

အုရှိခုဗုဒ္ဓရုပ်ပွားတော်

 

ဂျပန်နိုင်ငံ အီဘာရာခိစီရင်စု အုရှိခုမြို့မှာရှိတဲ့ အမိတာဘဗုဒ္ဓရုပ်ပွားတော်ကတော့ ကမ္ဘာ့စတုတ္ထအမြင့်ဆုံး ရုပ်တုဖြစ်ပါတယ်။ အမိတာဘဘွဲ့တော်ရှိတဲ့ ဘုရားကိုတော့ မဟာယာနနဲ့ ဝဇီရာယာန ဗုဒ္ဓဘာသာဝင်တွေက အဓိကထား ကိုးကွယ်ကြပါတယ်။ အထူးသဖြင့် မဟာယာနဂိုဏ်းခွဲ တစ်ခုဖြစ်တဲ့ ဗုဒ္ဓခေတ္တရာဂိုဏ်းက ပင်တိုင်ကိုးကွယ်တဲ့ဘုရား ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာ တည်ထားပြီးစီးခဲ့တဲ့ အုရှိခုဗုဒ္ဓရုပ်ပွားတော်ဟာ အမြင့်အားဖြင့် မီတာ ၁၀၀ ရှိပါတယ်။ အောက်ခံခုံနဲ့ ကြာပလ္လင်ကိုပါ ထည့်တွက်မယ်ဆိုရင်တော့ မီတာ ၁၂၀ ရှိပါတယ်။ ဒီရုပ်ပွားတော်ကြီးဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိတော့ ကမ္ဘာ့အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့တတိယအမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ဖြစ်လာခဲ့တာပါ။ ရုပ်ပွားတော်ကြီးကို တည်ထားရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ရှင်းဗုဒ္ဓဘာသာဂိုဏ်းကို တည်ထောင်တဲ့ ဘုန်းတော်ကြီး ရှင်းနန်ကို မွေးဖွားမှု အထိမ်းအမှတ်အဖြစ် တည်ထားတာဖြစ်ပါတယ်။