ပြန်လည်ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ကစားသမားငါးဦးအထိ လူစားလဲခွင့်ပြုရန် ဆုံးဖြတ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ခွင့်ပြုချက်ဖြင့် သြဂုတ် ၂၂ ရက်တွင် ပြန်လည်ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲ လက်ကျန်ပွဲစဉ်များတွင်  ပွဲချိန်အတွင်း ကစားသမား ငါးဦးအထိ လဲလှယ်ခွင့်ပြုရန် ဆုံးဖြတ်ထားကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် COVID-19 ရောဂါအခြေအနေကြောင့် ဘောလုံးဥပဒေတချို့ အသစ်ပြောင်းထား ပြီး   ဘောလုံးဥပဒေသစ်အရ  ယခုနှစ် ကုန်ပိုင်းအထိကျင်းပမည့် ဘောလုံးပြိုင်ပွဲများတွင် လူစားလဲခွင့် ငါးဦးအထိ ခွင့်ပြု ထားသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် သြဂုတ်  ၁၈  ရက်က  ကလပ်အသင်းနည်းပြချုပ်နှင့် ကစားသမားများပါဝင်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတွင် FIFA  မှ ပြောင်းလဲထားသည့်   ဘောလုံးဥပဒေသစ်များကို အသေးစိတ် ရှင်းလင်းခဲ့သည်။

“ပြန်ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ်တွေမှာ FIFA ရဲ့ စည်းမျဉ်းသစ်တွေကို ကျင့်သုံးသွားပါမယ်။ အသစ် ပြန်လည်ပြဋ္ဌာန်းထားတဲ့ FIFA ဥပဒေအရကျင်းပမယ့် ဘောလုံးပွဲတွေမှာ ကစားသမားငါးဦးအထိ  လဲလှယ်ခွင့်ပြု ထားပါတယ်။ ဒါကြောင့် မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ်တွေမှာလည်း  ဒီစည်းမျဉ်းကိုသုံးဖို့ ဆုံးဖြတ် ထားပါတယ်”ဟု ၎င်းကပြောသည်။

Covid-19  ရောဂါအခြေအနေကြောင့်  ပြိုင်ပွဲရပ်နားထားချိန်တွင် မြန်မာနေရှင် နယ်လိဂ်-၁   ပြိုင်ပွဲဝင်   ဇွဲကပင်ယူနိုက် တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ နုတ်ထွက်ခဲ့သဖြင့် လက်ကျန်ပွဲစဉ်များကို  ၁၀  သင်းဖြင့်သာ ဆက်လက် ကျင်းပမည်ဖြစ်သည်။

ထို့ကြောင့် ယင်းနှစ်သင်းနှင့် တွေ့ဆုံခဲ့သည့် ရလဒ်များကို  ပယ်ဖျက်ပြီး  အမှတ်ပေးဇယား    ပြန်လည်ထုတ်ပြန်ထားရာ ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၂၁ မှတ်ဖြင့် ဦးဆောင်ထားပြီး ဧရာဝတီ ယူနိုက်တက်အသင်းက ရမှတ်  ၁၇  မှတ်ဖြင့်  အဆင့် (၂)၊   ရန်ကုန်ယူနိုက်တက် အသင်းက  ရမှတ်  ၁၄  မှတ်ဖြင့် အဆင့် (၃)  နေရာ၌  ရပ်တည်နေကြောင်း  သိရ သည်။                              

ကိုရဲ