ကိုရိုနာဗိုင်းရပ်ဒုတိယလှိုင်းပြန်ဖြစ်နေသည့် စပိန်နှင့် ကာကွယ်ဆေးမဖြစ်မနေ လိုအပ်လာသည့် ကမ္ဘာမြေ

ကိုရိုနာဗိုင်းရပ် စတင်ပျံ့နှံ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍  ယခုအချိန်ထိ ကူးစက်မှုကျဆင်းမသွားဘဲ တစ်ကမ္ဘာလုံး၌ ကူးစက်သူအရေအတွက် ၂၂ သန်းကျော် သို့ရောက်ရှိလာပြီ ဖြစ်သည်။

ထိုအချိန်တွင် ဒုတိယလှိုင်း ပြန်လည်ရိုက်ခတ်ခံရသည့် နိုင်ငံများကလည်း မြေပြင်ထိန်းချုပ်နိုင်စွမ်း  ကုန်ဆုံးမည့်အနေ အထား ထပ်ရောက်လာကာ အဆိုးဆုံးက ဥရောပမှ စပိန်ဖြစ်သည်။ ဥရောပ၌ ကိုရိုနာဗိုင်းရပ်ပထမလှိုင်း အစောဆုံးရိုက်ခတ်ခံရသည့်နိုင်ငံမှာ  စပိန်ဖြစ်ပြီး အစိုးရအနေဖြင့် လုပ်နိုင်သည့်စွမ်းအား ကုန်ဆုံးသွားပြီ ဟုပင်  စပိန်ဝန်ကြီးချုပ်က   မတ်လက ကြေညာခဲ့သည်။

သို့သော်  ဇွန်လတွင်  ကူးစက်မှုများ သိသိသာသာလျော့ကျသွားပြီး ထိန်းချုပ် နိုင်သည့်အခြေအနေတစ်ခုကို ရောက်ရှိ လာကာ ကျောင်းနှင့်ပန်းခြံများပြန်ဖွင့်ပြီး နောက်ဆုံး  နယ်စပ်ကိုပင်   ပြန်ဖွင့်ပေးလိုက်၍    ခရီးသွားများလာရောက်ရန် ပြန်လည်ဆွဲဆောင်နိုင်ခဲ့သည်။

ယခုတော့ စပိန်တို့ ဒုတိယလှိုင်းရိုက်ခတ်မှုကို အပြင်းအထန်ခံနေရပြန်ကာ သုံးရက်အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ ၁၆၀၀၀ ကျော်ပင်ရှိလာသည်။ ထို့ကြောင့်  ပြီးခဲ့ သည့်နှစ်ပတ်အတွင်း ကူးစက်သူ စုစုပေါင်း  ၆၀၀၀၀  ကျော်သွားကာ မကြာမီ ပထမ လှိုင်းကဲ့သို့  မြေပြင်ထိန်းချုပ်နိုင်မှုအခြေအနေ  ကုန်ဆုံးမည့် အနေအထားဖြစ်လာပြန်သည်။

ထိုကြားထဲ စပိန်၌ ဆန္ဒပြမှုများကလည်း မြို့တော်မက်ဒရစ်အပြင် နေရာအများစု ၌ဖြစ်လာကာ ဗိုင်းရပ်များ ပိုမိုပေါက်ပွား လာမည်မှာ သေချာနေသည်။ အမေရိကန် ၌ ဗိုင်းရပ်ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရသည့်

အဓိကအချက်မှာ  လူမည်းများ၏အသက်သည်လည်း အရေးပါသည်ဟူသော BLM  လှုပ်ရှားမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ ၂၄ နာရီအတွင်း ဗိုင်းရပ်ကူးစက်မှုစံချိန်  ၅၀၀၀၀   ကျော်ဆိုသော  ပမာဏအထိ ချက်ချင်း ရောက်လာကာ ယခုစပိန်လည်း အမေရိကန်နည်းတူဖြစ်လာရန် အလားအလာများနေသည်။

မြို့တော် မက်ဒရစ်တစ်နေရာတည်း၌ လမ်းပေါ်ထွက်ဆန္ဒပြသူပေါင်း   ၃၀၀၀ နှင့်အထက်ရှိကာ ထိုအထဲမှ  အများစုက နှာခေါင်းစည်း မတပ်ဆင်ကြသကဲ့သို့ လူချင်းခပ်ခွာခွာနေရမည်ဆိုသော ခြောက်ပေခြား အကွာအဝေးကိုလည်း လိုက်နာမှုမရှိပေ။ ဗိုင်းရပ်ကို အခွင့်ကောင်းယူနေသည့် လက်ဝဲစွန်းအစိုးရ၊ အမှန်တကယ်မရှိသည့် ဗိုင်းရပ်၊ ဗိုင်းရပ်ကို  ကြောက်ရွံ့ခြင်းမရှိဆိုသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူအများစုက လက်ယာစွန်းဝါဒီများဖြစ်ကာ နိုင်ငံ၏သုံးပုံတစ်ပုံက  လမ်းပေါ်ထွက်၍ဆန္ဒပြရန်    အသင့်ဖြစ်နေကြသည်ဟုလည်း ကြွေးကြော်နေကြသည်။

စပိန်၌ ဗိုင်းရပ်ပထမလှိုင်းကြောင့် လူ ပေါင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့ရကာ အများစုက  သက်ကြီးရွယ်အိုများဖြစ်ပြီး  လက်ရှိအချိန်ထိ  ကူးစက်မှုစုစုပေါင်း ၃၅၉၀၈၂ အထိဖြစ်လာသည်။ ထို့ကြောင့် ဒုတိယလှိုင်းရောက်လာစဉ် စပိန်အစိုးရက တင်းကျပ်သည့်စည်းမျဉ်းများကို ထပ်ချကာ ကိုင်တွယ်ရန် ကြိုးစားသော်လည်း ယခုဆန္ဒပြမှုများကြောင့် မည်သည့်စည်းမျဉ်း ဥပဒေမှ   မသက်ရောက်သကဲ့သို့ဖြစ်နေသည်။ အလားတူ ဆန္ဒပြမှုများက ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့၌လည်း ဖြစ်လာကာ ဗိုင်းရပ်ကြောင့် အဆိုးရွားဆုံးကျဆင်းလာ သည်က  နိုင်ငံ့စီးပွားရေးဖြစ်သည်။

ဗြိတိန်ဆိုလျှင် နှစ်ပေါင်း ၃၀၀ အတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုဟုပင် ခေါင်းစဉ်တပ်ခဲ့ရကာ ယခု ဂျပန်၌လည်း နှစ်ပေါင်း   ၄၀  အတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုကို   ခံနေရသည်ဟု အစီရင်ခံစာများက ဖော်ပြသည်။ ပြည်ပ  ပို့ကုန်ကဏ္ဍထိခိုက်ခဲ့သည့်အတွက် ကမ္ဘာ့ နိုင်ငံအများစု  အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုဒဏ်ကိုခံနေရကာ     ဗိုင်းရပ် အကြောင်း  ကောင်းမွန်စွာ နားမလည်နိုင် သေးသည့်အတွက်လည်း   ကုသရေးမှာ အခက်ခဲဆုံးဖြစ်နေသည်။

လက်ရှိ  နိုင်ငံအနှံ့  ကာကွယ်ဆေး အမျိုးပေါင်း ၁၅၀ ကျော် စမ်းသပ်နေကြကာ   ရှေ့အရောက်ဆုံးဖြစ်လာသည်က အောက်စ်ဖို့တက္ကသိုလ်မှ ကာကွယ်ဆေး ဖြစ်သည်။ အမေရိကန်အစိုးရကလည်း ကာကွယ်ဆေးထုတ်ရန် ကြိုးစားနေသည့် ကုမ္ပဏီအများစုနှင့် စာချုပ်ကြိုတင်ချုပ်ဆိုကာ မှာယူထားပြီး ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ထုတ်နိုင်မည်ဟု  ယုံကြည်နေသည်။ အကယ်၍ ခန့်မှန်းထားသည့်အချိန်တွင် သာ  ကာကွယ်ဆေးမထုတ်နိုင်လျှင် နောက် ထပ် ဒုတိယလှိုင်းနှင့် ဗိုင်းရပ်ကူးစက်မှုက တွေးမကြည့်ရဲစရာပင်ဖြစ်သည်။

နေ့စဉ် ဗိုင်းရပ်ကူးစက်သူ ၄၀၀၀၀ ကျော်ဖြင့်ခရီးဆက်နေသည့် အမေရိကန်၌လည်း   ကျောင်းများပြန်ဖွင့်ခဲ့သည့် အတွက် ကူးစက်မှုများ  ဆက်လက်မြင့် တက်လာကာ ပုံမှန်စာသင်ကြားခြင်းစနစ် ကိုပင်   ပြောင်းလဲရန်အထိ ဖြစ်လာသည်။ ထို့ကြောင့် အစက ကျောင်းများပြန်ဖွင့်ရန် စီစဉ်ထားခဲ့သည့် စပိန်အစိုးရက စက်တင်ဘာလအထိ   ရွှေ့ဆိုင်း ထားလိုက်ရကာ ကလေးနှင့် လူငယ်များကြား ဗိုင်းရပ်ရောက် သွားမည်ကို အဓိက စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် ယခု  အရွယ်စုံဆန္ဒပြလာကြသည့် လူအများစုကြောင့် စပိန်အစိုးရအနေဖြင့်  အကြီးမားဆုံးစိန်ခေါ်မှုနှင့်ရင်ဆိုင် နေရကာ ဗြိတိန်၌လည်း   ဗိုင်းရပ်ဒုတိယလှိုင်းက တစ်ဖန်ခေါင်းပြန်ထောင်လာသည့်အတွက်  ဆေးရုံ၊ ဆေးခန်းများ  အသင့်အနေအထား  ပြင်ဆင်ထားရသည်အထိ ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ်   ဘောရစ်ဂျွန်ဆင်က    မည်သည့်နိုင်ငံသား ဖြစ်ဖြစ်  ဗြိတိန်သို့လာလျှင်  မဖြစ်မနေ ၁၄ ရက် Quarantine   ဝင်ရမည်ဟု  အမိန့်ထုတ် ထားကာ စပိန်တို့၏ ကိုရိုနာဗိုင်းရပ် ဒုတိယလှိုင်းအစကလည်း  ပြည်ပမှပြန်လာသူ များထံမှဖြစ်သည်။

သြစတြေးလျ၏စစ်တမ်းအရ လက်ရှိအဆိုးရွားဆုံး   ကူးစက်မှုဖြစ်နေသည့် ဗစ်တိုးရီးယားပြည်နယ်၏ ဗိုင်းရပ်ဒုတိယ လှိုင်းကိုသယ်ဆောင်လာသူ ၉၉ ရာခိုင်နှုန်း မှာ ပြည်ပမှပြန်လာသူများဟု  တရားဝင်ကြေညာထားကာ နယူးဇီလန်ဆိုလျှင်လည်း ဗိုင်းရပ်ကင်းစင်ပြီးနောက် ၁၀၂ ရက်ကြာမှ  ဒုတိယလှိုင်းကို ခံစားလာရသောကြောင့် ရွေးကောက်ပွဲကိုပင်   ရွှေ့ဆိုင်းလိုက်ရသည်။

ထို့ကြောင့် ဗိုင်းရပ်၏ ကူးစက်နိုင်စွမ်း အားက မူလတွေးထားခဲ့ကြသည့် ခြောက် ပေထက်ပင် သုံးဆပိုများကာ ၁၈ ပေခန့် အထိ သက်ရောက်နိုင်စွမ်းရှိသည်ဟု အမေရိကန်သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပြီး ပြန်လည်ကောင်းမွန် လာကြသူများမှာလည်း ခုခံနိုင်စွမ်းအား သုံးလအထိသာရှိသည်ဟု သုတေသနစစ်တမ်းများက ပြလာ ပြန်သောကြောင့်  ကာကွယ်ဆေး မဖြစ်မနေ လိုအပ်လာပြီး ကာကွယ်ဆေးရမည့်အချိန်သည် ထင်မှတ်ထားသည်ထက်ကြာပါက   သမိုင်းတစ်လျှောက် ကမ္ဘာ့စီးပွားရေး အဆိုးရွားဆုံးကျဆင်းမှုနှင့်   ပဋိပက္ခများလည်း   မထင်ထားသည့်အချိန်၊ မထင်ထားသည့် နေရာပေါင်းစုံမှ ရောက်လာနိုင်မည်ဖြစ်ပါကြောင်း    ရေးသားတင်ပြလိုက်ရပါသည်။    ။                     ရှိန်းထက်

Ref;CNN