အမေရိကန်နှင့် လွတ်လပ်စွာကုန်သွယ် ရေးသဘောတူညီချက် ချမှတ်နိုင်ရန် ဆွေးနွေးခြင်းမရှိကြောင်း အိန္ဒိယနိုင်ငံက ပြောကြားလိုက်သည်။
အိန္ဒိယအစိုးရအနေဖြင့် လက်ရှိတွင် ကုန်သွယ်မှုများကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးအတွက် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် ချမှတ်ရန် အမေရိကန်နှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း မရှိကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဟာဒစ်ဆင်းပူရီက အထက်လွှတ်တော် သို့ပြော ကြားခဲ့သည်။
အိန္ဒိယနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်ရေးနှင့်ကုန်သွယ်ရေးလုပ်ငန်း ကျယ်ပြန့်စွာလုပ် ဆောင်နိုင်ရန် လွတ်လပ်စွာကုန်သွယ် ရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည့် အလားအလာရှိကြောင်း ပြီးခဲ့သည့် နှစ်များအတွင်းက ပြောကြားခဲ့သည်။
သို့ရာတွင် စိုက်ပျိုးရေးထုတ်ကုန်များ နှင့်ဆေးဝါးများတင်ပို့ခြင်းအပေါ် အခွန် တိုးမြှင့်ကောက်ခံခြင်းကြောင့် ထွက်ပေါ် လာသည့်ကိစ္စရပ်များသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးတွင် အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ပြင် အိန္ဒိယကုန်သွယ်ရေးဝန်ကြီး နှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စား လှယ်တို့သည် ၂၀၁၉ ခုနှစ်မှစ၍ ဆွေးနွေး မှုနှစ်ကြိမ်ပြုလုပ်ထားပြီးဖြစ်သော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်စပ်လျဉ်း ၍ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းအပေါ် စိတ်ပျက်ဝမ်းနည်းမိကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကန်းနက်ဂျက် စတာက ပြီးခဲ့သည့်လ အတွင်း ပြောကြားသည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ သည် တရုတ်နိုင်ငံအပါအဝင် တခြား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအတွင်းသို့ လာရောက်လုပ်ဆောင်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ ကို ကြိုဆိုလျက်ရှိသည်။
အိန္ဒိယနှင့် အမေရိကန်တို့သည် ၎င်းတို့ကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၂၅ ခုနှစ် ခန့်တွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ အထိ တိုးမြှင့်နိုင်ရန် မျှော်မှန်းထားသည်။
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်သည့်အနေဖြင့် အိန္ဒိယနှင့်အမေရိကန်တို့ကြား ကုန်သွယ်ရေး သဘော တူညီချက် တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ချမှတ်နိုင်မည်ဟု အဆိုပါနှစ် အတွင်းက အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်လည်ပတ်ခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
သို့သော် ဒေါ်နယ်ထရမ့်သည် ယခု အခါ ရာထူးမှနုတ်ထွက်ခဲ့ရပြီဖြစ်သည့် အပြင် အမေရိကန်နှင့်အိန္ဒိယတို့ အနေဖြင့် ၎င်းတို့ကြား လက်ရှိဖြစ်ပွားနေသည့် တချို့ပို့ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းကို ဖြေရှင်းနိုင်မှသာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီ ချက်တစ်ရပ် ချမှတ်နိုင်မည့် အလားအလာ ရှိနေ သည်။
Ref: Sputnik