အစ္စရေးက တင့်များဖြင့် ဂါဇာကမ်းမြောင်ရှိ ဟားမက်တို့ကို ပစ်ခတ်တိုက်ခိုက်

ဟားမက်အဖွဲ့က ဂါဇာကမ်းမြောင်ဒေသ မှနေ၍ အစ္စရေးနိုင်ငံ အတွင်းသို့ မီးလောင် မိုးပျံပူဖောင်းများ လွှတ်တင် နေခြင်းကြောင့်  ထိုဒေသရှိဟားမက်အဖွဲ့ကို အစ္စရေးဘက်က တင့်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း အစ္စရေး စစ်ဘက်က သြဂုတ် ၂၀ ရက်တွင် ပြောသည်။

သီတင်းပတ်နှစ်ပတ်ကျော် ကြာနေပြီဖြစ်သည့် အဆိုပါ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ အဆုံးသတ်စေရန် အီဂျစ်နိုင်ငံက ကြားဝင်ကြိုးပမ်းနေသည့်ကြားမှ ယခုကဲ့သို့ တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းဖြစ်သည်။

အစ္စရေးဘက်က တင့်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်     ဂါဇာကမ်းမြောင် အလယ်ရှိ  ဟားမက်အဖွဲ့၏  အကဲကြည့် စခန်းများနှင့်  ခန်ယူနစ်မြို့တို့ကို  ထိမှန်ကြောင်း ဂါဇာလုံခြုံရေး တာဝန်ရှိသူများက ပြောသည်။

အစ္စရေးအစိုးရသည် ဂါဇာဘက်မှ မီးလောင်မိုးပျံပူဖောင်းများ   လွှတ်တင်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းလွန်  ၌ ငါးဖမ်းခြင်းကို တားမြစ်ပြီး ကီရမ်ရှာလွန် ကုန်စည်တင်ပို့မှု ဂိတ်ကိုပိတ်သည့်အပြင် ဂါဇာဒေသ၏ တစ်ခုတည်းသော ဓာတ်အား ပေးစက်ရုံသို့  လောင်စာများပေးပို့မှုကို ဖြတ်တောက်လိုက်ကြောင်းသိရသည်။

Ref: The Straits Times