တိုကျိုမြို့ရှိဘားတစ်ခုက တစ်ကိုယ်ရေသုံးအုပ်ဆောင်းများ အသုံးပြုပြီး ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်

ဂျပန်နိုင်ငံတိုကျိုမြို့၏ လူကုံထံအရပ်ဖြစ်သော ဂင်ဇာအရပ်ရှိဘားတစ်ခုက   နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ရန် တစ်ကိုယ်ရေသုံးအုပ်ဆောင်းများကို အသုံးပြုထားကြောင်း သိရသည်။

စားသုံးသူများအနေဖြင့် ဗိုင်းရပ်ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် အသွားအလာနည်းပါးနေစဉ် ဂျက်လောင့် အန်ကောင်တာဘားက    ယခုကဲ့သို့ ဗိုင်းရပ်ကူးစက်မှုကာကွယ်ရေး ပုံစံတစ်မျိုးဖြင့် စားသုံးသူများကို ပြန်လည် ဆွဲဆောင်ခြင်း ဖြစ်သည်။

အကြည်ရောင်အုပ်ဆောင်းများကို ဘား၏မျက်နှာကြက်တွင် ချိတ်ဆွဲထားခြင်းဖြစ်ပြီး စားသုံးသူ၏ ဦးခေါင်းနှင့်ပခုံးများကို အုပ်ထားခြင်းဖြစ်သည့်အတွက် စားသုံးသူများ အချင်းချင်းကြားသော်လည်းကောင်း၊ စားသုံးသူများနှင့်   စားပွဲထိုးများ ကြားသော်လည်းကောင်း အကာအကွယ်အဟန့်အတား တစ်ခုအဖြစ် တည်ရှိနေသည်။

အဆိုပါဘားသည် ဇွန်လနှောင်းပိုင်းတွင် ပြန်ဖွင့်ခွင့်ရသော်လည်း စားသုံးသူအဝင်နည်းနေသည့်အတွက် စားသုံးသူများအနေဖြင့် ဗိုင်းရပ်ကူးစက်မှု အန္တရာယ်စိုးရိမ်စရာမလိုဘဲ   ဘားသို့လာနိုင်စေရန်  ယခုကဲ့သို့စီစဉ်ခြင်း ဖြစ်သည်။

ဘားသို့လာသည့် စားသုံးသူများအနေဖြင့် ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေရှိ၊ မရှိအတိအကျ မပြောနိုင်သော်လည်း ယခုကဲ့သို့အုပ်ဆောင်းများ အသုံးပြုခြင်းကြောင့် စိတ်ချလက်ချ ဝန်ဆောင်မှုပေးနိုင်ကြောင်း     ဘားမှဝန်ထမ်းတစ်ဦးက ပြောသည်ဟု သိရသည်။

Ref: CNA