ငယ်ဘဝ

ယမန်နေ့မှအဆက်

 စစ်ကာလအတွင်းမှာ လေယာဉ်များ ဗုံးကြဲနေသည်။ စက်သေနတ်ဖြင့် မည်းမည်းမြင်ရာ ပစ်နေသည်။ မြေပြင်မှာလည်း ဂျပန်တပ်များနှင့် အင်္ဂလိပ်တပ်များ ပစ်ခတ်တိုက်ခိုက်နေကြသည်။ ဂျပန်တို့ကလည်း ယောကျ်ားတွေ့သမျှ ချွေးတပ်ဆွဲနေကြသည်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသကဲ့သို့ လူဆိုးဓားပြတွေကလည်း နေရာတိုင်းမှာ အခွင့်သာသလို သောင်းကျန်းနေကြသည်။

ရွာမှာကျန်ရစ်သူ မိသားစုများသည် ပြန်လာမည့် ရက်ကိုစိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြရ၏။ ဆရာကြီးရော ကိုချစ်စိန်ပါ ကံကောင်းထောက်မစွာ ဘေးမသီရန်မခ မိသားစုများရှိရာ ရွာသို့  ပြန်ရောက်လာကြသည်။

သို့သော် နှစ်ယောက်စလုံး ငှက်ဖျားရောဂါရလာကြသည်။ ရွာပြန်ရောက်ချိန်မှစ၍ နှစ်ယောက်စလုံး အိပ်ရာထဲမှာ လဲနေကြသည်။ ဆရာကြီးဦးဘိုးသာက သူ့မိသားစုရှိရာ ဝန်းသိုရွာမှာ၊ သမက်ကိုချစ်စိန်က သူ့မိသားစုရှိရာ ထန်းတောရွာမှာ။

စစ်အတွင်းမို့ ဆေးဝါးကမပြည့်စုံ။ ကောင်းစွာကုသနိုင်ခြင်းလည်း မရှိ။ ကြာလေ အင်အားချည့်နဲ့လေ ဖြစ်လာသည်။ အဖျားကလည်းမပျောက်။

ဆရာကြီးကလည်း သမက်ကို သွားမကြည့်နိုင်။ သမက်ကလည်းဆရာကြီးကို မကူညီနိုင်။ သူသေမည်လား ကိုယ်သေမည်လား အပြန်အလှန် စိုးရိမ်နေကြရသည်။

ထန်းတောရွာတွင်ရှိနေသော မစောရှင်မှာ လင်အတွက် စိုးရိမ်ရ။ ဝန်းသိုရွာမှာ ဖျားနေသော ဖခင်ကြီးအတွက် စိတ်ပူရနှင့်   သောကကြီးစွာ ဖြစ်ရသည်။ ထိုနည်းတူပင် ဝန်းသိုရွာမှ ဆရာကတော်ကြီး ဒေါ်သောင်မှာလည်း ခင်ပွန်းဖြစ်သူဆရာကြီးကို ပြုစုရင်း ထန်းတောရွာမှာ မကျန်းမမာဖြစ်နေသော သမက်အတွက် စိုးရိမ်သောက ဖြစ်နေရသည်။

ညတစ်ည

ညဉ့်နက် သန်းခေါင်ကျော် ၂ နာရီခန့်တွင် လှည်းတစ်စီး မောင်းလာသံကြားရသည်။ စစ်မက်ကာလအတွင်း ညအချိန်မတော် ကြားနေရသော လှည်းသံကို ဆရာကတော်ကြီး ဒေါ်သောင် သံသယဖြစ်မိသည်။

''ဖွဟဲ့...လွဲပါစေ...ဖယ်ပါစေ''

ထိုလှည်းကို အိမ်ဆီသို့လာသော လှည်းမဖြစ်စေရန် ဆုတောင်းနေမိသည်။

အိမ်ကလမ်းဘေးမှာမို့ တဖြည်းဖြည်း နီးလာနေသော လှည်းသံကိုကြားနေရသည်။

''အိမ်ကိုကျော်သွားပါစေ...ခပ်မြန်မြန်လေး လွန်သွားပါစေ''

စိုးရိမ်ပူပန်စွာ ဆုတောင်းရပြန်သည်။

အိမ်နှင့်နီးလာလေ ရင်ခုန်ရင်မောရလေ

''ဆရာကြီး...ဆရာကြီး''

''ဆရာကတော်''

ဆုတောင်းမပြည့်ပါ။ လှည်းကအိမ်ဘေးမှာ ရပ်ခေါ်နေပြီ။

ဆရာကြီးရော ဆရာကတော်ကြီးပါ အိပ်ရာမှနိုးနေကြ၍ ခေါ်သံကို ကြားနေရပါသည်။

''ဟေ...ဘယ်သူတွေလဲဟဲ့''

ဆရာကတော်ကြီး ဒေါ်သောင်ကအသံပြုသည်။

''ကျွန်တော်တို့ပါ.. ထန်းတောရွာက ညွန့်မောင်တို့ပါ''

''ဟဲ့ မောင်ညွန့်မောင် ညဉ့်နက်မှ ဘာကိစ္စလဲ''

''မောင်ချစ်စိန်ဆုံးပြီ''

တုန်လှုပ်ချောက်ချားစရာနှင့် ဝမ်းနည်းကြေကွဲရစရာ။

x  x  x  x  x

ဝန်းသိုရွာ

လင်တစ်မျက်နှာတစ်ရွာထင်၍ ထန်းတောရွာသို့ လိုက်ပါသွားသော မစောရှင်ခမျာ ငယ်ငယ်ရွယ်ရွယ်မှာပင် လင်က ကွယ်လွန်သွားလေပြီ။

ပျော်စရာကောင်းခဲ့သော အိမ်ထောင်မိသားစုဘဝလေးမှာ ဘာမျှမကြာ။ တဒင်္ဂတစ်ခဏသာ အိပ်မက်ပမာဖြစ်ခဲ့ရသည်။

အိပ်ရာမှနိုးသောအခါ ဝမ်းနည်းကြေကွဲစရာ။ ဘေးမှာ ကလေးငယ်နှစ်ယောက်။ ဝမ်းဗိုက်ထဲမှာ ကိုယ်ဝန်ဆောင်လျက်  ကလေးတစ်ယောက်။ ဘဝခရီးကိုမည်သို့ ဆက်လျှောက်ရမှန်းမသိ။ အားပျက်စရာ။ အားငယ်စရာ။

ယောက္ခမကြီးဒေါ်သိုင်းခြုံက ငါ့သမီးဘာမှမပူနဲ့။

အမေခြုံနဲ့အတူနေ၊ အမေကျွေးထားမယ်ဟု အားပေးသည်။

သို့သော် မစောရှင်မနေချင်။ ဤအိမ်ဤဝန်းကျင်ကို မြင်နေရသည်မှာ လွမ်းဆွတ်ကြေကွဲစရာ။ ပျော်စရာ ကောင်းခဲ့သော ရွာကလေးသည် ခုတော့ဝမ်းနည်းပူဆွေးစရာ။

မိဘများရှိရာ ဝန်းသိုရွာသို့ ကလေးနှစ်ယောက်နှင့် အတူပြန်လာ၍ မိဘအရိပ်ကို ခိုရ၏။

မောင်ငြိမ်းချမ်း ထန်းတောရွာမှာ မွေးသော်လည်း  ဝန်းသိုရွာမှာ နေထိုင်ကြီးပြင်းရ၏။ ဝန်းသိုရွာရောက်၍ ပြေးလွှားဆော့ကစားနိုင်သော ကလေးအရွယ်တွင် အဖေကြီး၏ ခြံဝင်းကျယ်မှာ အဆင်သင့်ဖြစ်နေသည်။

အဖေကြီး၏ခြံကြီးသည် ဝန်းသိုရွာ၏ တောင်ဘက်စွန်းတွင်ရှိ၍ အုန်းပင်များစွာ ပေါက်ရောက်နေသော အုန်းခြံကြီးဖြစ်သည်။ ခြံ၏ အရှေ့ဘက်အခြမ်းမှာ ငှက်ပျောပင်၊ သရက်ပင်၊ သပြေပင်၊ မာလကာပင်၊ တလဲပင်၊ သြဇာပင်၊ စားပင်သီးပင်များစွာစိုက်ထား

သည်။ အုန်းနှဲပင်၊ ကုက္ကိုပင်၊ ညောင်ပင်၊ မန်ကျည်းပင် အရိပ်ရပင်ကြီးများကလည်း အုပ်ဆိုင်းနေ၏။

ထိုခြံဥယျာဉ်ကြီးထဲမှာပင် အဖေကြီး၏ မူလတန်းကျောင်းလေး ရှိသည်။ နှစ်ထပ်အဆောက်အအုံဖြစ်၍ အပေါ်ထပ်မှာ စာသင်ရသည်။ အောက်ထပ်မှာ မိုးရာသီတွင် ရေဝင်၍ စာမသင်ရ။

ကျောင်းဝန်းကျင်မှာ ဇွန်ရုံ၊ စံပယ်ရုံ၊ နွယ်သာကီပန်းရုံ၊ ခေါင်ရန်းပန်းရုံများနှင့် သာယာလှသည်။

  ဆက်လက်ဖော်ပြပါမည်။