ကရုဏာကမ္ဘာ ထာဝရအဓွန့်ရှည် တည်တံ့ပါစေ

ကရုဏာကမ္ဘာအတွင်းက သံသရာငြိမ်းအေး စေတီတော် နေပြည်တော်မှ ရန်ကုန်သို့ ပြန်သည့်အခါပဲဖြစ်ဖြစ်၊ ရန်ကုန်မှနေပြည်တော်သို့ လာသည့်အခါပဲဖြစ်ဖြစ် ကျွန်တော်မမေ့မလျော့  လုပ်ဆောင်တတ်သော၊ တစ်နည်းပြောရလျှင် မပျက်မကွက် လုပ်သောအလေ့တစ်ခုရှိသည်။ ဤသည်မှာ လမ်းတစ်လျှောက် တည်ရှိနေသော စေတီအဆူဆူ၊ ရုပ်ပွားတော်အဆူဆူ တို့ကို ကားပေါ်မှလှမ်းမျှော်၍ ရှိခိုးဦးတင်ကန်တော့ခြင်းပင်ဖြစ်၏။ ထိုသောအခါ နေပြည်တော်မှ ထွက်လျှင်ထွက်ချင်း  ပထမဆုံး  လက်အုပ်ချီမိုးရှိခိုးခဲ့ရသော စေတီတော်မှာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာအတွင်းတွင် တင့်တယ်သပ္ပာယ်စွာ စံနေတော်မူသော သံသရာ ငြိမ်းအေးစေတီတော် ပါပေတည်း။ ထိုမှဆက်လက်၍ ၁၉၆/၇ မိုင်တွင် စေတီနှစ်ဆူ၊ ၁၉၅/၅ မိုင်၊ ၁၈၉/၆ မိုင်တို့တွင် စေတီတစ်ဆူစီ ဖူးမြော်ခဲ့ပြီးနောက် ၁၈၅/၅ မိုင်အရောက်တွင်မူ ဘယ်ဘက်တောင်တစ်ကြောရှိ သမိုင်းဝင် အင်ကြင်းမြိုင် ယက္ကန်းစင်တောင် ဘုရားများအပါအဝင် စေတီအဆူဆူတို့ကို ကြည်နူးစွာ ဖူးမြော်ဖြစ်ခဲ့သည်။ ဆိုရသော် နေပြည်တော်မှ ရန်ကုန် Toll Gateထိပ်နားက သမ္ဗုဒ္ဓေအန္တရာယ်ကင်း စေတီတော်ကိုဖူးပြီးသည်အထိ လမ်းခရီးတစ်လျှောက်မှာ စေတီဘုရားအဆူပေါင်း ၄ဝ ကျော် ၅ဝ နီးပါးရှိနေပါသည်။ ဘွဲ့အမည်နှင့်တကွ အထင်အရှား မှတ်သားမိသော ဘုရားစေတီများမှာ ၁၅၁/၆ မိုင်မှ ရွှေသိမ်တော်မြတ် (အကျွတ်အလွတ်စေတီ)၊ ၁၄၈/၇ မိုင်တွင် လောကဓာတ်ဘုရားကြီး၊ ၁၁၉/၇ မိုင်၌ ပီယသိဒ္ဓိစေတီတော်(ကျားမြူးတောင်)၊ ၁၁၈/ဝ မိုင်ရှိ ဇေယျမုနိစေတီ၊ ၆၁/၂ မိုင်တွင် ပြည်လုံးအေးချမ်းသာရုပ်ပွားတော်ကြီး၊ ၁၅/၇ မိုင်သို့အရောက် အောင်သုခအေး ရွှေပြည်အေး ဘုရားကြီး စသည်..စသည်တို့ဖြစ်ကြသည်။

အမြန်လမ်းမကြီးတစ်လျှောက် ကားမောင်းရာတွင် ဘုရားဖူးခြင်းနှင့် အစပြု၍ ဘုရားဖူးခြင်းဖြင့် ခရီးစဉ်ကို ဆုံးစေကာ စိတ်အာရုံပျံ့လွင့်မှု မဖြစ်စေဘဲ လိုရာခရီးကို ဘေးအန္တရာယ်ကင်းစွာ ချောချောမောမော ရောက်စေခဲ့သည်။ ထို့ပြင် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာဝင်း အတွင်းက ထုံးသင်္ကန်းဖွေးဖွေးနှင့် သံသရာငြိမ်းအေး စေတီကို အသွား၊အပြန် ဖူးမြော်မိစဉ်ခဏ လောကီကောင်းကျိုးအတွက်  မိမိတတ်စွမ်းသမျှသယ်ပိုးထမ်းရွက်ခဲ့ပြီးပြီ၊ ထမ်းရွက်ဆဲလည်းဖြစ်သည်။

ကျန်သော အသက်အပိုင်းအခြားမှာ လောကုတ္တရာ အကျိုးအတွက် မျှော်ကိုးဆောင်ရွက်ပြီးနောက် တစ်ဘဝသံသရာ ငြိမ်းအေးအောင် ကျင့်ကြံအားထုတ်သွားရဦးမှာပါကလား ဆိုသည့် အသိနှင့်သတိကို ရရှိစေခဲ့သည်မှာ အမှန်ပင်ဖြစ်၏။

ရွှေပြည်ငြိမ်းအေးကပ်ကျော်စေတီတော် ၂ဝ၁၆ ခုနှစ် ဇွန် ၆ ရက်မှာ ကျွန်တော့်ဇနီးဖြစ်သူ ဒေါ်လှိုင်လှိုင်မင်း ကွယ်လွန်ခဲ့သည်။ ၂ဝ၁၇ ခုနှစ် ဇွန် ၆ ရက်တွင် သူ့အတွက်ရည်စူးပြီး (၁)နှစ်ပြည့်အလှူကို နေပြည်တော် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ပေးခဲ့သည်။ သံဃာတော်များအား နေ့ဆွမ်းကပ်လှူပြီး ရိပ်သာမှအဘိုး၊အဘွား အားလုံးနှင့် နတလဝန်ထမ်းများကိုလည်း နေ့လယ်စာဖြင့် ဒါနပြုခဲ့သည်။ ထိုစဉ်က အလှူပြုလုပ်ခဲ့သည့် ဓမ္မာရုံကြီးမှထွက်၍ သံသရာငြိမ်းအေး စေတီကို စတင်ဖူးမြော်သည်။ ယင်းနောက် စနစ်တကျ ဆောက်လုပ်ထားသည့် အဘိုးဆောင်၊ အဘွားဆောင်များ၊ ဆောက်လုပ်ပြီးစနှင့် ဆောက်လုပ်ဆဲ စွန့်လွှတ်စွန့်စားသူတို့အတွက် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။ ယင်းနောက်ပိုင်း ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ  နှစ်လည်မဂ္ဂဇင်းအတွက် စာမူပေးပို့ရန် နှစ်ကြိမ်ရောက်ဖြစ်သေး၏။

ရုံးမှာစာမူပေး၊ စေတီကိုဦးချ၊ ဤမျှနှင့်ပြန်ခဲ့သည်ချည်းသာ။ ရိပ်သာအတွင်းမှာ ဘာတွေတိုးတက်ပြောင်းလဲနေပြီလဲဆိုတာ လိုက်မကြည့်ဖြစ်ခဲ့။ ယခု ၂ဝ၂ဝ ပြည့်နှစ် နှစ်လည်မဂ္ဂဇင်းအတွက်လည်း ရိပ်သာတာဝန်ခံ အရာရှိအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော အဘဦးသောင်းမြင့် (စစ်တက္ကသိုလ်အပတ်စဉ်-၄)၊ ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း)က စာမူတောင်းလာသည်။ အဝေးကနေ စိတ်ကူးရှိရာ ရေးပေးမည့်အစား တစ်ခဏလောက် ပြေးကြည့်လိုက်တာက ပိုကောင်းလိမ့်မည်ဆိုသော အတွေးဖြင့်  ဇူလိုင်လ ၆ ရက်နေ့က ရောက်သွားခဲ့သည်။ ဘိုးဘွားရိပ်သာထဲက အဆောက်အအုံ တော်တော်များများကို ကြီးကြပ်ဆောက်လုပ်ပေးနေသော ကျောင်းနေဖက်သူငယ်ချင်း ကိုဟန်ညွန့်နှင့် ညီတော်မောင် ဗိုလ်ကြီးဝေဖြိုးဟိန်း (ငြိမ်း)တို့လည်း ရှိနေသည်မို့ လိုက်လံကြည့်ရှုရတာ အဆင်ပြေပါသည်။

ဟိုအဝေးဆီက ရေကန်ဘေးမှာ တည်ထားသော ပြီးလုလုစေတီတစ်ဆူကို  လှမ်း၍ဖူးတွေ့ရသဖြင့် သူငယ်ချင်း ကိုဟန်ညွန့်အား ထိုနေရာသို့အရင်ပို့ပေးရန် အကူအညီတောင်းလိုက်၏။ ရွှေပြည်ငြိမ်းအေး ကပ်ကျော်စေတီတော်ဟု ဘွဲ့မည်ရပါသည်။ ဘုရားအလှူရှင်မှာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) (စစ်တက္ကသိုလ် အပတ်စဉ်-၁)ဖြစ်သည်။

မကြာမီရက်ပိုင်းအတွင်း ထီးတင်ပွဲပြုလုပ်ပါတော့မည်။

မူလက ရွှေပြည်ငြိမ်းအေး စေတီတော်ဟူ၍ဘွဲ့မည်ပေးရန်ဖြစ်သော်လည်း COVID-19 ရောဂါကပ်ဆိုးကြီး  ဝင်ရောက်လာသော ကာလနှင့်ကြုံကြိုက်နေ၍ ကျော်လွှားနိုင်ပြီး   ကောင်းကျိုးချမ်းသာ ရစေရန် ရည်ရွယ်ကာ ရွှေပြည်ငြိမ်းအေးကပ်ကျော် စေတီတော်ဟု

အမည်ပေးထားကြောင်း သိရသည်။

ဘိုးဘွားရိပ်သာ မူလပရိဝုဏ် အကျယ်အဝန်း ဧက ၄ဝ ကို မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့် လက်ထက်က ခွင့်ပြုချထားပေးခဲ့သည်။ ဝန်ထမ်းအိမ်ရာများနှင့် ထပ်တိုး အဆောက်အအုံများအတွက် လက်ရှိအစိုးရ (မြို့တော်ဝန်)ထံ ဧက ၂ဝ လျှောက်ထားခဲ့ရာ အခမဲ့ မရတော့ကြောင်း၊ တစ်ဧက သိန်း ၅ဝ ပေးသွင်းရကြောင်း၊ ယင်းမြေတန်ဖိုးကို ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးဗဟိုအဖွဲ့   နာယကတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထပ်တိုးမြေဧက ၂ဝ ကို အုတ်တံတိုင်း ကာရံပြီးရုံမျှမက ယင်းနေရာမှ စီးဆင်းလာသော လျှိုပိတ်ဆည်ကိုလည်း လှပစွာပြုပြင် တည်ဆောက်ထားသည်။   ယင်းလျှိုပိတ်ဆည်မှ ဖြစ်တည်လာသော အေးငြိမ်းသာယာ ရေကန်သာအလှူရှင်မှာ ဒေါက်တာနိုင်ထွန်းအောင်နှင့်ဇနီး ဒေါက်တာဝေဝေရင်တို့၏ ကွန်းခိုရာဖောင်ဒေးရှင်း မိသားစုဖြစ်သည်။ မူလရှိပြီး အေးချမ်းသာယာ ရေကန်သာ၏ ကန်ပတ်လမ်း အလှူရှင်မှာ ဦးတေဇ(Htoo Group of Companies) မိသားစုဖြစ်ပါသည်။ ရွှေပြည်ငြိမ်းအေးကပ်ကျော် စေတီတော်၏ ကွန်ကရစ်လမ်းနှင့် ကျောက်စီမြေထိန်း နံရံအလှူရှင်မှာ ဒေါ်နန်းထန်(ခ) ဒေါ်မေမိုးမြင့်၊ သားဖြစ်သူ ဦးမိုးစက်မုန်း (Paramount Inle Resort Co.,Ltd..)တို့ဖြစ်ကြသည်။ ဦးသန့်ဇင်အောင်နှင့် ဒေါ်အေးမြင့်ကြည် (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)မိသားစုတို့က ဘိုးဘွားရိပ်သာ အတွက် ကရုဏာသောက်ရေသန့်စက်   လှူဒါန်းထားကြောင်း တွေ့ရပါသည်။   ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်(ငြိမ်း)မိသားစုတို့က ဆောက်လုပ်လှူဒါန်းမည့် (ပေ ၁၆ဝ x ပေ ၃ဝ)တစ်ထပ် လူနာဆောင်ကလည်း   အချောသပ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးပါတော့မည်။ မင်းမဟော် စာကြည့်တိုက်ကိုလည်း စာအုပ်စာစောင်များ အပြည့်အစုံဖြင့် ၂ဝ၁၉ ခုနှစ် မေ ၂၂ ရက်တွင်  ဖွင့်လှစ်ပေးထားပြီး   ဖြစ်ပါသည်။

လက်ရှိဘိုးဘွား အင်အားစာရင်း

ကျွန်တော်ရောက်ရှိသွားချိန်မှာ အဘိုး ၁၃၆ ဦး၊ အဘွား ၅၇ ဦး စုစုပေါင်း ၁၉၃ ဦး တွေ့ရှိရပါသည်။

အဘိုးများကိုတော့ နှုတ်မဆက်တော့ဘဲ စံပယ်ဆောင်သို့ ခေတ္တဝင်ရောက်ပြီး အသက် ၈၈ နှစ်ရှိ အဘွားဒေါ်နန်းအေးအိမ်ကို ဂါရဝပြုခဲ့သည်။ ယင်းနောက် တပ်မတော်(ရေ)မှ အသက် ၈၅ နှစ်ရှိ ဗိုလ်မှူး ဒေါ်မြင့်မြင့်နှင့် အသက် ၈ဝ နှစ်ရှိ အရာခံဗိုလ် ဒေါ်ထွေးရီ၊ တပ်မတော် (လေ)မှ အသက် ၈၁ နှစ်ရှိ ဗိုလ်ကြီးဒေါ်ခင်ကျော့ တို့ကိုပါနှုတ်ဆက်ရင်း ကန်တော့ဖြစ်ခဲ့သည်။ ဗိုလ်မှူးဒေါ်မြင့်မြင့်(ငြိမ်း)သည် ကင်ဆာရောဂါ ဝေဒနာရှင်ဖြစ်သော်လည်း သေမင်းကိုအန်တု လာခဲ့သည်မှာ ၁ဝ နှစ်ကျော်လာပြီ ဖြစ်ကြောင်းသိရ၏။ အာဂ ကြည်း၊ ရေ၊ လေ အမေများ ပါပေတကား။

ကရုဏာကမ္ဘာအဓွန့်ရှည် တည်တံ့ပါစေ

စွန့်လွှတ်စွန့်စားသူများ ကွန်းခိုနိုင်ဖို့ရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ စွန့်လွှတ်စွန့်စားသူတို့ အေးငြိမ်းစွာ ကွန်းခိုနိုင်ဖို့ရာ အတွက် ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်(ငြိမ်း) ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီ အနေဖြင့်လည်း အတော်လေးကို စွန့်စွန့်စားစား ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အဘိုး၊အဘွားများနှင့် ဝန်ထမ်းများအတွက် လစဉ်သိန်း ၄၅ဝ ခန့်၊ တစ်နှစ် အသုံးစရိတ် သိန်း ၅ဝဝဝ လောက်ကုန်ကျနေသော ရိပ်သာကြီးဖြစ်ပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ နာယကအဖြစ် တာဝန်ယူထားကြသော စောင့်ရှောက်ရေး ဗဟိုအဖွဲ့က လိုအပ်ချက်များကို ဂရုတစိုက်ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ 

အသက်အရွယ် သတ်မှတ်ချက် ပြည့်မီသူများကို လက်ခံထားသည့်အပြင် အသက်မပြည့်သေးသော်လည်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူ  EA(1)၊ EA(2)စစ်သည်များ၊ တိုက်ပွဲကျဆုံး မိသားစုဝင်များကိုပါ စိစစ်လက်ခံ စောင့်ရှောက်ပေးထားကြောင်း တွေ့ရ၍ သူတို့နှင့် ထပ်တူကြည်နူး ဝမ်းသာဖြစ်ခဲ့ရပါသည်။

ရည်ရွယ်ချက်ကောင်းမွန်စွာ တည်ထောင်ဖွင့်လှစ်ခဲ့သော ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာကြီး အဓွန့်ရှည်စွာ ရပ်တည်ရှင်သန်နိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ကြရပါမည်။ အလှူရှင် စေတနာရှင်များလည်း လိုအပ်နေဆဲဖြစ်ပါသည်။ တပ်မတော်၏ သမိုင်းအစဉ်အလာကို ထဲထဲဝင်ဝင်သိရှိသူတိုင်း၊  တပ်မတော်၏ ကျေးဇူးသစ္စာကို နားလည်သူတိုင်း ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ဖို့ရာ ဝန်လေးမည် မဟုတ်ပါ။ကရုဏာကမ္ဘာသည် စွန့်လွှတ်စွန့်စားသူတို့အတွက် ကွန်းခိုရာဖြစ်သည်။  ကရုဏာကမ္ဘာသည် တပ်မတော်၏ သမိုင်းအစဉ်အလာကောင်းကို လှစ်ဟဖော်ထုတ် ပြသနေသည်။  ကရုဏာကမ္ဘာသည် အလှူရှင်စေတနာရှင်တို့၏ မေတ္တာကရုဏာများ ပေးဝေရာ နေရာဌာနဖြစ်သည်။ ကရုဏာကမ္ဘာသည် သံသရာငြိမ်းအေး စေတီတော်၊ ရွှေပြည်ငြိမ်းအေး ကပ်ကျော်စေတီတော်တို့၏ အရိပ်အာဝါသအောက်တွင် ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲစွာ တည်ရှိနေမည်ဟု အလေးအနက် ယုံကြည်ပါသည်။  ။

မြင့်စိုး(နတလ)