ချိုးငှက်လေးတွေ . . . . .ပျံသန်းပါလေ . . . . .

မြန်မာနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံစတုတ္ထ အစည်းအဝေးကို သြဂုတ် ၁၉ ရက်က စတင်ကျင်းပသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်ပြီး ပစ်ခတ်တိုက်ခိုက်မှုမရှိတော့လျှင် ပြည်သူတစ်ရပ်လုံး ဝမ်းသာပျော်ရွှင်နေမည်ဖြစ်သည်။

တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်ထောင်စု သားအချင်းချင်းပဲ။ ဘယ်လိုအကြောင်း တွေကြောင့်များ နားလည်မှုနဲ့ ယုံကြည်မှုတွေ မတည်ဆောက်နိုင်ကြသေးတာလဲ။ အနီးကပ်ဆုံး အဖြေတစ်ခုကတော့ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းနှင့် မေတ္တာမပွားနိုင်ခြင်းတွေ အားနည်းနေသည်ဟု တရားသဘောအရ ဆင်ခြင်မိ၏။ တစ်ပါးတည်း တောပျော်ရသေ့ရဟန်းမှလွဲ၍ လူဆိုသည်ကား တစ်ဦးတစ်ယောက်တည်း၊ ပြည်ထောင်စုတွင်လည်း လူမျိုးတစ်မျိုးက ခွဲထွက်မည်ဆိုသည်မျိုး မဖြစ် သင့်ပေ။ အသိုင်းအဝိုင်းနှင့် ဖေးမသူ လက်တွဲသူနှင့် အားပေးကူညီ ထောက်ပံ့မှုတွေရမှ ရှင်သန် ရပ်တည်နိုင်မည်ဖြစ်သည်။ တောပျော်ရဟန်းသည်ပင် သဘာဝသစ်ပင်ဝါးပင်၊ သစ်ဥသစ်ဖုတွေကို အမှီသဟဲ ပြုနေရသေး၏။ မိသားတစ်စု၊ ရွာတစ်ရွာမှသည် ကမ္ဘာကြီးတစ်ခုလုံးက သန်းခြောက်ထောင် ကျော်လူသားတွေလည်း အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ မတူကွဲပြားမှုများကို မျက်ကွယ်ပြု လျက် လူသားဟူသော အသိဖြင့် ကူးလူးဆက်ဆံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သဘောထား ကွဲလွဲနိုင်ပေမယ့် စိတ်ဝမ်းမကွဲဖို့တော့လိုသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

ဤကမ္ဘာမြေပြင်တစ်လွှားမှာ လူသားတွေသည် နေရာဒေသအလိုက် မတူကွဲပြားစွာရှိနေ၏။ စရိုက် အကြိုက် ဓလေ့ ဘာသာယဉ်ကျေးမှုတွေလည်း ကွဲပြားစုံလင်၏။ သည်တော့ငြိမ်းချမ်းစွာ အတူယှဉ် တွဲလို့ရအောင်ဘယ်လို ညှိနှိုင်းကြမလဲဆိုသည့်ကိစ္စ မရှင်းနိုင်သမျှ ကမ္ဘာကြီး မငြိမ်းချမ်းနိုင်ပါ။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးသည် (၁) ငြိမ်းချမ်းရေး (၂)ညီညွတ်ရေး(၃) အတူတကွ ပူးပေါင်းနေထိုင်ရေးဟု ချမှတ်ထား၏။ ဤသုံးချက်ကပင် ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတာတွေနှင့် အတူတူဖြစ်နေပါသည်။ လွတ်လပ်ရေးမရခင်က နယ်ချဲ့တွေသွေးခွဲခဲ့လို့ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားတွေ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ စတဲ့အစွဲတွေ သန်ခဲ့ကြ၏။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့အရေးလို့ မကြွေး ကြော်နိုင်ခဲ့ရှာ။ ညီညွတ်ရေးရှိမှ၊ ငြိမ်းချမ်းရေးရမှအတူတကွ ပူးပေါင်းနေထိုင်နိုင်မယ်ဆိုတာ သီအိုရီနှင့် လက်တွေ့ပါမှန်နေပါလျက် ဘာကြောင့်မငြိမ်းချမ်းနိုင် ဖြစ်နေကြပါသလဲ။ ဘာသာရေးစကားအရဆို လျှင် တစ်ဦးပေါ်တစ်ဦးမေတ္တာ မဖျန်းနိုင်၍ပဲဖြစ်မည်။ မေတ္တာတရားမှာ အမုန်းဆိုတာမရှိပါ။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က အမုန်းသည်အမှားပဲလို့ ရေးခဲ့ဖူးသည်။ အမုန်းအမှားကို နှလုံးသားမှာ ကိုးကွယ် နေသမျှ ခွင့်လွှတ်နိုင်အား ဘယ်ရှိတော့မလဲ။ သည်လိုဆိုလျှင်ငြိမ်းချမ်းရေးနှင့်လည်း အလှမ်းဝေးနေဦး မည်။

မြတ်ဗုဒ္ဓက သာကီဝင်မျိုးဟု မာန်တင်းနေသော ဆွေတော်မျိုးတော်တို့ရှေ့၌ပင် ဆွမ်းခံပြလိုက်ပါ၏။ လူမျိုးစွဲပျောက်စေချင်လို့ပါ။ ဝေရဉ္စာပြည်မှာ မြင်းစားတဲ့ ဂျုံကြမ်းတွေကိုဘုဉ်းပေးပြခဲ့၏။ လူဟာ အတူတူပဲဆိုတဲ့အကြောင်း အမျိုးစွဲဘာသာစွဲတွေ ချေချွတ်ပစ်ရမှာ ဖြစ်ကြောင်း၊ လူမျိုးခွဲခြား ဆက်ဆံခြင်းကို အလိုမရှိကြောင်း သက်သေပြခဲ့ပေသည်။

လူမျိုးမခွဲခြားရသည့်နည်းတူ ကျားမလည်းမခွဲခြားလေနှင့်။ ဘဝသံသရာအဆက်ဆက်က အမျိုးတွေပဲ လို့သိထားယုံကြည်သူများကတော့ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ်အကျင့်ကောင်းလျှင် မြင့်မြတ်သူတွေချည်း ပဲဟု ယူထားပါ၏။ ကျားမ မဟူ ချစ်ခြင်း ခင်ခြင်းမြတ်နိုးခြင်းတွေနှင့် ရစ်ပတ်ဖွဲ့နှောင်လျက် တစ်ဦးနှင့် တစ်ဦးအပြစ်မယူဘဲ ခွင့်လွှတ်ခြင်းများနှင့်ခိုင်မြဲလေမှ လူ့ဘဝ၊ မိသားစုဘဝ၊ နိုင်ငံတော်ဘဝ ချိုမြ လာမှာဖြစ်ပါသည်။ ဤတွင်တောင်အာဖရိကနိုင်ငံက သမ္မတကြီး နယ်လ်ဆင်မန်ဒဲလားရဲ့ စကား မှတ်သားဖွယ်ဖြစ်သည်။ မန်ဒဲလားထောင်ကျစဉ် သူ့အပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခဲ့သော ထောင်ဝန်ထမ်းတစ်ဦးကို ဆင်းရဲချို့တဲ့စွာ တွေ့မြင်ရသည့်အခ ထမင်းခေါ်ကျွေးသည်။ ကူညီထောက်ပံ့ ခဲ့သည်။ သူပြန်လက်စားမချေခဲ့ပါ။ သူပြောတဲ့စကားလေး ကျွန်တော်ရေးပြပါမည်။

လက်စားချေလက်တုံ့ပြန်လိုတဲ့ စိတ်ဓာတ်မျိုးက တိုင်းပြည်ကိုပျက်စီးစေတယ်။ ခွင့်လွှတ်သည်းခံခြင်း တရားကတော့ တိုင်းပြည်တည်ဆောက်မှုကိုအောင်မြင်စေတယ်။ ခွင့်လွှတ်ခြင်းကသာအားကြီးသူတို့ရဲ့ အရည်အချင်းပါပဲတဲ့။ တွေးဆဆင်ခြင်ကြည့်ပါတော့။ အိမ်ထောင်တစ်ခုအတွင်းမှာလည်း အတူတကွ ယှဉ်တွဲနေကြဖို့ ပထမချစ်ခြင်းမေတ္တာကို တည်ဆောက်ရပါမည်။ မေတ္တာတောင်ထုတွေနှင့် ချစ်မှုတွေမှ အမုန်းတွေဝေး နားလည်မှုတွေပေးလာကြပါလိမ့်မည်။ အမှားမကင်းတဲ့လူသားမို့ ထိုအမှားကို မေတ္တာ သမားက ဝန်ခံရဲပါ၏။ အမှားကိုမတောင်းပန် ဝန်မခံရဲဘူးဆိုလျှင် ဘယ်အခါမှ ယှဉ်တွဲလို့မရတော့။ ဆိုလိုသည်မှာလူတို့နှလုံးသားကို ခန္တီမေတ္တာတွေနှင့် အလှဆင်ပါမှ ငြိမ်းချမ်းရေးရောင်ခြည်သန်း၊ ချိုး ငှက်တွေပျံသန်း။ သည်သောအခါ နော်ဝေ၊ဒိန်းမတ်တို့လို နေချင်စရာအကောင်းဆုံး တိုင်းပြည်ဖြစ်လာ ပါလိမ့်မည်။ ဂျပန်နိုင်ငံ ဘာကြောင့်တိုးတက်သလဲဆိုတဲ့ အကြောင်းရင်းတွေထဲမှာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများ မရှိ၍ဖြစ်သည်။ ဂျပန်တွင် ဤသို့ဤနှယ် ရောင်စုံသောင်းကျန်းသူတွေ ငြိမ်းနေ၍ ကျန်လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာတဲ့အခါ သူတို့နိုင်ငံတိုးတက်အောင် မြင်နေသည်။ ထို့အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းမှာလည်း အမျိုးသား ပြန်လည် သင့်မြတ်လာခဲ့မည်ဆိုလျှင် ငြိမ်းချမ်းရေးဝေးသည် မရှိတော့။ လူသည်တစ်ဦးတစ်ယောက်တည်း၊ လူမျိုးသည်တစ်မျိုးတစ်ဖွဲ့တည်း ခွဲထွက်လို့မနေသာ။ ခန္တီမေတ္တာ လက်ကိုင်ပြု ခွင့်လွှတ်တန် ခွင့်လွှတ်ဖို့နှင့် အချင်းချင်း နားလည်ပေးကြရန်သာလိုပါ၏။ သမဂ္ဂါနံ တပေါသုခေါဆိုတဲ့ မြတ်ဗုဒ္ဓ တရားတော်အတိုင်း စည်းလုံးညီညွတ်ကြသည့်ပုဂ္ဂိုလ်များ၏ လုပ်ရပ်များသည် အေးချမ်းမှု၊ ချမ်းသာမှု ကိုပေးမှာမလွဲပင်ဖြစ်သည်။

မိသားစုလေးငါးယောက်ဖြစ်ဖြစ်၊ ကမ္ဘာကြီးထဲက လူသန်းပေါင်းများစွာဖြစ်ဖြစ် ခန္တီမေတ္တာတွေ လွတ်ကင်းသွားလျှင်အတူယှဉ်တွဲ၍ မဖြစ်တော့။ ပြည်ထောင်စုမှ ခွဲထွက်ကြလျှင် ပြိုကွဲမှာပေါ့။ ဝါးမျို ခံရမှာပေါ့။ အစဉ်မပြတ်အစဉ်အဆက် လက်တွဲကာ တရားမျှစွာ၊ ညီညွတ်စွာ၊ ငြိမ်းချမ်းစွာ လက်တွဲ နေထိုင်ကြမည်ဆိုက ဖြိုခွဲခြင်းခံရသော အခြားသော ပြည်ထောင်စုနိုင်ငံများလို ဒုက္ခမကြုံနိုင်ပါ။ အလျဉ်းသင့်၍ဆရာတော်ဦးသေဋ္ဌိလ ဟောကြားခဲ့သော ကပ္ပလီအမျိုးသားနှင့် ဂျပန်မလေးတို့၏ မေတ္တာဖွဲ့ဇာတ်လမ်း၊ အင်ဒိုနီးရှားနိုင်ငံက အဘွားအိုနှင့် အိန္ဒိယနိုင်ငံသား လူငယ်လေးတို့ အိမ်ထောင် ရေးအကြောင်း တစေ့တစောင်း မျှဝေပေးပါရစေ။ အရပ်ကခြောက်ပေ၊ အသားကမည်းမည်းကပ္ပလီနဲ့ အရပ်လေးပေ ဖြူချောလေး ဂျပန်မလေးတို့ ပေါင်းသင်းလက်ထပ်ခဲ့ကြောင်း Real Story တစ်ပုဒ် ရှိခဲ့ပါသတဲ့။ သူတို့နှစ်ဦး အသားအရောင်၊ လူမျိုးဘာသာအမှုမထား မေတ္တာတရားအပေါ်မှာသာ ရွှေ လက်တွဲနိုင်ခဲ့ကြ၏။ ချစ်ခင်လာကြသောအခါ မတူတာလေးတွေဖယ် တူတာလေးတွေနှင့် ချစ်ပွဲဝင် နိုင်ကြတဲ့သင်္ကေတပါပဲ။

နောက်ဇာတ်လမ်းတစ်ပုဒ်က အင်ဒိုနီးရှားမှာ အသက်ကိုးဆယ်အရွယ်အဘွားအိုနှင့်အသက်သုံးဆယ် လူငယ်လေးတို့ မင်္ဂလာရက်မြတ်လက်ထပ်ပွဲလေး ကျင်းပကာ ပေါင်းသင်းနေထိုင်လျက် ရှိတဲ့ သတင်းရှိ ခဲ့ဖူးသည်။ မူးယစ်ဆေးဝါးစွဲနေသော သူ့ခင်ပွန်းထောင်က လွတ်လာလို့ ပျော်ရွှင်ကြည်နူးနေတဲ့ ဇနီး သည်ပုံကို သတင်းစာတစ်စောင်မှာ ကျွန်တော်မြင်တွေ့ခဲ့ရပါ၏။ သူတို့ဘဝ ပေါင်းစပ်ဖို့အရေး အသက် အရွယ်နှင့်မဆိုင်၊ လူမျိုးဘာသာနှင့်မဆိုင် မြတ်နိုးခြင်းနှင့်သာဆိုင်ပါ၏။

အချစ်မှာသက္ကရာဇ်မရှိသလို မေတ္တာမှာပစ်ခွာတာလည်းမရှိပါ။ တစ်ချိန်က အင်အားကြီး ဆိုဗီယက် ပြည်ထောင်စုကြီးအတူ ယှဉ်တွဲနေမရသဖြင့် ပြိုကွဲခဲ့ဖူးလေပြီ။ ဤသို့ဖြစ်ရသည်မှာ ပြည်တွင်း မငြိမ်းချမ်း၍သာ ဖြစ်သည်။ ကိုရီးယားကလည်း အမျိုးတူပါလျက် တောင်မြောက်တွေဖြစ်ကုန်သည်။ စနစ်တွေကွဲကုန်သည်။ ကျွန်တော်တို့နိုင်ငံလည်း ပြည်ထောင်စုနိုင်ငံတစ်ခုမို့ ငြိမ်းချမ်းဖို့အရေး၊ ခွဲမ ထွက်ဖို့အရေး၊ အတူလက်တွဲနေထိုင်ရေးတို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁) ရာစု ပင်လုံမှာ ဆွေးနွေးလျက်ရှိကြသည်။ မိမိပဲမှန်သည်ဆိုသော စိတ်ဓာတ်များကို ဖယ်ကြဉ်ကာ စိတ် သဘောထားကြီးကြီးဖြင့် ညှိနှိုင်းအဖြေရှာ နိုင်ကြစေချင်ပါသည်။

ရလဒ်ကောင်းတွေရလာခဲ့လျှင်ဖြင့် ချိုးဖြူငှက်လေးတွေ လူးလွန့်စွာပျံသန်းတော့မှာပဲလို့ ရင်ဝယ် ကြည်နူး လိုက်ပါရစေ။ ဆာယာ-လှမြင့်