စိစစ်ဆဲ အကြမ်းဖက်အဖွဲ့က တောင်ငူလေတပ်စခန်းဌာနချုပ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်

စိစစ်ဆဲ အကြမ်းဖက်အဖွဲ့က တောင်ငူလေတပ်စခန်းဌာနချုပ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်

နေပြည်တော်၊ မတ် - ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်နှင့် အနီးပတ်ဝန်းကျင် သို့ ယနေ့နံနက် ၁ နာရီခန့်တွင် ခေါင်းဆောင်နှင့်အင်အား(စိစစ်ဆဲ) အကြမ်းဖက်အဖွဲ့က မြို့ပြများ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်ခြင်း၊ ဆူပူအကြမ်းဖက်မှုကို မလိုလားသော ပြည်သူများအား အထိတ်တလန့်ဖြစ်စေရေး ရည်ရွယ်ချက်များဖြင့် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်မှ နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် တောင်ငူလေတပ်စခန်းဌာနချုပ် တပ်ခြံစည်းရိုးအနီး ပေါက်ကွဲ မှုများဖြစ်ခဲ့ခြင်း၊ တပ်ဌာနချုပ်နှင့် ၁ ကီလိုအကွာ အနောက်ဇီးကုန်းကျေးရွာလူနေ အိမ်များ အနီးသို့ ၁၀၇ မမ လက်နက်ကြီးဒုံးသီး ၁ လုံး ကျရောက်ခဲ့သော်လည်း ပေါက်ကွဲ မှုမရှိခြင်းနှင့် ပစ်ခတ်မှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့သည် အများပြည်သူထိတ်လန့်တုန်လှုပ်စေရန်၊ တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိပါသည်။ ပစ်ခတ်ခဲ့သည့်အနီး ပတ်ဝန်းကျင်နေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ရှင်းလင်းခဲ့ရာ ၁၀၇ မမ ဒုံးသီးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။