အပြည့်အဝမောင်းသူမဲ့ကုန်ပို့ယာဉ်ဖြစ်လာမည့် Yandex.Rover

အပြည့်အဝမောင်းသူမဲ့ကုန်ပို့ယာဉ်ဖြစ်လာမည့် Yandex.Rover

မောင်းသူမဲ့နည်းပညာများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်နှင့်အမျှ ထိုနည်းပညာကို ကုန်ပစ္စည်းပို့ဆောင်ရေးတွင် အသုံးပြုလာကြပြီဖြစ်သည်။အထူးသဖြင့် မောင်းသူမဲ့ ကုန်ပို့ယာဉ်များကို တီထွင်မှုဖြစ်သည်။ အဆိုပါမောင်းသူမဲ့ ကုန်ပို့ယာဉ်များတွင် Yandex.Rover လည်း အပါအဝင်ဖြစ်သည်။ Yandex.Rover ဆိုသည်မှာ ရုရှားနိုင်ငံ၏ဂူဂဲဟု တင်စားခေါ်ဝေါ်နိုင်သည့် အင်တာနက်နည်းပညာ ကုမ္ပဏီကြီးဖြစ်သော ယန်းဒက်ကုမ္ပဏီမှနောက်ဆုံးအဆင့် စမ်းသပ်မှုလုပ်ဆောင်နေသည့် မောင်းသူမဲ့ ကုန်ပို့ယာဉ် တစ်စင်းဖြစ်သည်။ 
အသေးစားကုန်ပစ္စည်းထုပ်များကို တင်ဆောင်နိုင်သည့် Yandex.Rover ကုန်ပို့ယာဉ်များသည် မော်စကိုမြို့ရှိ ယန်းဒက်ကုမ္ပဏီ ပရိဝုဏ်အတွင်း ကုန်ပစ္စည်းများကို ပို့ဆောင်ပေးနေသည်။ လက်ရှိအနေအထားအတွင်း စမ်းသပ်ဆဲကာလဖြစ်သည့်အတွက် Yandex.Rover များကို   နောက်ကွယ်မှ ထိန်းချုပ်ပေးမှုများရှိသည်။ သို့သော် Yandex.Rover  များသည် အပြည့်အဝမောင်းသူမဲ့ ကုန်ပို့ယာဉ်များဖြစ်ကြောင်း ယန်းဒက်ကုမ္ပဏီကပြောသည်။ Yandex.Rover များသည် အရာဝတ္ထုများကို သိရှိနိုင်သည်။ ကုန်ပစ္စည်းပေးပို့ရမည့် လမ်းကြောင်းကို ရေးဆွဲနိုင်သည်။ 
လမ်းသွားလမ်းလာများ၊ တိရစ္ဆာန်များနှင့် မတိုက်မိစေရန် ရပ်တန့်ပေးနိုင်သည်။ အတားအဆီးများ ကို ရှောင်ကွင်းသွားလာနိုင်သည်။ထူးခြားသည်မှာ အမှောင်ထဲတွင်ပင် လှုပ်ရှား သွားလာနိုင်ခြင်းပင် ဖြစ်သည်။ Yandex.Rover ကို   တီထွင်နိုင်ခြင်းကြောင့်  မောင်းသူမဲ့ယာဉ် နည်းပညာတွင် တိုးတက်မှုများ ရရှိစေကြောင်း၊ စိန်ခေါ်မှုအသစ်များ၊ မတူညီသော အာရုံခံကိရိယာများ ပါဝင်သည့်ယာဉ်အသစ် အတွက် ရှိပြီးသား နည်းပညာများကိုသာ အသုံးပြုထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Yandex.Rover ကဲ့သို့ မောင်းသူမဲ့ ကုန်ပို့ယာဉ် တစ်စီးထွက်ပေါ်လာစေရေးအတွက်  အချိန်များစွာ မကုန်တော့ကြောင်း   ယန်းဒက်ကုမ္ပဏီမှမောင်းသူမဲ့ယာဉ် ဌာနမှူး ဒီမီထရီပိုလီရှက်က ပြောသည်။ ထို့ပြင် Yandex.Rover ကဲ့သို့သော ယာဉ်များကို အနာဂတ်တွင် နည်းလမ်းမျိုးစုံဖြင့် အသုံးပြုလာနိုင်တော့မည်ဖြစ်ပြီး ကုန်ပစ္စည်းပို့ဆောင်ရေး ကဏ္ဍတွင်   မရှိမဖြစ်အရေးပါသော အရာများဖြစ်လာတော့မည် ဖြစ်ကြောင်း ဒီမီထရီပိုလီရှက်က ဆက်ပြောသည်။ 
အနာဂတ်တွင် Yandex.Rover ကို ယန်းဒက်ကုမ္ပဏီ၏   စားသောက်ကုန် ပို့ဆောင်ရေး လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Yandex.Eats အတွက် အမှာများကို ပေးပို့ရာတွင် လည်းကောင်း၊ Yandex.Lavka ဝန်ဆောင်မှုလုပ်ငန်းမှ ကုန်ပစ္စည်းများကို ဖောက်သည်များထံ  ပေးပို့ရာတွင်လည်းကောင်း၊ ဘီရူဈေးကွက်မှ ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် လည်းကောင်း အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် Yandex.Rover များကို တခြားကုမ္ပဏီများကလည်း ဝယ်ယူခွင့်ရှိသည်ဟု ယန်းဒက်ကုမ္ပဏီက ပြောသည်။ ယန်းဒက်ကုမ္ပဏီသည် မောင်းသူမဲ့ကုန်ပို့ယာဉ်ကို  ပထမဆုံး တီထွင်သည့် ကုမ္ပဏီတော့ မဟုတ်ပေ။ အမေရိကန်နိုင်ငံမှာဆိုလျှင် စတားရှစ်နည်းပညာ ကုမ္ပဏီက စားသောက်ကုန်များ အလိုအလျောက် ပို့ဆောင်ရေး စက်ရုပ်များကို   အသုံးပြုနေပြီဖြစ်သည်။ 
ထိုစက်ရုပ်များသည် မကြာမီတွင်   နိုင်ငံတစ်ဝန်းရှိ   တက္ကသိုလ်ပရိဝုဏ်များတွင် ကျင်လည် ကျက်စား တော့မည်ဖြစ်သည်။ ဆန်ဖရန်စစ္စကိုအမည်ရှိ တက်သစ်စကုမ္ပဏီကလည်း ကုန်ပို့စက်ရုပ်များကို မြို့ပေါင်း ၂၀၀ ကျော်နှင့် နိုင်ငံပေါင်း ၂၀ ကျော်တို့တွင်  စမ်းသပ်ထားပြီးဖြစ်သည်။ ပြီးခဲ့သည့်နွေရာသီတွင် အဆိုပါစက်ရုပ်များ သွားလာထားသည့်  အကွာအဝေးသည် မိုင်ပေါင်းသုံးသိန်းခွဲ၊ လမ်းပေါင်းလေးသန်းကျော်နှင့် အကြိမ်တစ်သိန်းမြောက် ကုန်စည်ပို့ဆောင်မှုတို့ကို လုပ်ဆောင်ထားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် မောင်းသူမဲ့နည်းပညာများ ခေတ်စားလာသည့်အလျောက် ကုန်စည် ပို့ဆောင်ရေးတွင် မောင်းသူမဲ့ယာဉ်များကို အသုံးပြုမှုမှာလည်း  တွင်ကျယ်လာနေပြီဖြစ်ပြီး နောင်တစ်ချိန်တွင် စက်ရုပ်များကိုသာ အသုံးပြုကာ ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်တော့မည့် အလားအလာ ရှိနေပေသည်။