ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် သတ္တမ အကြိမ် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော်၊ သြဂုတ် - ၂၂

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိ အခြေအနေတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ အထူးကု ဆေးရုံဝေဘာဂီနှင့် ကုသရေး ဆေးရုံများ၌ COVID-19  ရောဂါ (Quarantine) ဆောင်ရွက်ထားရှိသည့် သံသယလူနာများမှ ရောဂါပိုး တွေ့ရှိသူများ တိုးပွားလာ၍ ကျန်းမာရေး ဝန်ထမ်းများ မလုံလောက်မှုကြောင့် အသစ်ထပ်မံ ဖွင့်လှစ် ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ COVID-19  ရောဂါကုသရေးဌာန (ဖောင်ကြီး) တွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူး ဆရာဝန်များ ပါဝင် သော ဆေးအဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အဆိုပါ လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် ဆဌမအကြိမ်ဖြင့် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူး ဆရာဝန်များ ပါဝင်သော ၃၀ ဦးနှင့် တာဝန်လဲလှယ်ထမ်းဆောင်ရန် သတ္တမအကြိမ် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန် ထမ်းတပ်ဖွဲ့ဝင် ၃၀ ဦးအား ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် ဆေးတက္ကသိုလ်ရှိ Theater  ခန်းမ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်သည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းတင်ပြရာ တိုင်းမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန် ထမ်းဆောင်ကြမည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၌ မေ့ဆေးပါရဂူ ၂ ဦး၊ ဓာတ်မှန်ပါရဂူ ၁ ဦး၊ ရောဂါဗေဒပါရဂူ ၁ ဦး၊ ဆေးကုသမှုပါရဂူ ၂ ဦး၊ ဆေးမှူးဆရာဝန် ၆ ဦး၊ သူနာပြုအရာရှိ ၆ ဦး၊ အထက်တန်းသူနာပြု ၆ ဦး၊ ဓာတ်ခွဲကျွမ်းကျင် ၂ ဦး၊ ဓာတ်မှန်ကျွမ်းကျင် ၂ ဦးနှင့် ဆေးဝါးကျွမ်းကျင် ၂ ဦး စုစုပေါင်း ၃၀ ဦးတို့ ပါဝင်ပြီး ၎င်းတို့သည် အများပြည်သူများ အခက်အခဲကြုံတွေ့ပြီး စိုးရိမ်စိတ်များ မြင့်တက်နေချိန်တွင် ရောဂါဝေဒနာ ခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်မှ Covid-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။