ရောဂါပိုးကူးစက်မှု မြင့်တက်နေစဉ် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းနေသည့် အိန္ဒိယ

အိန္ဒိယနိုင်ငံ၌   နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့်  ထိခိုက်ခဲ့ရသည့်  နိုင်ငံ့စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ပြန်လည်ဦးမော့ လာစေရန် အစိုးရက ရနိုင်သမျှ   နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ကြိုးပမ်း လုပ်ဆောင်နေသည်။

အစိုးရက  ကျောထောက်နောက်ခံပြုထားသည့် ချေးငွေပေးအပ်မည့် အရေးပေါ် အစီအစဉ်အရ ဘဏ်များနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများက  ယခုအချိန်ထိ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံခန့်  ပေးအပ်ပြီး ဖြစ်ကြောင်း  အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံအတွင်း  ရောဂါပိုးကူးစက်မှုဖြစ်ပွားနေစဉ် စီးပွားရေး ပြန်လည်နာလန်ထူလာစေရန် အစိုးရက အမေရိကန်ဒေါ်လာ ၂၆၆ ဘီလီယံအသုံးပြုမည့် အစီအစဉ်ကို ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မေ ၁၂ ရက်က   လူသိရှင်ကြား ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အစိုးရ၏ ချေးငွေပေးအပ်ရေး အစီအစဉ်တွင်  အသေးစားစီးပွားရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍတို့လည်း ပါဝင်မည်ဖြစ်သည်။

အစိုးရက ထောက်ခံထားသည့် ချေးငွေပေးအပ်ရေးအစီအစဉ်သည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုများကြောင့်   နိုင်ငံ့စီးပွားရေးတိုးတက်မှု နှေးကွေးနေစဉ် အချိန်အတွင်းမှာပင် ဒူပေနာပေခံနိုင်မှုနှင့် တိုးတက်မှု ဖြစ်ပေါ်လာစေရန် အထောက်အကူပြုမည့် အလားအလာ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည်  နိုင်ငံအတွင်း  ရောဂါပိုးမကူးစက်မီအချိန် ကတည်းက  တိုးတက်မှု နှေးကွေးနေခြင်း ဖြစ်ပြီး၂၀၁၈ ခုနှစ်အစောပိုင်းတွင် နိုင်ငံ၏ GDP ပမာဏသည်   ၈   ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော်လည်း  ၂၀၂၀ ပြည့်နှစ် မတ်လတွင် ၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။ အလားတူ နိုင်ငံ့စီးပွားရေးတိုးတက်မှုသည်   ယခုဘဏ္ဍာနှစ်အတွင်း ကျဆင်းလာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာတွင် ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း ထင်ရှားသည့် ဘဏ္ဍာရေး အဖွဲ့အစည်းကြီးများ ဖြစ်သော    Goldman Sachs၊ Nomuraနှင့် Fitch Ratings များက ခန့်မှန်းထားသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် လာမည့်သုံးနှစ်အတွင်း ရောဂါပိုးကူးစက်မှု မဖြစ်ပွားမီက အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် အလားအလာမရှိဟု  Nomura က ခန့်မှန်းထားသည်။

နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူလာစေရန် ပုဂ္ဂလိကဘဏ်များက အထောက်အကူပြု လျက်ရှိသည်။ စီးပွားရေးပြန်လည်ဦးမော့လာစေရန်  အဆိုပါ ပုဂ္ဂလိကဘဏ်များက ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၆ ဘီလီယံပေးအပ်မည်ဟု ကြေညာထားပြီး  လက်ရှိတွင် ကြေညာထားသည့် ချေးငွေပမာဏအနက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံကို ထုတ်ပေးပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် အာရှဒေသ၌  ရောဂါပိုးကူးစက်မှု  အဆိုးရွားဆုံး ဖြစ်ပွားနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းမှာပင် လူသောင်းနှင့်ချီ၍   ရောဂါပိုးထပ်မံကူးစက်ခြင်း ခံနေရသည်။ တစ်နိုင်ငံလုံးရှိ   ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ နှစ်သန်းခွဲကျော်အထိ မြင့်တက်လာသောကြောင့်  အစိုးရက  တင်းကျပ်သည့် ကန့်သတ်ချက်များကို ပြန်လည် ချမှတ်ခဲ့ရသည်။ စင်စစ်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန်နှင့်  ဘရာဇီးနိုင်ငံတို့၏ နောက် ကမ္ဘာပေါ်၌ ရောဂါပိုးကူးစက်မှု တတိယအဆိုးရွားဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့ပြင် နယူးဒေလီမြို့ရှိ   ပြည်သူငါးသိန်းခန့်မှာ ရောဂါပိုးကူးစက်ခံရသည့် လက္ခဏာ ပြသခြင်း မရှိဘဲ ရောဂါပိုးကူးစက်ခံနေရဖွယ် ရှိသည်ဟု လေ့လာမှု အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အစိုးရသည်  နိုင်ငံအတွင်း  ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းမှ    ကာကွယ်တားဆီးနိုင်ရန်  တင်းကျပ်သည့် အသွားအလာ ကန့်သတ်ချက်များကို  ယခုနှစ်မတ်လနှောင်းပိုင်းမှ စတင်ချမှတ်ခဲ့သည်။ ထို့နောက်အဆိုပါ ကန့်သတ်ချက်များကို   ထပ်မံသက်တမ်းတိုးခြင်းများ  လုပ်ဆောင်ခဲ့ရာစီးပွားရေး လုပ်ငန်းအများအပြား ပိတ်ပစ်ခဲ့ရသည်။ စီးပွားရေးလုပ်ငန်းများ ပိတ်ပစ်ခဲ့ရခြင်းကြောင့် သန်းပေါင်းများစွာသော အိန္ဒိယပြည်သူများ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ ၎င်းတို့အနက်  အများစုမှာ နေ့စားအလုပ်သမားများဖြစ်သည်။  အစိုးရက  အသွားအလာ ကန့်သတ်မှုများ စတင်ချမှတ်ပြီး နောက်ပိုင်းတွင်  ကျေးလက်နှင့်မြို့ပြဒေသရှိ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာခဲ့ပြီး  ဧပြီလအထိ  ဆက်လက်မြင့်တက် လာသည်။

စီးပွားရေးလုပ်ငန်းများနှင့်   အလုပ်ရုံများ ပိတ်ပစ်ခဲ့ရခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှုန်းမှာ ဧပြီလတွင် ကျဆင်းသွားခဲ့သည်။ ကျဆင်းလာသည့် ကုန်ထုတ်လုပ်မှုနှုန်းမှာ ပြီးခဲ့သည့်နှစ်  အလားတူကာလနှင့်နှိုင်းယှဉ်ပါက   ၅၅ ဒသမ ၅ ရာခိုင်နှုန်းဖြင့် စံချိန်တင် ကျဆင်းခဲ့သည်ကို  တွေ့ရမည်ဖြစ်သည်။ ကျဆင်းလာသည့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်  သတ္တုတွင်းတူးဖော်ခြင်း၊   ကုန်ကြမ်းမှ   ကုန်ချောထုတ်လုပ်မှု၊  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတို့ ပါဝင်လျက်ရှိသည်။

အသွားအလာ ကန့်သတ်မှုကြောင့် နိုင်ငံ၏စီးပွားရေးအပေါ် ကျရောက်လာသည့် အကျိုးဆက်များကို လျှော့ချနိုင်ရန် အစိုးရက မေလအတွင်း စီးပွားရေးလုပ်ငန်းတချို့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ အလုပ်လက်မဲ့နှုန်းမှာ   အတော်အတန် ကျဆင်းလာမည့် အလားအလာများ ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ရောဂါပိုးကူးစက်မှုကို လျှော့ချနိုင်ရေးအတွက် ချမှတ်ခဲ့ရသည့် အသွားအလာ ကန့်သတ်မှုများသည် နိုင်ငံ၏စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်စေခဲ့သည်ဟု ဆိုနိုင်သည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည်   ပြန်လည်နာလန်ထူရန် ရုန်းကန်နေရဆဲ အခြေအနေတွင် ရှိနေသည်။

အစိုးရက စီးပွားရေး ပြန်လည်နာလန်ထူလာစေရန် ရည်မှန်းချက်ကြီးမားလှသည့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ အစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင်    အစိုးရ၏ စီးပွားရေးပြန်လည် နာလန်ထူရေး အစီအစဉ်သည် ထိရောက်မှုနည်းပါးမည့် အလားအလာ ရှိသည်ဟု ဆိုထားသော်လည်း   အစိုးရက   စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ 

အစိုးရက   နိုင်ငံ့စီးပွားရေးပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းနေစဉ်  နေ့စဉ်   လူသောင်းနှင့်ချီ၍ ရောဂါပိုးထပ်မံကူးစက်နေခြင်းသည် အစိုးရ၏ ကြိုးပမ်းချက်များကို  အဟန့်အတား ပြုလာနိုင်သောကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်မှသာ စီးပွားရေးပြန်လည် နာလန်ထူလာစေမည့် အစီအစဉ်များကို ထိရောက်စွာ   အကောင်အထည်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။        

Ref: Sputnik, CNBC

ဇေယျာဘုန်း