အိပ်စက်ချိန် အနည်းငယ်မျှသာလိုတဲ့ တောရိုင်းတိရစ္ဆာန်များ

အနားယူအိပ်စက်ခြင်းဆိုတာ လူသားတိုင်းအတွက်သာမက သတ္တဝါတွေအားလုံးအတွက် အလွန်အရေးကြီးတဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုအိပ်စက်ခြင်းဆိုတာ ဘာကိုဆိုလိုမှန်းမသိတဲ့၊ တစ်နည်းအားဖြင့် အချိန်အနည်းငယ်မျှသာအိပ်တဲ့ တောရိုင်းတိရစ္ဆာန်တွေ အများအပြားရှိတာကို အံ့သြဖွယ်ရာ တွေ့ရပါတယ်။

တချို့တိရစ္ဆာန်တွေကတော့  လုံးဝမအိပ်စက်တာမဟုတ်ပေမယ့်လည်း မိနစ်ပိုင်းလောက်သာအိပ်စက်တာကိုလည်း တွေ့ရပါတယ်။ ဒီလိုအံ့သြဖွယ်ကောင်းတဲ့ တိရစ္ဆာန်တွေထဲကတချို့ကို ဒီတစ်ပတ်အတွက် ရှာဖွေလေ့လာ သားရဲကမ္ဘာအစီအစဉ်မှာ ဖော်ပြပေးလိုက်ရပါတယ်။

 

သစ်ကုလားအုတ်

 

သစ်ကုလားအုတ်တွေဟာ လှောင်အိမ်ထဲမှာ အဖမ်းခံထားရချိန်တွေမှာဆိုရင် တစ်ရက်ကို လေးနာရီကနေ ငါးနာရီအထိ အိပ်စက်လေ့ရှိပါတယ်။

ဒါပေမဲ့ တောထဲမှာနေတဲ့ သစ်ကုလားအုတ်တွေကတော့ ခဏတာမျှသာ အိပ်စက်တာကို တွေ့ရမှာပါ။ သူတို့ဟာ လဲလျောင်းလျက်ဖြစ်စေ၊ မတ်တတ်ရပ်လျက်ဖြစ်စေ အိပ်စက်တတ်ကြပါတယ်။ ဒါဟာအရွယ်ရောက်ပြီး သစ်ကုလားအုတ်တွေ အတွက်တော့ ပုံမှန်အခြေအနေပါပဲ။

သစ်ကုလားအုတ်တွေဟာ သူတို့ရဲ့လည်ပင်းကိုကွေးပြီး ဦးခေါင်းကို တင်ပါးပေါ်တင်လိုက်တာနဲ့ အလွယ်တကူပဲ အိပ်မောကျ သွားလေ့ရှိပါတယ်။

သို့သော်လည်း  သူတို့ဟာ အိပ်မောကျနေတယ် ဆိုပေမယ့် မျက်စိကတော့ လှုပ်ရှားမှုရှိနေပြီး ကြွက်သားတွေလှုပ်ရှားမှုကို လျှော့ချထားတာ ဖြစ်ပါတယ်။

 

လင်းပိုင်

လင်းပိုင်တွေရဲ့ သဘာဝကတော့ ထူးဆန်းပါတယ်။ သူတို့ဟာ အိပ်စက်တယ်ဆိုသော်ငြားလည်း  သူတို့ရဲ့ ဦးနှောက်တစ်ခြမ်းကသာ အိပ်စက်တာပါ။

ကျန်တဲ့ဦးနှောက်တစ်ခြမ်းကတော့ အသက်ရှူဖို့အတွက် ရေမျက်နှာပြင်နားမှာနေဖို့နဲ့ တခြားသားကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အမြဲအသင့် ရှိနေပါတယ်။

နောက်ထပ်ထူးဆန်းတာ တစ်ခုက လင်းပိုင်တွေဟာ သူတို့ရဲ့ဘဝအစ ပထမဆုံးလမှာ လုံးဝအိပ်စက်ခြင်း မရှိပါဘူး။

အဲဒီလိုမအိပ်စက်ပေမယ့်လည်း   သူတို့ရဲ့အနားယူတဲ့ပုံစံက ချစ်ဖို့ကောင်းနေပါသေးတယ်။

လင်းပိုင်ငယ်တွေဟာ အိပ်စက်ရခြင်းမရှိတဲ့အတွက် သူတို့ကြွက်သားတွေ အနားယူနိုင်စေဖို့ သူတို့ရဲ့ခန္ဓာကိုယ်ကို မိခင်ခန္ဓာကိုယ်နဲ့ ပွတ်သပ်ရပါတယ်။

အပြန်အလှန်အနေနဲ့ မိခင်ကလည်း သူ့ရဲ့ ကလေးအနားယူနေချိန်မှာ နိုးနိုးကြားကြားနေရပါတယ်။ ဒါမှသာ လင်းပိုင်ငယ်တွေ အနေနဲ့ တစ်လကြာ မအိပ်စက်ရခြင်းကို ကျင့်သားရစေမှာ ဖြစ်ပါတယ်။

 

မြင်း

 

တောရိုင်းထဲမှာရှိတဲ့ မြင်းတွေကတော့ တစ်ရက်မှာ နှစ်နာရီမျှသာ အိပ်စက်ကြပါတယ်။

အိမ်မွေးမြင်းတွေကတော့ သုံးနာရီကနေ ငါးနာရီအထိအိပ်စက်နိုင်ပါတယ်။ မြင်းပေါက်တွေကတော့ အရွယ်ရောက်ပြီး မြင်းကြီးတွေထက် အိပ်ချိန်ပိုလိုအပ်လေ့ ရှိပါတယ်။

မြင်းတွေဟာ သူတို့အိပ်စက်တဲ့အချိန်မှာ တစ်ဆက်တည်းအိပ်စက်တာ မဟုတ်ပါဘူး။ ခဏတာမျှသာ အိပ်စက်တာ ဖြစ်ပါတယ်။

သူတို့တစ်ခါအိပ်ရင် ၁၅ မိနစ်ခန့်သာရှိပြီး မတ်တတ်ရပ်လျက်သော် လည်းကောင်း၊ လှဲလျက်သော်လည်းကောင်း အိပ်စက်တာဖြစ်ပါတယ်။ ဒါပေမဲ့ မြင်းတစ်ကောင်အနေနဲ့ လှဲပြီးအိပ်တယ်ဆိုတာ ရှားပါတယ်။

 

အယ်ပိုင်းပျံလွှားငှက်

အယ်ပိုင်းပျံလွှားငှက်တွေဟာ ဆောင်းခိုဖို့အတွက် ဥရောပတောင်ပိုင်းကနေ    ဟိမဝန္တာတောင်တန်းအထိ   ပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ် ဖြစ်ပါတယ်။

ဒီလိုဆောင်းခိုဖို့အတွက် ပျံသန်းမှု ကြာမြင့်ချိန်ကို ရက်ပေါင်း ၂၀၀ ဝန်းကျင်ယူပါတယ်။

သူတို့ဟာ တခြားရေနေနို့တိုက်သတ္တဝါတွေလိုပဲ ဦးနှောက်တစ်ခြမ်းသာ အိပ်ပါတယ်။

အဲဒီလိုဦးနှောက်တစ်ခြမ်းကအိပ်နေချိန် ကျန်တဲ့ဦးနှောက်တစ်ခြမ်းက ပျံသန်းဖို့အတွက် အာရုံစိုက်ပြီး တခြားသားရဲတိရစ္ဆာန်တွေရဲ့ ရန်ပြုခြင်း မခံရအောင် ဂရုစိုက်နေရပါတယ်။

 ဝေလငါး

ဝေလငါးတွေ အားလုံးဟာ အချိန်ကြာမြင့်စွာ အိပ်စက်လေ့ မရှိပါဘူး။

ဘာကြောင့်လဲ ဆိုတော့ သူတို့အနေနဲ့ အချိန်ကြာမြင့်စွာအိပ်လိုက်တာနဲ့ ကြီးမားလေးလံလှတဲ့ သူတို့ခန္ဓာကိုယ်က  ရေအောက်ထဲကိုမြုပ်သွားမှာပါ။

စပမ်းဝေလငါးမျိုးဆိုရင် ဒေါင်လိုက်အိပ်စက်လေ့ရှိပြီး အဲဒီလိုအိပ်စက်ချိန်မှာလည်း ရေပေါ်ကို ငါးမိနစ်မှ ၁၅ မိနစ်ကြာပေါ်လာပြီး အိပ်စက်တာ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ ဝေလငါးတွေဟာ သူတို့ရဲ့တစ်နေ့တာ လုပ်ဆောင် မှုတွေအနက် အချိန်  ၁၀  ရာခိုင်နှုန်းကိုသာ အိပ်စက်ခြင်းအတွက် အသုံးချတာဖြစ်ပါတယ်။

ဒါကြောင့် တခြားနို့တိုက်သတ္တဝါတွေထဲမှာမှ ဝေလငါးတွေဟာ အိပ်စက်ချိန်အနည်းဆုံး လိုအပ်တဲ့ သတ္တဝါတွေဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

 

ငှက်ကုလားအုတ်

 

ငှက်ကုလားအုတ်တွေကတော့ တကယ့်ကို မျက်စိဖွင့်ပြီး အိပ်တတ်တဲ့ တိရစ္ဆာန်မျိုးပါပဲ။

သူတို့ဟာ   မတ်တတ်ရပ်နေရင်းကနေ    မျက်စိဖွင့်ပြီး အိပ်တာမျိုးပါ။

တစ်ခါအိပ်ရင်တော့ ခြောက်နာရီကြာတတ်ပါတယ်။ ဒီလိုအိပ်နေချိန်မှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်နှစ်ခုစလုံးကို အနားပေးထား ပေမယ့်လည်း ကျန်တစ်ဖက်မှာတော့ သူ့နယ်မြေထဲကျူးကျော်ဝင်လာမယ့်သူတွေ၊ သားရဲတိရစ္ဆာန် တွေအတွက် အမြဲသတိရှိ နေပြန်ပါတယ်။

တကယ်လို့ သူတို့အနေနဲ့ ပင်ပန်းသွားပြီဆိုရင်တော့ အိပ်မောကျစွာ အိပ်စက်လေ့ရှိပါတယ်။

ဒီလိုအိပ်မောကျချိန်မှာတော့ သူတို့ရဲ့ခေါင်းက ၁၅ မိနစ်လောက် အောက်ကိုစိုက်နေတတ်ပါတယ်။