အသည်းကြားက မဲတစ်ပြားနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်

၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို   နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည် ဖြစ်သည်။   ပြည်သူများ အနေဖြင့် နိုင်ငံအကျိုး၊   အမျိုးဘာသာသာသနာအကျိုး၊ ပြည်သူ့အကျိုးထမ်းရွက် သယ်ပိုးကြမည့် အရည်အချင်း ပြည့်ဝသည့်   ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ ထွက်ပေါ်လာစေရန် မိမိတို့ ရွေးချယ်ထောက်ခံသည့် ကိုယ်စားလှယ်တော်ကြီးများကို ရွေးကောက်တင်မြှောက်နိုင်ရန်အတွက် အသည်းကြားက မဲတစ်ပြားဖြင့် အဆုံးအဖြတ်ပေးရမည့် အချိန်မှာ မဝေးတော့သည့် အနာဂတ်တွင် ရောက်ရှိလာတော့မည် ဖြစ်သည်။  အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထုဆစ်ပုံဖော်နိုင်မည့် အရည်အချင်း ပြည့်ဝသည့် ကိုယ်စားလှယ်တော်ကြီးများကို  မှန်ကန်စွာ သုံးသပ်ဆုံးဖြတ် ရွေးချယ်ကြရန်မှာ အမိမြန်မာနိုင်ငံတော်ကြီးကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန် တစ်ရပ်လည်း ဖြစ်သည်။ ငါးနှစ်မှတစ်ကြိမ်၊ ထိုတစ်ကြိမ်တွင်မှ တစ်ခဏသာ နိုင်ငံ့အကျိုးသယ်ပိုးရွက်ဆောင်ကြရသည့် အခွင့်အရေးလည်းဖြစ်ရာ ဆန္ဒမဲပေးခွင့် ရရှိရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် မိမိ၏အမည်ပါဝင်လာခြင်းရှိ၊မရှိ၊ အချက်အလက်များ မှန်ကန်ခြင်းရှိ၊ မရှိ သေချာစွာ စိစစ်ကြရမည်လည်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် သက်ဆိုင်ရာ နေရာအသီးသီးတွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ကပ်ထားကြေညာခဲ့ပြီး ဖြစ်သည့်အပြင် မဲဆန္ဒရှင် များအနေဖြင့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများတင်ပြရာ၌   အချိန်ပိုမိုရရှိစေရန်အတွက် သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ရက်ထပ်မံတိုးမြှင့်ကပ်ထားကြေညာပေးခဲ့ပြီး ဖြစ်သည်။  မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့် သူများ မဲစာရင်းတွင်ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊  အချက်အလက်ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် ဖြည့်စွက်ပြင်ဆင်ခြင်းများကို ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်၊ မဲပေးခွင့် မဆုံးရှုံးရစေရန်အတွက်   မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးခြင်းကို   တာဝန်တစ်ရပ်အဖြစ် နှလုံးသွင်း၍ ဆောင်ရွက်ခဲ့ကြသူများရှိသကဲ့သို့  မဲဆန္ဒရှင်စာရင်း ကြည့်ရှုစစ်ဆေးခဲ့ရခြင်း မရှိသည့် ပြည်သူများအနေဖြင့်လည်း   အောက်တိုဘာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ဒုတိယအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာချိန်တွင် မဖြစ်မနေ စိစစ်ကြည့်ရှုကြရမည် ဖြစ်သည်။

မဲရေတွက်ရန် သင်၏ဆန္ဒမဲတစ်ခုသာ ကျန်ချိန်တွင် အနိုင်အရှုံးမကွဲ သရေပွဲဖြစ်ခဲ့ပါလျှင် သင်၏ဆန္ဒမဲမှာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည့်  ဆန္ဒမဲတစ်ခုဖြစ်လာနိုင်သည့်အတွက် မဲပေးခွင့်မဆုံးရှုံးစေရန်၊ ပယ်မဲမဖြစ်စေရန် အလွန် အရေးကြီးသည်။ ဆန္ဒမဲတစ်ခုသည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲပေးနိုင်သည့်အပြင် နိုင်ငံတော်၏ ကံကြမ္မာကိုလည်း ပြောင်းလဲစေနိုင်သဖြင့် မိမိတို့၏ဆန္ဒမဲ ပေးပိုင်ခွင့်ကို လက်လွတ်ဆုံးရှုံးမခံသင့်ပါ။ ဆန္ဒမဲမပေးဘဲလည်း မနေသင့်ပါ။ နိုင်ငံ

အကျိုး၊ အမျိုးဘာသာသာသနာအကျိုး၊ ပြည်သူ့အကျိုးကို ကိုယ်ကျိုးမဖက်ထမ်းရွက်နိုင်မည့် မိမိတို့၏ရင်ထဲမှ ကိုယ်စားလှယ်လောင်းကို အသည်းကြားက မဲတစ်ပြားဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန်အလို့ငှာ၊ လူမှန်နေရာမှန်သို့ အရောက်ပို့နိုင်ရန်အလို့ငှာ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ဦးစွာဆောင်ရွက်ကြရမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်  ၆၄၄ ခု၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်  ၂၉ ခု စုစုပေါင်းမဲဆန္ဒနယ် ၁၁၇၁ ခုတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က   ၂၀၂၀ ပြည့်နှစ် ဇွန်လ ၆ ရက်တွင်  သတ်မှတ်ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည့်အပြင် ယခုရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ  လူငယ်ငါးသန်းခန့်မှာ ၎င်းတို့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒမဲပေးခွင့် စတင်ရရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားမှုအရ သိရှိရသည်။

ဆန္ဒမဲပေးရာတွင် မှန်ကန်သည့် ရွေးချယ်မှုဖြစ်ရန် အလွန်အရေးကြီးသည်။ မည်သည့်ကိုယ်စားလှယ်လောင်းကို မဲပေးမည် ဆိုသည့်ကိစ္စတွင် အတွေးအခေါ်၊ အယူအဆ၊  ရှုမြင်သုံးသပ်ဆုံးဖြတ် ရွေးချယ်ပုံခြင်း မည်မျှကွဲပြားခြားနား ကြစေကာမူ နိုင်ငံဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်နိုင်မည့်သူ၊ နိုင်ငံတစ်ဝန်း လောကပါလတရားများ ထွန်းကားစေလျက် ငြိမ်းချမ်းသာယာမှု ဆောင်ကြဉ်းပေးနိုင်မည့်သူကို မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်ရွေးချယ်နိုင်စွမ်း တူညီကြရမည်ဖြစ်သည်။

ဆန္ဒမဲပေးရန် စဉ်းစားသုံးသပ်ရာတွင် အရေးအကြီးဆုံးအချက်မှာ ဆန္ဒဂတိကင်းစွာ၊ အစွဲကင်းစွာ စဉ်းစားသုံးသပ်ကြရန် ဖြစ်သည်။ တခြားအိမ်မှကြက်နှင့် မိမိအိမ်မှကြက်ခွပ်လျှင်ပင် မိမိအိမ်ကကြက်ကို နိုင်စေချင်ကြသည်။ တခြားအသင်းနှင့် မိမိတို့အသင်း ဘောလုံးကန်လျှင်လည်း မိမိအသင်းကိုသာ နိုင်စေချင်ကြသည်မှာ လူ့သဘောသဘာဝပင်ဖြစ်သည်။ ထို့အတူ မိမိပါတီမှ ကိုယ်စားလှယ်လောင်း၊ မိမိနှင့် ခင်မင်ရင်းနှီးသည့် ကိုယ်စားလှယ်လောင်း စသည်ဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရစေလိုသော စေတနာ လူအများတွင်ရှိကြပါလိမ့်မည်။ ထိုကိုယ်စားလှယ်လောင်းသည် မိမိပါတီမှဖြစ်စေ၊ မိမိနှင့်မကင်းရာ မကင်းကြောင်းရှိသည်ဖြစ်စေ၊ ယုတ်စွအဆုံး မိမိအပေါ်ကျေးဇူးပြုဖူးသူပင်ဖြစ်စေ အရည် အချင်းမရှိသူ၊ မိမိရပ်ရွာအကျိုး သယ်ပိုးနိုင်စွမ်းမရှိသူ ဖြစ်နေပါက ရပ်ရွာအတွက်လည်း အကျိုးမရှိ၊ နိုင်ငံအတွက်လည်း အကျိုးမရှိဖြစ်ပါလိမ့်မည်။ ထို့ကြောင့် နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အရေးကိစ္စတွင် အစွဲတရားများကို ဖယ်ထားကာ အရည်အချင်းရှိသူ၊ ဖြစ်သင့်ဖြစ်ထိုက်သူကို သေချာစွာ ရွေးချယ်ပေးကြရမည်ဖြစ်သည်။

သာယာပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်လိုကြသူချည်း၊ မပူမပင်မကြောင့်မကြ တောင့်တတိုင်းပြည့်စုံချင်သူချည်းဖြစ်သည်။ မချမ်းသာချင်သောသူ၊ အဆင်မပြေချင်သောသူမရှိ။ လူတိုင်းချမ်းသာချင်ကြသည်။ အဆင်ပြေပြေနေချင်ကြသည်။ ထိုသို့သောလောဘတရားကို အခြေခံလျက် အဟောအပြောကောင်းစွာ နိုင်ငံရေးသမားတို့က လေထဲတိုက်အိမ်ဆောက် ပြကြသောအခါ အပြောတွင်သာယာတတ်ကြသည်။ နေ့ချင်းညချင်း ရွှေပင်ကြီးပေါက်လာတော့မည့်အလား ထင်မှတ်မှားတတ်ကြသည်။ လက်တွေ့ဘဝတွင် ရွေးကောက်ပွဲဝင်စဉ်က ကတိကဝတ်များကိုပင် ပြည့်စုံအောင်ဖြည့်ဆည်း

မပေးနိုင်သူများကိုလည်း  တွေ့မြင်ခဲ့ကြပြီးဖြစ်ပါလိမ့်မည်။  မည်သည့်ကိုယ်စားလှယ်ကမျှ သင့်ဘဝကို ချက်ချင်း ပြောင်းလဲ မပေးနိုင်ပါ။ နေ့ချင်းညချင်းရွှေပင်ကြီးလည်း ပေါက်မလာနိုင်ပါ။ ထို့ကြောင့် လောဘကို အခြေခံ၍ ရွေးချယ်မှုမပြုမိရန် သတိချပ်သင့်သည်။

မိမိတို့ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းသည် အကျင့်သီလ ကောင်းမွန်သူတစ်ဦးဖြစ်ရန် အရေးကြီးသည်။ မည်မျှထူးချွန်ပါစေ၊  စိတ်ကောင်းစေတနာကောင်း မည်မျှပင်ရှိပါစေ အကျင့်သီလနှင့် မပြည့်စုံလျှင် အများကဲ့ရဲ့ဖွယ် ဖြစ်သည်။ ထို့ကြောင့် ဦးစွာစဉ်းစား သင့်သည်မှာ ကိုယ်စားလှယ်လောင်း၏ အကျင့်သီလ ကောင်းမွန်မှု  ရှိ၊ မရှိဆိုသည့်အချက် ဖြစ်သည်။

ကိုယ်စားလှယ်လောင်းအနေဖြင့် အကျင့်သီလဖြူစင်ရမည့်အပြင် ပညာတတ်တစ်ဦးဖြစ်ရန်လည်း လိုအပ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးတွင် အဓိကကျသည့် ဥပဒေများကို  ဆွေးနွေးခြင်း၊ ညှိနှိုင်းအဖြေရှာခြင်း၊ ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်နိုင်လောက်သည့်ပညာအရည်အချင်းရှိဖို့လိုသည်။ ပညာအရည်အချင်းဟု ဆိုရာတွင်  အတန်းပညာ တစ်ခုတည်းကို မဆိုလိုပါ။

ပညာအရည်အချင်း မူလတန်းမဖြစ်စေရ၊ အလယ်တန်းမဖြစ်စေရ B.A,M.A ဖြစ်ရမည်ဟု  မဆိုလိုပါ။ အတန်းပညာ နိမ့်ပါးသော်လည်း အသိပညာမြင့်မားသူ အမြောက်အမြားရှိသည်။ သို့ရာတွင်  အသိပညာ မြင့်မားရန်အတွက် အတန်းပညာလည်း  ထိုက်သင့်သလောက်မြင့်မားရန် လိုအပ်မည်ဖြစ်သည်။  ယနေ့ခေတ်သည်  IT ခေတ်၊ Globalization ခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် တင်စားခေါ်ဝေါ်နေရသည့် ယနေ့အချိန်အခါတွင် နိုင်ငံတကာကို ရင်ပေါင်တန်း၍ ကဏ္ဍစုံတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ရန်မှာ နိမ့်ပါးသည့်ပညာအရည်အချင်းဖြင့် ဖြစ်နိုင်ပါမည်လား ဆိုသည်ကိုလည်း စဉ်းစားသုံးသပ် စေချင်သည်။

အကျင့်သီလဖြူစင်ပြီး  အသိပညာမြင့်မားသည့် လူတော်လူကောင်းတစ်ဦးဖြစ်စေကာမူ မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်အတွက် အလုပ်အကျွေးမပြုနိုင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းလည်းမရှိ၊ ကြိုးစားဆောင်ရွက် ပေးလိုစိတ်ကလည်း အားနည်း၊ အပြောသာကြီး၍ လက်တွေ့မလုပ်နိုင်သူတစ်ဦး ဖြစ်နေခဲ့ပါလျှင် မဲပေးရသူအတွက်လည်း အကျိုးမရှိ၊ မဲဆန္ဒနယ်အတွက်လည်း အကျိုးမဖြစ်ထွန်းသည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ    နှောင့်နှေးစေနိုင်သည်။

ထို့ကြောင့် မိမိတို့အကျိုး၊ ရပ်ရွာအကျိုးကို မဆုတ်မနစ်သော  ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် မနေမနားကြိုးပမ်း ထမ်းဆောင်မည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြရမည်ဖြစ်သည်။

ထို့ပြင် မိမိတို့ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းသည် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသူ တစ်ဦးလည်း ဖြစ်သင့်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကိုလည်း ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိရမည့်အပြင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအမြင်ရှိသူလည်း ဖြစ်ရမည်။ ဤအချက်များသည် မဲဆန္ဒရှင်ပြည်သူအပေါင်းကို ကိုယ်စားပြုကြရမည့် ကိုယ်စားလှယ်လောင်းတိုင်းတွင် မဖြစ်မနေရှိသင့်သည့် အရည်အချင်းများလည်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံအတွက် အရေးပါသည့် ရွေးချယ်မှုကို  မှန်ကန်စွာ စဉ်းစားသုံးသပ် ဆုံးဖြတ်ပေးကြရမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်   အသည်းကြားက မဲတစ်ပြားကို   လက်လွတ်ဆုံးရှုံးရခြင်း မရှိစေရန် မဲဆန္ဒရှင်စာရင်းတွင် မိမိတို့၏အမည်ပါဝင်ခြင်း ရှိ၊ မရှိ၊ အချက်အလက်များမှန်ကန်ခြင်း ရှိ၊ မရှိကို သမိုင်းပေး တာဝန်တစ်ရပ်အဖြစ် သေချာစွာ စိစစ်ဆောင်ရွက်ကြရမည်ဖြစ်သည်။  ကိုယ်စားလှယ်လောင်းများအား အကဲဖြတ်သုံးသပ် ဆုံးဖြတ်ရွေးချယ်ရာတွင်လည်း အကျင့်သီလ၊ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံပြီး တိုင်းပြည်အကျိုးကို မဆုတ်မနစ်ကြိုးပမ်း ထမ်းဆောင်မည့်သူ၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသူ၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအမြင်များရှိပြီး ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးသယ်ပိုးနိုင်သူ မည်သူ့ကိုမဆို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် မှန်ကန်စွာ စဉ်းစားသုံးသပ် အဆုံးအဖြတ်ပေးခြင်းဖြင့် နိုင်ငံ့တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ။

ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။

ပြည့်စုံဖြိုး(သုသေတန)