ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၃

 

COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်းသွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်း များကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ မာန်အောင်ပရိယတ္တိ စာသင်တိုက်၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆေးပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကြံတိုင်းအောင် ဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့နယ်၊ ဝင်းကံကျေးရွာ၊ ဇိနမာန်အောင် ဘုန်းတော်ကြီးကျောင်း၊ ကျောက်ကြီးမြို့နယ်၊ ငလောက်တက်ကျေးရွာ၊ သဒ္ဓမ္မပါလဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့နယ်၊ ကန်ပေါက်ကျေးရွာ၊ ရွာလည်ဘုန်းတော်ကြီးကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ ရှင်ဂျော့ဂျက် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၊ ပဲခူးတိုင်း ဒေသကြီး၊ ရွှေတောင်မြို့နယ်တို့၌ တပ်မတော်မှဆေးအဖွဲ့များက ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Maskများ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။