ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် မုဒုံမြို့ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၃

မွန်ပြည်နယ်အတွင်း သြဂုတ် ၂၁ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ကျောင်းသစ်ရပ်ကွက်နှင့် မြို့မရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ ၄၆ ဦးကို မုဒုံဦးအခြေခံပညာမူလတန်းကျောင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း၊ လူဦးရေ ၂၇၈ ဦးကို မြို့မ(၄)ရပ်ကွက်ရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းနှင့် လူဦးရေ ၅၄၂ ဦးကို သတိပဌာန်ဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့လည်းကောင်း သြဂုတ် ၂၂ ရက် ညနေပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မုဒုံတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများနှင့် ခရီးသွားပြည်သူများအား သြဂုတ် ၂၂ ရက်နှင့် ယနေ့တို့တွင် မော်လမြိုင်တပ်နယ်နှင့် မုဒုံတပ်နယ် တို့မှ တပ်မတော်သားများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။