ငယ်ဘဝ

ယမန်နေ့မှအဆက်

သမီးနှစ်ယောက်လုံးရုပ်ရည်လှပ၍ စာတော်ကြသည်။ မစံလေးတန်းအောင်သောအခါ သစ်ခေါက်ရွာ အလယ်တန်း ကျောင်းသို့ ပြောင်းတက်ရသည်။

သစ်ခေါက်အလယ်တန်းကျောင်းတွင် မစံ၏အမည်ကို မစောရှင်ဟုပြောင်းလိုက်သည်။ အငယ်မအေးငြိမ်းကိုတော့ ဆရာကတော်ကြီးမခွဲနိုင်၍ လေးတန်းအောင်နှင့်သာ အိမ်မှာနေရသည်။

ဆရာကိုဘိုးသာနှင့် ဆရာကတော်မသောင်တို့မှာ သားသမီးထပ် မရတော့ပါ။ ဆရာက သာသနာ့အမွေခံဖြစ်ချင်သည်။ ရှင်ပြုစရာသားမပါ၍ မုံရွာတစ်ဖက်ကမ်းမှဇာတိဖြစ်သော ကံကုန်းရွာသို့ပြန်ပြီး အစ်မအကြီးဆုံး၏သား ငါးနှစ်အရွယ်တူ ကလေးကို ခေါ်လာခဲ့သည်။

_ _ _ _ _ _

ဦးလေးဦးကျော်သောင်း

မောင်ကျော်သောင်းသည် မအေးငြိမ်းနှင့်ရွယ်တူကစားဖော်ဖြစ်သည်။ ဆရာဦးဘိုးသာနှင့်ဒေါ်သောင်က သားအဖြစ် မွေးစားသည်။ ပညာသင်ပေးသည်။ ရှင်ပြုပေးသည်။ မောင်ကျော်သောင်း၏ ရှင်ပြုပွဲသည် တစ်နယ်လုံးမှာ အကြီးကျယ်ဆုံးဟု ပြော၍ရသည်။

ရှင်လောင်းမောင်ကျော်သောင်းကို စလွယ်၊ ဦးသျှောင်၊တောင်ရှည်၊ ထိုင်မသိမ်းတို့နှင့် မင်းညီမင်းသားသဖွယ် လှပစွာတန်ဆာဆင်၍ မြင်းပေါ်တင်ပြီး  ရှင်လောင်းလှည့်သည်။  ဝန်းသိုရွာသာမက  ဆရာကတော်ကြီး ဒေါ်သောင်၏ ဇာတိဖြစ်သော လက်ပံချိုင့်ရွာအထိ သွား၍ရှင်လောင်းလှည့်သည်။ လေးမိုင်အထိသွားကြရခြင်း ဖြစ်၏။ လမ်းခရီးရှိ ထန်းတောရွာအရေးမဆို ရွာများကိုပါ ဖြတ်သန်းသွားရင်း ရှင်လောင်းလှည့်ပွဲ ကျင်းပခဲ့သည်။

ညတွင်ရုပ်သေးပွဲ၊ ဆိုင်းပွဲ၊ ခြင်းလုံးအလှခတ်ပွဲ၊ ရုပ်ရှင်တို့ပါဝင်၍ စည်ကားလှသည်။ ဝန်းသိုရွာတွင် အလှူအတန်းပြုခဲ့ဖူးသမျှ ယနေ့မျက်မှောက်ကာလအထိ အကြီးကျယ်ဆုံးသော အလှူဖြစ်သည်ဟု ပြောစမှတ်ပြုကြ၏။

မဏ္ဍပ်ကလည်း အကြီးကျယ်ဆုံးဟုပြောကြသည်။

ပြာသာဒ်ဘုံဆောင်တစ်ခုပါလျှင် မဏ္ဍပ်ကြီးတစ်ခုဖြစ်သည်။ ပြာသာဒ်ဘုံဆောင်များစွာနှင့် ဧရာမမဏ္ဍပ်ကြီး ဖြစ်သည်ဟု ပြောကြ၏။ အလှူလာသူတိုင်းကို ထမင်းစားကြွေပန်းကန်ပြားတစ်ချပ်စီ လက်ဆောင်ပေးသည်။ မူလတန်းကျောင်းအုပ်၏ လစာဝင်ငွေနှင့် အလှူကြီးပေးနိုင်ခဲ့၏။

မောင်ကျော်သောင်းသည် အသက်ထက်ဆုံးဦးလေး၊ အဒေါ်တို့နှင့် အေးအတူပူအမျှ နေထိုင်ခဲ့သည်။ စစ်မက်ကာလ၊ သောင်းကျန်းသူများကြီးစိုးသော ကာလအတွင်း ဦးလေးဖြစ်သူ ကျောင်းဆရာ အလုပ်နားရသောအခါ များမှာ လယ်သမားအဖြစ်နှင့် လည်းကောင်း၊ ဝန်းသိုရွာထွက်ရေအိုးများကို အဒေါ်နှင့်အတူ လှည့်လည် ရောင်းချခြင်းဖြင့် လည်းကောင်း ဦးလေးနှင့်အဒေါ်တို့ကို ကျေးဇူးပြန်ဆပ်သည်။

အိမ်ထောင်မပြု လူပျိုကြီးဖြစ်သော ဝန်းသိုရွာ၏ ကာလသားခေါင်း ကိုကျော်သောင်းသည် မိဘမဲ့ဖြစ်နေသော မောင်ငြိမ်းချမ်းတို့ မောင်နှမကိုလည်း ကောင်းစွာ စောင့်ရှောက်ခဲ့ပါသည်။

မောင်ငြိမ်းချမ်းတို့မောင်နှမ

မောင်ငြိမ်းချမ်း၏ မိခင်မစောရှင်မှာ လင်ယောက်ျား ကွယ်လွန်သောအခါ အသက် ၂၅ နှစ်သာ ရှိသေးသည်။ ငယ်ငယ်အရွယ်ကောင်းမှာ ကလေးသုံးယောက်နှင့် မုဆိုးမဘဝ ရောက်ခဲ့ရသည်။

ထိုအချိန်တွင် ညီမအငယ်မအေးငြိမ်းမှာ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရနေပြီ။ ဝန်းသိုရွာမှာပင်နေသည်။ စီးပွားဥစ္စာပြည့်စုံ၍ မိဘများမှာ သမီးငယ်အတွက် စိတ်အေးရသည်။

မစောရှင်မှာ ကလေးသုံးယောက်နှင့် မိဘများကို မှီခိုအားကိုးနေရပြီ။ လင့်အမွေအဖြစ် လယ်ကွက် ယာကွက်ကလေးများ ပါလာသည်ကို မောင်ဖြစ်သူကိုကျော်သောင်းက ဦးစီးလုပ်ကိုင်ပေးသည်။

မောင်ငြိမ်းချမ်း ငါးနှစ်ပြည့်ပြီမို့ အဖေကြီးကျောင်းမှာ ကျောင်းနေရပြီး အငယ်နှစ်ယောက်ကျောင်းနေအရွယ် မရောက်သေး။

မောင်ငြိမ်းချမ်း ခုနစ်နှစ်သားအရွယ်မှာ ဝန်းသိုရွာတွင် ကျောက်ရောဂါဆိုးကြီး ဝင်ရောက်လာသည်။ ရွာထဲမှာကလေးများ ကျောက်ရောဂါဖြစ်ကြသည်။ နှစ်ရက်ခန့်ကိုယ်ပူပြီးလျှင် သုံးရက်အရမှာ ကျောက်လုံးများ ထွက်လာသည်။ တစ်ကိုယ်လုံး ကျောက်ပေါက်အနာများနှင့် ပြည်ဖုကြီးများ ဖြစ်လာသည်။ စနစ်တကျ ဆေးဝါးကုသနိုင်ခြင်းမရှိ။ ရွာဆရာ၊ အရပ်ဆရာနှင့်ပင် ကုကြရသည်။

ကူးစက်သည်က မြန်လွန်းလှ၏။ အဖိတ်အစဉ် အသေအပျောက်များလာသည်။ ကလေး ၅၀ ခန့်သေသည်။ ရွာထဲတွင် ကလေးသံတိတ်သလောက်ဖြစ်သွား၏။ မောင်ငြိမ်းချမ်းတို့အိမ်သို့လည်း ကျောက်ရောဂါ ဝင်ရောက်လာသည်။ မောင်ငြိမ်းချမ်း၏ နှမလေးကို စ၍ကူးစက်သည်။ ကျောက်လုံးကြီးများမှာ မွန်းနံသီးမှည့်လို ဖြူဖွေး၍ အရည်ကြည်များပြည့်နေသည်။

မောင်ငြိမ်းချမ်းကျောက်ရောဂါကူးစက်ခံရမှာကြောက်၏။ ကျောက်ရောဂါဆိုသည့်အတိုင်း ကြောက်စရာ။ သေလျှင်သေ မသေလျှင်ကျောက်ပေါက်မာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ရသည်။

ထန်းတောရွာမှ ကျောက်ကုဆရာကြီး ဦးဝင်က မောင်ငြိမ်းချမ်းကို ကျောက်မပေါက်အောင် ကာကွယ်ဆေးထိုးပေး၏။ နှမလေးထံမှ အအောင်ဆုံးသော ကျောက်လုံးကြီးများမှအရည်ကိုထုတ်ယူပြီး မောင်ငြိမ်းချမ်း၏ လက်မောင်းလက်ဖျံထဲသို့ ဝင်အောင် စုတ်ဖြင့်ထိုးဖောက်သွင်းသည်။ ကျောက်ရောဂါပိုးကို အားပျော့အောင်သိပ္ပံနည်းကျ မွေးမြူထားသော ကျောက်ပိုးမဟုတ်။ အားကောင်းသောကျောက်ပိုးကို ထိုးသွင်းပေးခြင်းဖြစ်သည်။

မောင်ငြိမ်းချမ်းဖျားပြီ။ တစ်ရက်၊ နှစ်ရက်ကိုယ်ပူပြင်းလာ၏။ မောင်ငြိမ်းချမ်းကြောက်၍ ဘုရားရှိခိုးသည်။ ဘယ်သူမှခိုင်း၍မဟုတ်။ ဘယ်လူကြီးမှလည်းမသိ။ အိမ်ပေါ်မှာ အိပ်ရာထဲမှာ တစ်ယောက်တည်း ကိုယ့်ဘာသာအားကိုးရာ ရှာမိခြင်း ဖြစ်သည်။ မည်သို့ရှိခိုးရမည်နည်း။

ဆက်လက်ဖော်ပြပါမည်။           

လယ်တွင်းသားစောချစ်