အမေရိကန်ကိုပိတ်ပြီး ဗိုင်းရပ်အရေး ပထမဆုံး ကိုင်တွယ်လိုသည့် ဂျိုးဘိုင်ဒင်

အမေရိကန်နိုင်ငံ၌   နိုဝင်ဘာလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ   နီးလာသည်နှင့် တစ်ပြိုင်နက် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့် ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့နှစ်ဦးကြား စကားစစ်ထိုးပွဲများ ပိုမိုပြင်းထန်လာပြီး အဓိကခေါင်းစဉ်က ကိုရိုနာဗိုင်းရပ်အရေး ဖြစ်သည်။

လက်ရှိအချိန်ထိ   ကမ္ဘာ့နံပါတ်တစ်ဟုဆိုသော အမေရိကန်၌ တစ်ရက်လျှင် ဗိုင်းရပ်ကူးစက်သူ အရေအတွက် ၄၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၁၇၅၀၀၀ ကျော်သွားပြီဖြစ်သည်။ ထရမ့်က ဗိုင်းရပ်ကို အကြောင်းပြပြီး အလုပ်များ ပိတ်ထားရခြင်းကို မကျေနပ်သူဖြစ်ကာ ဂျိုးဘိုင်ဒင်က ဗိုင်းရပ်အရေး ပထမဆုံးကုစားပြီးမှ အလုပ်အကိုင်များကို ပြန်လည်ဖွင့်ပေးလိုသူ ဖြစ်သည်။

ထို့ပြင်  လူမျိုးရေးခွဲခြားမှုတွင်လည်း  ထရမ့်က သဘောထားတင်းမာလွန်းသူ ဖြစ်သည့်အတွက် အမေရိကန်၌ BLM ဟုခေါ်သော လူမည်းများ၏ အသက်ကလည်း အရေးပါသည်ဆိုသည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ ဂျိုးဘိုင်ဒင်သာမက ၎င်း၏ဒုတိယသမ္မတအဖြစ် တရားဝင် သတ်မှတ်ခံထားရသည့် ကမာဟဲရစ်လည်း  ထိုဆန္ဒပြပွဲကို  ပါဝင်ဆင်နွဲထောက်ခံခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ပါတီကြီးနှစ်ခုကြား ခေါင်းဆောင်နှစ်ဦး သဘောထားက ပြောင်းပြန်ဖြစ်နေပြီး နိုင်ငံရေးတွင်လည်း ပုဂ္ဂိုလ်ရေးအစွဲများ ကပ်ပါလာသည်ကို အထင်းသား မြင်နေရပြန်သည်။ အမေရိကန်သမိုင်းတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းသမ္မတများလက်ထက် ပါတီကြီးနှစ်ခုကြား ပုဂ္ဂိုလ်ရေး အစွဲများဖြင့် အဆိုးရွားဆုံး စည်းလုံးမှုပြိုကွဲနေခြင်း ဖြစ်ပြီး ယခုဆိုလျှင် အိမ်ထောင်စုတစ်စုကို တစ်ပတ်လျှင် ဒေါ်လာ ၆၀၀ ပေးသည့်ဥပဒေလည်း သတ်မှတ်ချိန် ကုန်ဆုံးသွားပြီဖြစ်သည်။

နောက်ထပ် ဒီမိုကရက်တစ်တို့ အဆိုပြုထားသည့် Care Art ကလည်း  ရီပတ်ပလီကန်တို့ ကြီးစိုးထားသော အထက်လွှတ်တော်နှင့် ဒီမိုကရက်တစ်တို့ ကြီးစိုးထားသော အောက်လွှတ်တော်တို့ကြား အပြိုင်အဆိုင် ငြင်းခုံနေဆဲဖြစ်ပြီး ထိုအချိန်တွင် အမေရိကန်ရှိ ပြည်နယ်တချို့၌ မိသားစုတစ်စုလျှင် ဝင်ငွေ ဒေါ်လာ ၂၀၀ ခန့်ဖြင့်သာ ရှင်သန်နေရသည်။

ထို့ကြောင့် အမေရိကန်၏အခြေအနေက ထင်ထားသည်ထက် ပိုမိုဆိုးရွားလာပြီး အလုပ်လက်မဲ့ အရေအတွက်ကလည်း ၂၈ သန်းရှိနေသည့်အတွက် သမိုင်းတစ်လျှောက် မကြုံဖူးသည့်အခြေအနေဟု ဆိုရမည် ဖြစ်သည်။ ထိုအချိန် ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှူး ဘမ်နမ်လည်း အဖမ်းခံထားရပြီး We Build The Wall ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းထဲမှ  တချို့ကို  ပုဂ္ဂိုလ်ရေးဆိုင်ရာ အလွဲသုံးစား လုပ်သောကြောင့်ဟု ခေါင်းစဉ်တပ်ခံထားရသည်။

ထရမ့်အတွက်  ရွေးကောက်ပွဲနီးလာချိန်  အပြင်းထန်ဆုံးထိုးနှက်ချက်များနှင့် ရင်ဆိုင်နေရပြီး ဂျာမနီမှ အမေရိကန် တပ်ဖွဲ့ဝင်  ၁၂၀၀၀  ရွှေ့ပြောင်းရေးကလည်း ဒေါ်လာဘီလီယံနှင့်ချီ ကုန်ကျမည်ဖြစ်သည့်အတွက် ဝေဖန်မှုများနှင့် ထပ်မံရင်ဆိုင်နေရပြန်သည်။

ထိုအချိန်   ရုရှားအဓိကအတိုက်အခံ ခေါင်းဆောင် အဆိပ်မိခြင်းကိုလည်း ထရမ့်က နှုတ်ဆိတ်နေပြန်သည့်အတွက်   ထပ်မံဝေဖန်ခံနေရပြန်ကာ   ၂၀၂၀   ရွေးကောက်ပွဲအတွက်  အမှန်တကယ်စိုးရိမ်ရမည့် အခြေအနေဖြစ်သည်။

ဂျိုးဘိုင်ဒင်က ၎င်းသာသမ္မတ ဖြစ်လာမည်ဆိုလျှင်ပထမဆုံး ကိုရိုနာဗိုင်းရပ်ရပ်တန့်ရေး သိပ္ပံပညာရှင်များက အကြံပေးလျှင် နိုင်ငံကို ပိတ်ပစ်ရန် အဆင်သင့်ရှိသည်ဟု ဆိုထားပြီး လူငယ်အများစု၏မဲကို အရယူရန်ကြိုးစားနေသည်။ မကြာသေးမီက အမေရိကန်၌ထရမ့်၏အမိန့်ဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ကျောင်းသား လူငယ်များကြား ကိုရိုနာဗိုင်းရပ်ကူးစက်မှု ၁၃ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားကာ စီးပွားရေးလုပ်ငန်းများသာ ပြန်ဖွင့်မည်ဆိုလျှင် အမေရိကန်၏ ရောဂါကူးစက်မှုနှုန်းက   နှစ်ဆမက မြင့်တက်သွားနိုင်သည့် အခြေအနေဖြစ်သည်။

ထို့ကြောင့်  ဂျိုးဘိုင်ဒင်က  နိုင်ငံကိုကောင်းမွန်စွာ ရှေ့ဆက်လည်ပတ်နိုင်ရန် ဗိုင်းရပ်ကို ပထမဆုံးကိုင်တွယ်ရမည်ဟု ဆိုလာခြင်းဖြစ်ပြီး ကာကွယ်ဆေးအတွက်နောက်ထပ် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ထပ်မံထောက်ပံ့ရန်လည်း  ဥပဒေမူကြမ်းတင်သွင်းနိုင်ရေးကြိုးစားနေပြန်သည်။ ထရမ့်ကတော့ ယခုကတည်းက ဗီတိုအာဏာဖြင့် ပယ်ချမည့်အရိပ်အယောင်များ ပြနေပြီး  ကာကွယ်ဆေးထုတ်လုပ်ရေးတွင်  လိုအပ်သည်ထက် အချိန်ဆွဲနေသည်ဟုဆိုကာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)ကိုပင် အထောက်အထားမရှိ စွပ်စွဲထားသေးသည်။

သို့သော် ဂျိုးဘိုင်ဒင်ကတော့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးဌာန (CDC) အပါအဝင် FDA နှင့် သိပ္ပံပညာရှင်များ၏ သဘောထားကို အလေးထားသူဖြစ်ကာ ဗိုင်းရပ်အတွက် လိုအပ်လျှင် လူဦးရေတစ်သိန်းအထိ ငှားရမ်းပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် ကြိုးစားနေသူဖြစ်ကာ လာမည့်သုံးလကိုလည်း  မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန်  ဥပဒေထုတ်နိုင်ရေး တိုက်တွန်းနေသူဖြစ်သည်။

အမေရိကန်၌ ရီပတ်ပလီကန် ထောက်ခံသူအများစုက  နှာခေါင်းစည်းတပ်ဆင်ခြင်းကို  ယခုအချိန်ထိ ဆန့်ကျင်နေကြဆဲဖြစ်ကာ ထရမ့်ကို အဓိကထောက်ခံသော တောင်ပိုင်းသားအများစုက အဆိုးဆုံးဖြစ်သည်။

လူဖြူ၊ လူမည်းနှင့် ကျွန်စနစ်တိုက်ဖျက်ရေးတွင် အဓိကအဟန့်အတား ဖြစ်ခဲ့သည့် တောင်ပိုင်းသားတို့က ယခု ဗိုင်းရပ်အရေးတွင်လည်း အဓိကကိုင်တွယ်ရ အခက်ခဲဆုံးကဏ္ဍမှ ပါဝင်လာကာ BLM နှင့်အပြိုင် လူဖြူဝါဒီကြီးစိုးရေး ထောက်ခံမှုကိုပင် အပြိုင်အဆိုင်ဆန္ဒပြခဲ့သူများ ဖြစ်သည်။

ထရမ့်က လက်ဝဲဝါဒီ ဂျိုးဘိုင်ဒင်ကို တရုတ်ဘက်တော်သားအဖြစ်စွပ်စွဲပြီး ၎င်းသာ လာမည့်သက်တမ်း သမ္မတဆက်မဖြစ်ခဲ့လျှင် အမေရိကန်သားတို့ တရုတ်ဘာသာစကား   မဖြစ်မနေသင်ရတော့မည် ဆိုသည်အထိ အပြင်းထန်ဆုံး ထိုးနှက်ထားကာ လူငယ်အများစုစစ်တမ်း၌  ဂျိုးဘိုင်ဒင်က  ထရမ့်ထက်  များစွာ ရှေ့ရောက်နေသည်ကတော့ နောက်ပိုင်းတွင် ထရမ့်အတွက် စိုးရိမ်စရာ ဖြစ်လာသည်။

သို့သော် လာမည့်ရွေးကောက်ပွဲအတွက် လူငယ်အများစုက ဂျိုးဘိုင်ဒင်ဘက်ကို အားသာနေသော်လည်း မဲမပေးရေးဘက်ကိုသွားနေသည့် လူအရေအတွက်က များနေသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲက လူငယ်မဲအများစု မတွေ့ရမည့် အမေရိကန်ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ကာ  စာတိုက်မဲပေးစနစ်ကို အဓိကအားထားနေရသည်ကလည်း လူငယ်များအတွက် စိတ်မဝင်စားစရာအချက်တစ်ခုဖြစ်သည်။ ပုံမှန် အမေရိကန်ရွေးကောက်ပွဲများတွင် အိမ်နှင့်အနီးဆုံး၌ မဲပေးရလေ့ရှိပြီး ယခုတော့ ခေတ်နောက်ပြန် စာတိုက်မဲပေးစနစ်ဖြင့် သွားရမည် ဖြစ်သည့်အတွက်  ချွတ်ယွင်းချက်များစွာ ရှိလာမည်ကို ဒီမိုကရက်တစ်တို့ စိုးရိမ်နေကြကာ ထိုအတွက်လည်း အမေရိကန်စာတိုက်ဌာနမှူးကို အောက်လွှတ်တော်က စုံစမ်းစစ်ဆေးရန်အတွက် ဆင့်ခေါ်ရန်ရှိနေပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ 

Ref;CNN

ရှိန်းထက်