မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၇

 

ဆီထွက်သီးနှံများတိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ၂၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး    စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊   မကွေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံဇုန်တာဝန်ခံများ  တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းဖူလုံမှုရှိစေရန်ရည်ရွယ်၍  ဆီထွက်သီးနှံများ အထူးဇုန်များလျာထားသတ်မှတ် စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း၏  ရှေ့ပြေးလုပ်ငန်းစဉ်အဖြစ် ၂၀၂၃-၂၀၂၄  ခုနှစ်  စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊  နေကြာ ဆီထွက်သီးနှံ (၃)မျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးသည့်စနစ်ဖြင့် စီမံကိန်း ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ လာမည့်မိုးနှင့် ဆောင်း  ဆီထွက်သီးနှံများ  ပိုမိုထွက်ရှိအောင်မြင်စေရန်အတွက်  ဆီထွက်သီးနှံ အထူးအထွက်တိုးဇုန်များ  သတ်မှတ်၍ ဇုန်တာဝန်ခံများ  ခန့်အပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ဆီထွက်သီးနှံ အထူးအထွက် တိုးရေးဇုန်တာဝန်ခံများ၏ လုပ်ငန်းတာဝန်များအနေဖြင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးဇုန်လျာထားဧက ပြည့်မီရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံများ  စိုက်ဧကမှန်ကန်ရေး၊ သီးနှံအထွက်မှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ဇုန်တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။ 

သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအဆင့်တိုင်းတွင် အချိန်မီဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ခရိုင်နှင့်  မြို့နယ်များမှ စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့များကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေ၊ နည်းပညာတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်  အရင်းမပျောက် ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိ လာသောသီးနှံများ ဈေးကွက်ရရှိရေးစသည့် လုပ်ငန်းများကို သက်ဆိုင်ရာအဆင့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်ရန်လိုကြောင်း၊  စိုက်ဧက၊  အထွက်နှုန်းစသည့် ကိန်းဂဏန်းအချက်အလက်များကို တိတိကျကျမှတ်တမ်းတင်ကြရန်  ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက်   အထွက်နှုန်း ကောင်းမွန်သည့်  မျိုးစေ့လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အလားတူ အထူးဇုန်ပြင်ပရှိ စိုက်ဧကများကိုလည်း အထွက်နှုန်းများ ကျဆင်းမှုမရှိစေရေးနှင့်  မူလအထွက်နှုန်းရရှိရေးကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးများက မကွေးတိုင်းဒေသကြီးအတွင်း အသားတင် စိုက်ပျိုးနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝါသီးနှံတိုးချဲ့ စိုက်ပျိုးရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃)၊ ဇုန်(၄)အဖြစ် ဧကနှစ်သိန်းခြောက်သောင်းကျော် လျာထားဆောင်ရွက်မှုကိုလည်းကောင်း၊ ဆီထွက်သီးနှံ  အထူးဇုန်(၁)နှင့် ဇုန်(၂) တာဝန်ခံများနှင့် ခရိုင်၊ မြို့နယ်တာဝန်ခံများမှ မိမိတို့ဒေသအလိုက် စိုက်ပျိုးလျာထားမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက  သက်ဆိုင်ရာဌာနများအလိုက် ကွင်းဆင်းဆောင်ရွက် ပူးပေါင်းရမည့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ  ဒုတိယဝန်ကြီးက ဆီထွက်သီးနှံများ   အထူးဇုန်သတ်မှတ်၍ လျာထားဧကပြည့်မီအောင် အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း  ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။