ကလေးမြို့ရှိ နယ်မြေခံတပ်နှင့် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာရှိ ရွှေပြည်ရဲကင်းစခန်းအား ဆူပူအကြမ်းဖက်သူလူတစ်စုတို့က မီးပုလင်းဖြင့် လာရောက်ပစ်ခတ်

နေပြည်တော်၊  မတ် - ၁၉
    
ချင်းပြည်နယ်၊ ကလေးမြို့ရှိ နယ်မြေခံတပ်သို့ ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင်    ဆူပူအကြမ်းဖက်သူ ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဓာတ်ဆီပုလင်းအား မီးရှို့ကာ ပစ်ပေါက်ခဲ့ရာ တပ်ရင်းအိမ်ထောင်သည်လိုင်းနှင့် ခြံစည်းရိုးကြားသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် တပ်ရင်းလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့က သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ TVS အမျိုးအစား ၁၂၅ ဆိုင်ကယ်စီးနင်းလာသူ ကလေးမြို့၊ ချမ်းမြေ့အောင်စည် ရပ်ကွက်နေ ရဲမင်းဦး(ဘ)ဦးမင်းလှိုင် ၏ ညာပေါင်သေနတ်ကျည်ရှပ်ထိမှန်ဒဏ်ရာရရှိဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးအား ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ဝင်၊ မြို့ထွက်များတွင် ပိတ်ဆို့ခြင်း၊ မြို့အတွင်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    
အလားတူ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာရှိ ရွှေပြည်ရဲကင်းစခန်းရှေ့သို့ ဆူပူအကြမ်းဖက်သူ သုံးဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုခြင်း၊ ရဲကင်းအတွင်းသို့ ဓာတ်ဆီပုလင်းအား မီးရှို့ကာပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် စခန်းအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ် ခဲ့သည်။
    
ထိုသို့ခြောက်လှန့်ပစ်ခတ်ခဲ့မှုကြောင့် ဆူပူအကြမ်းဖက်သူများ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာအနီးတစ်ဝိုက်တွင်  အရိုး ၇ လက်မ၊ အသွား ၂၂ လက်မခန့်ရှိ ဓား ၁ ချောင်း၊ အရိုး ၆ လက်မ၊ အသွား ၁၄ လက်မခန့်ရှိ ဓား ၁ ချောင်း နှင့် အဝတ်စဖြင့် မီးစာပြုလုပ်ထားသည့် ဓာတ်ဆီပုလင်း ၁ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။
    
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ စဉ့်ကူးမြို့နယ်၊ ကျွန်းစည်ကျေးရွာနေ ရဲဝင်းအောင်(ဘ)ဦးမြလေး ၊ အကြီးလေး(ဘ)ဦးရွှင်၊ နောက်ပစ်(ဘ) ဦးလှစိန် တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့သုံးဦးအား ဖမ်းဆီးရမိရေး ချက်ချင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။