ဂျော့ဆိုးရော့စ်နှင့် အလက်ဇန္ဒြားဆိုးရော့စ်တို့၏ Open Society Foundations မှတစ်ဆင့် မြန်မာနိုင်ငံအခြေစိုက် Open Society Myanmar အဖွဲ့ထံသို့ တရားမဝင် ငွေကြေးစီးဆင်းမှုအား စတင်ထိန်းချုပ်သည့်သတင်းထုတ်ပြန်ချက်
နေပြည်တော်၊ မတ် - ၁၅
နိုင်ငံတကာရှိ NGO/INGO/Media/CSO များအား ငွေကြေးထောက်ပံ့ပေး လျက်ရှိသော Open Society Foundations ၏ဥက္ကဋ္ဌ ဂျော့ဆိုးရော့စ်သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်၌ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဂျော့ဆိုးရော့စ် နှင့်အတူ ၎င်း၏သားဖြစ်သူ Open Society Foundations ၏ဒုတိယဥက္ကဋ္ဌ အလက်ဇန္ဒြားဆိုးရော့စ်ပါ လိုက်ပါပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံကာ မြန်မာနိုင်ငံ၌ Open Society Foundations ၏ လက်ခွဲတစ်ခုအဖြစ် Open Society Myanmar ကို ဖွင့်လှစ်ရေးအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Open Society Foundations ၏ ဥက္ကဋ္ဌ ဂျော့ဆိုးရော့စ်အနေဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ စုစုပေါင်း ၄ ကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ပြည်ထောင်စု၌ ၁ ကြိမ်၊ မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် တွေ့ဆုံခဲ့ပါသည်။
၎င်း၏ သားဖြစ်သူ Open Society Foundations ၏ ဒုတိယဥက္ကဋ္ဌ အလက်ဇန္ဒြားဆိုးရော့စ်သည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အထိ စုစုပေါင်း ၇ ကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၆ ကြိမ် တွေ့ဆုံခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
Open Society Myanmar အဖွဲ့သည် ရုံးချုပ်အား ဗဟန်းမြို့နယ်၊ မြန်မာ စင်တာ Tower အမှတ်(၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် Open Society Myanmar မှ ရန်ကုန်မြို့၊ ဝါးတန်းလမ်းရှိ SMED ဘဏ် သို့လာရောက်၍ စာရင်းဖွင့်အပ်ငွေဒေါ်လာ ၁၀၀ ဖြင့် ဘဏ်စာရင်း စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ၎င်းအမေရိကန် ဒေါ်လာ ၅ သန်းအား Open Society Myanmar ဘဏ်အကောင့်သို့ ထည့်သွင်း ခဲ့ကြောင်း သိရှိရပါသည်။
Open Society Foundations- OSF မှ ၂၀၁၈ ခုနှစ်အတွင်း အသေးစား နှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(SMED)ဘဏ်သို့ အမေရိကန်ဒေါ်လာ ၅ သန်းပေးပို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဌာန(Foreign Exchange Management Department - FEMD)သို့ လိုအပ် သောစာရွက်စာတမ်းများနှင့်အတူ ခွင့်ပြုချက်ရယူရန် ပျက်ကွက်ခဲ့ကြောင်း၊ FEMD ဌာန၏ခွင့်ပြုချက်ရရှိပြီးမှသာ Electronic Reporting System– ERS စနစ်ဖြင့် သတင်းပေးပို့ရမည်ဖြစ်သော်လည်း ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ERS စနစ်တွင် ရောနှော၍ သတင်းပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအမေရိကန်ဒေါ်လာ ၅ သန်းမှာ SMED ဘဏ်နှင့် Open Society Myanmar အကြား နားလည်မှုစာချုပ်တစ်ရပ်အနေဖြင့် ချုပ်ဆိုထားကြောင်း၊ SMED ဘဏ်တွင် အဆိုပါဒေါ်လာ ၅ သန်းအား အတိုးမဲ့အပ်နှံထားခြင်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၅ သန်း သုံးစွဲမည့်ကိစ္စနှင့်ပတ်သက်၍ စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း၊ စတင်အပ်နှံခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ Deposit အပ်ငွေ ၅ သန်းသာရှိပြီး ထပ်တိုး ထည့်သွင်းခြင်းမရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် SMED ဘဏ်၌ ထည့်သွင်း ထားသည့် အမေရိကန်ဒေါ်လာ ၅ သန်း အနက်မှ ၁.၄ သန်းခန့်ကို တစ်ဒေါ်လာလျင် မြန်မာငွေ ၁၄၀၀ ကျပ် ဈေးနှုန်းဖြင့် လဲလှယ်ရရှိငွေ ကျပ်သိန်းပေါင်း ၁၉,၉၉၉ သိန်း ကို လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီဘဲ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း စိစစ် တွေ့ရှိရပါသည်။
၎င်းတို့ ထုတ်ယူခဲ့သည့် မြန်မာငွေကျပ်သိန်းပေါင်း ၁၉,၉၉၉ သိန်းထဲမှ ဝန်ထမ်းလစာစရိတ်၊ လုပ်ငန်းသုံးပစ္စည်းများဝယ်ယူရန်နှင့် စီမံကိန်းလုပ်ငန်းသုံးငွေ၊ ဝန်ထမ်း ၉ ဦးထောက်ပံ့ငွေများ ပေးချေရန်အတွက် ငွေကျပ် သိန်း ၆,၀၀၀ ကို Open Society Myanmar ၏ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော် က အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုးမြင့်အောင် ထံမှ ခွဲဝေလက်ခံရယူခဲ့ကြောင်း သိရှိရ ပါသည်။ ကျန်ငွေ ကျပ်သိန်းပေါင်း ၁၃,၉၉၉ သိန်းအား ဒေါက်တာမျိုးမြင့်အောင်မှ Scholarship လုပ်ငန်းစဉ်အတွက် သုံးစွဲမည်ဟုပြောဆို၍ ယူဆောင်သွားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်ခန့်တွင် နေပြည်တော်ရှိ NGO အဖွဲ့များမှ CDM လှုပ်ရှားမှုများကို ငွေကြေးပံ့ပိုးနေကြောင်း ပြောဆိုသံများ ထွက်ပေါ်လာ သောကြောင့် ဒေါ်ဖြူပပသော်မှ ဒေါက်တာမျိုးမြင့်အောင်အား ရုံးလုပ်ငန်းစည်းမျဉ်း၊ Strategy နှင့် မကိုက်ညီသည့်လုပ်ငန်းများ၌ အဆိုပါငွေကျပ်သိန်းပေါင်း ၁၃,၉၉၉ သိန်းအား မသုံးစွဲသင့်ကြောင်း ဖုန်းဖြင့်ဆက်သွယ်ကာ သတိပေးပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ဒေါက်တာမျိုးမြင့်အောင်သည် ငွေကျပ်သိန်းပေါင်း ၁၃,၉၉၉ သိန်း နှင့်အတူ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ အဆိုပါငွေကြေးများသည် CDM လှုပ်ရှားမှုအထောက်အပံ့အဖြစ် စီးဆင်းသွားနိုင်သည့်အတွက် Open Society Myanmar မှ ဒေါ်ဖြူပပသော်အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်မှစ၍ စစ်ဆေးမေးမြန်းလျက်ရှိပါသည်။ ကျန်ရှိသည့် အောက်ပါပုဂ္ဂိုလ် ၁၁ ဦးအား အချိန်မီ ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမေးမြန်းရန် ဆောင်ရွက်လျက်ရှိပါသည်-
(၁) ဦးစစ်နိုင်(ဥက္ကဋ္ဌ)
(၂) ဒေါ်မြင့်စု(ဒုဥက္ကဋ္ဌ)
(၃) ဒေါက်တာ မျိုးမြင့်အောင် (အမှုဆောင်ဒါရိုက်တာ)
(၄) ဦးစောဝါးထူးဘဆိုင်(ပရိုဂရမ်မန်နေဂျာ)
(၅) ဦးဝင်းကျော်ကျော်ဦး(စီမံရေးအရာရှိ)
(၆) ဒေါ်မေမိုးခိုင် (ပရိုဂရမ်အရာရှိ)
(၇) ဦးအောင်အောင်လှိုင် (ပရိုဂရမ်အရာရှိ)
(၈) ဒေါ်ခေါန်နန်း(ပရိုဂရမ်အရာရှိ)
(၉) ဒေါ်စုစုအောင် (ပရိုဂရမ်နှင့် စီမံရေးကျွမ်းကျင်)
(၁၀) ဒေါ်ဇာခြည်ဝင်းထွန်း (စာရင်းကိုင်)
(၁၁) ဦးမျိုးကြည်သာစံ (နည်းပညာအထောက်အကူ)တို့ဖြစ်ကြပါသည်။
အလားတူ နိုင်ငံတကာမှဝင်ရောက်လျက်ရှိသည့် Open Society Myanmar ၏ ငွေစာရင်းအကောင့်များ၏ ငွေကြေးစီးဆင်းမှုများကိုပါ ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်း ၂၄ ခုအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်(SMED)ဘဏ်နှင့် သမဝါယမဘဏ်(CB)ဘဏ်စသည့် ပုဂ္ဂလိကဘဏ် ၄ ခုတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၈၁ သန်းနှင့် မြန်မာကျပ်ငွေ ၃၇၅ သန်းအပ်နှံထားကြောင်း စိစစ်တွေ့ရှိရသဖြင့် ယင်းဘဏ်အကောင့်များကိုပါ ထိန်းချုပ်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
SMED ဘဏ်အနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရဘဲ အမေရိကန် ဒေါ်လာ ၅ သန်း အား ထည့်သွင်းခဲ့ခြင်း၊ အမေရိကန်ဒေါ်လာ ၁.၄ သန်း အား မြန်မာငွေဖြင့် လဲလှယ်ထုတ်ယူခြင်းအား Electronic Reporting System - ERS စနစ်ဖြင့် ဗဟိုဘဏ်သို့ သတင်းပေးပို့ရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေတို့ဖြင့် ထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့အတူ Open Society Myanmar အဖွဲ့အစည်းသည်လည်း အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေစည်းမျဉ်းများအား ချိုးဖောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဥပဒေ အရ အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ငွေကျပ်သိန်းပေါင်း ၁၃,၉၉၉ သိန်းနှင့်အတူ ထွက်ပြေးတိမ်းရှောင် နေသည့် ဒေါက်တာမျိုးမြင့်အောင် အပါအဝင် ၁၁ ဦးကိုလည်း တရားဥပဒေအရ ဖမ်းဆီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ မိဘပြည်သူများ အနေဖြင့် အဆိုပါ ဆက်စပ်တရားခံ ၁၁ ဦးအား ဝိုင်းဝန်းဖမ်းဆီးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာနယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးပါရန်၊ လက်ခံထားသူများ ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။