ဆူပူအကြမ်းဖက်မှုလုပ်ဆောင်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လက်ဝယ်ထားရှိသူ များကို ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၁၉
    
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အသက်အန္တရာယ်ထိခိုက်စေသည်အထိ အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသည့် အပြင် အများပြည်သူ အသုံးပြုလျက်ရှိသည့်လမ်းများပေါ်၌ အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့်  အေးချမ်းစွာလုပ်ကိုင်စားသောက်လျက်ရှိသော ပြည်သူများ၏ သွားလာရေး အဆင်ပြေစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ကွက်နေ ပြည်သူများဖြင့် ပူးပေါင်းကာ အတားအဆီးများကို ဖယ်ရှားရှင်းလင်းလျက်ရှိသည်။
    
ထိုသို့ရှင်းလင်းလျက်ရှိရာ ယနေ့ ၁၁ နာရီခွဲခန့်တွင် လှိုင်မြို့နယ်၊ ဗဟိုလမ်းနှင့် ရွာမကျောင်းလမ်းဆုံနေရာ၌ ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်း များ ဆောင်ရွက်စဉ် ရပ်ကွက်အတွင်းမှ ဆူပူအကြမ်းဖက်သူလူတစ်စုက နေအိမ်တိုက်ခန်း များပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အုတ်ခဲ၊ ကျောက်ခဲများဖြင့်ပစ်ပေါက်ရန်ပြုခဲ့သည်။အဆိုပါပစ်ပေါက်ရန်ပြုခဲ့သည့် တိုက် ၃၀၇ နှင့် ၃၀၉ ကြားအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ရာ ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လေသေနတ် ၄ လက်၊ စကား ပြောစက် ၂ လုံး၊ လေးခွများ၊ စတီးဒိုင်းကာ ၂၀ ခု၊ ကော်ဒိုင်းကာ ၁၁ ခု၊ ဓာတ်ဆီပုလင်း ၁၅ ပုလင်းနှင့်အတူ အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ခဲ့သည့် သန်းထွဋ်(ဘ)ဦးအောင်ဆင့် အပါအဝင် အမျိုးသား ၇ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
    
ထို့ပြင် ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ စုဆောင်း ထားရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပင်းယ(၁၇)လမ်း၊ အမှတ်(၉၉၉^ခ) နေ ဦးဝင်းမင်းသိုက် နေအိမ်အား တာဝန်ရှိသူများနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နေအိမ်ဧည့်ခန်းရှိ စက္ကူဂျပ်ဖာအတွင်းမှ ဓာတ်ဆီနှင့်လောင်စာစထည့် ထားသည့် မီးပုလင်း ၂၀ လုံး၊ အင်ဂျင်ဝိုင် ၁ ပုံး၊ လက်လုပ် လေသေနတ် ၁ လက်၊ ဖိုင်ဘာဦးထုပ် ၂ လုံး၊ ဓာတ်ငွေ့ကာ Mask  ၂ ခု၊ မီးသတ်ဆေးဗူး ၂ ဗူးနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ " စခန်းမီးရှို့ရန် "  ဟု ရေးသားထားသည့် အလျား ၂ ပေ၊ အနံ ၂ ပေခန့်ရှိ White Board    ၁ ခုတို့နှင့်အတူ ဒေါ်လှလှနွယ်(ဘ)ဦးလှမြင့်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဝင်းမင်းသိုက်(ဘ) ဦးစိန်မောင်နှင့် သားနှစ်ဦးဖြစ်သည့် ဝေယံဟိန်း၊ ဟိန်းထက်အောင် တို့ ၃ ဦးမှာ ထွက်ပြေး တိမ်းရှောက်လျက်ရှိကြောင်း သိရှိရသည်။
    
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာ ရှိ အောင်နိုင်ဦး(ခ)အောင်နိုင်(ဘ)ဦးဘစိန် နေထိုင်သည့် နေအိမ်တွင် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများပြုလုပ်နေကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေရာ အောင်နိုင်ဦး အပါအဝင် အမျိုးသား ၆ ဦးကို ဒေသန္တရလက်ပစ်ဗုံးအကြီး/အသေး ၅၃ လုံး၊ ဒိုင်းကာ အကြီး/အသေး ၂၆ ခု၊ သံချွန် ၁၀ ချောင်း၊ သံဖြတ်စက် ၂ ခု၊ ကားဘီးများ ပေါက်စေရန် မူလီစိုက်ထားသော ဖော့တုံးအသေး ၁၀၀ ခုနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
    
ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် နွားထိုးကြီး မြို့နယ်အတွင်း၌ သံဒိုင်း ၃၅ ခု၊ ပြင်ဦးလွင်မြို့အဝင် လုံခြုံရေးဂိတ်၌ မန္တလေးမြို့မှ ပြင်ဦးလွင် မြို့သို့ ဆိုင်ကယ်ဖြင့် စီးနင်းဝင်ရောက်လာသော ကိုလင်း ဆိုသူအား ဂတ်စ်အားဖြင့် ပစ်ခတ် ရသည့် လုပ်သေနတ် ၁ လက်၊ ဓားမ ၁ ချောင်း၊ ဓားမြှောင် ၁ ချောင်းနှင့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်ခဲ့သူများနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို လက်ဝယ်ထားရှိသူများကို ဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင် ရေး သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင် လျက်ရှိသူများကို အချိန်တိုအတွင်းဖမ်းဆီးရမိရေး တာဝန်သိပြည်သူများနှင့် ပူးပေါင်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။