နေပြည်တော် ဒီဇင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တင်ဒါအောင် ကုမ္ပဏီ များ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများနှင့် ပြည်နယ်/ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီး ကြပ်ရေး မှူးများ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက ယနေ့ ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသည် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာ နှစ်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြေပြင် အခြေအနေများကို ညှိနှိုင်းသုံးသပ် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် အတွက်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရှိသည့် ဖဖရ မှူးများ နှင့်လည်း Video Conferencing ဖြင့် တစ်ပြိုင်တည်း ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
နယ်စပ်ဒေသများသည် ထူးခြားသည့် ဝိသေသ လက္ခဏာများရှိပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုနှင့် ရာသီဥတု ဆိုးဝါးမှုနှင့် တချို့နေရာများတွင် လုံခြုံရေးအခြေအနေ ထူးခြားသည့် ဒေသများဖြစ်သဖြင့် လုပ်ငန်းများ စံချိန် စံညွှန်း သတ်မှတ်ချက်နှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများကို ကြိုတင် မြော်တွေးပြီး ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် စီမံကိန်း လုပ်ငန်းများ၏ ငွေလုံးငွေရင်း ခွင့်ပြုရန် ပုံငွေကို လွှတ်တော်ကအတည်ပြုပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရလျှင် ရချင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်ထားသည့် (၁/၂ဝ၁၇)ပ တင်ဒါ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ အောက်တိုဘာလ ဒုတိယ ပတ်တွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပြီး တင်ဒါအောင် ကုမ္ပဏီများနှင့် အောက်တိုဘာလ တတိယပတ်တွင် စာချုပ် ချုပ်ဆို လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါတွင် နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများအားလုံး တင်ဒါစည်းမျဉ်း စည်းကမ်းနှင့်အညီ အောင်မြင်ထားပြီး ဖြစ်သည့် ကုမ္ပဏီများက စတင် ဆောင်ရွက်နေပြီဖြစ်ပြီး အချို့သော လုပ်ငန်းများမှာ ၂၅ ရာခိုင်နှုန်း/ ၃ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန် ချက်များ၊ လွှတ်တော်ကတိကဝတ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ တင်ပြချက်များ၊ ဒေသခံ လူထု၏ တောင်းဆိုမှုများ၊ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် မရှိမဖြစ် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို စီမံကိန်းတွင် လျာထားခဲ့ပြီး ဘဏ္ဍာငွေ ခွင့်ပြုဝင်ဆံ့မှု အရ ဦးစားပေးအလိုက် အဆင့်ဆင့် ကြပ်မတ်စစ်ဆေး ရွေးချယ်ခွင့်ပြုခဲ့သည့် လုပ်ငန်းများ ဖြစ် ကြောင်း။
ယင်းသို့ စီမံကိန်းလျာထားသည့်အခါ တွင် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ နှစ် ၃ဝ စီမံကိန်း၊ နှစ်ရှည်၊ နှစ်လတ်၊ နှစ်တို စီမံကိန်းများအပြင် Myanmar Sustainable Development Plan (MSDP) ၏ မဏ္ဍိုင်ကြီး သုံးခု၊ ရည်မှန်းချက်ငါးခုတို့၏ အစိတ်အပိုင်းများ အဖြစ်ချိတ်ဆက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်အခတွင် COVID-19 ကို ကြာရှည်ရင်ဆိုင် ခဲ့ရသည့်အတွက် လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan-CERP) ၏ ပန်းတိုင်ခုနစ်ခု၊ မဟာဗျူဟာ ၁ဝခု တို့နှင့်လည်း ချိတ်ဆက် မိအောင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များသည် ပြည်မနှင့် ပြည်နယ်အကြား ဖွံ့ဖြိုး မှုကွာဟချက် ကျဉ်းမြောင်း လာစေပြီး ပြည်မနှင့်ပြည်နယ်များ အကြားအလပ်မရှိ ဟန်ချက်ညီညီ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်စေရေး၊ နယ်စပ် ဒေသ များတွင် ရှိသည့် တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ဖွံ့ဖြိုးမှုရေရှည် တည်တံ့ စေရေး အတွက် ဦးတည်ချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းများကို နှစ်စဉ်ရေးဆွဲ အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ဘဏ္ဍာငွေ အကန့်အသတ်ရှိသည့်အတွက် ခွဲဝေရရှိသည့် ရန်ပုံငွေနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများကို ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းမှု အများဆုံးဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ အလေအလွင့်မရှိအောင် ထိန်းသိမ်းကြပ်မတ် စိစစ် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ စုစုပေါင်းလုပ်ငန်း ၅၄၈ ခုကို ငွေလုံး ငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၆၅ ဒသမ ၂၅၈ ဘီလီယံဖြင့် အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။
ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကလည်း ဖြစ်ပွားလျက်ရှိသည့် အတွက် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်မှုအပိုင်းနှင့် ကြီးကြပ်မှု အပိုင်းတွင် အခက်အခဲများလည်း ရှိနိုင်ပြီး တချို့လုပ်ငန်းခွင်များမှာ နှောင့်နှေး ကြန့်ကြာ နေသည်များလည်း ရှိကောင်းရှိနိုင်သဖြင့် အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြ ပေးစေ လိုကြောင်း။
ဝန်ထမ်းရေးရာကိစ္စရပ်များဖြစ်သည့် ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းမျဉ်းစည်း ကမ်းများလိုက်နာရေး၊ ဝန်ထမ်း သက်သာ ချောင်ချိရေး၊ အဂတိတရား ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ကျန်းမာ ကြံ့ခိုင်ကြ စေရေးနှင့် ဝန်ထမ်းများ အားလုံး အဂတိတရား ကင်းရှင်းရေးအတွက် အဂတိလိုက်စားမှုကို မသိလို့ကျူးလွန်ခြင်း မဖြစ်ရ လေအောင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေကိုလည်း လေ့လာသိရှိနိုင်ဖို့ ဌာနအားလုံးသို့ ဖြန့်ဝေ ထားပြီးဖြစ်ကြောင်း၊
ဝန်ထမ်းများ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားမှု ကင်းရှင်းပြီး ကျန်းမာကြံ့ခိုင် စေရေးအတွက် မိမိတို့၏ လက်အောက်တွင်ရှိသည့် ဝန်ထမ်း မိသားစုများကိုပါ အမြဲမပြတ် သွန်သင် ဆုံးမကြပ်မတ်ပြီး မိသားစု များ၏ သက်သာ ချောင်ချိရေး ကိစ္စရပ်များကိုလည်း တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင် ရွက်ပေးသွားကြရန် မှာကြား လိုကြောင်း။
နိဂုံးချုပ်အားဖြင့် နယ်စပ်ဒေသများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး မိမိတို့ ပြည်သူအများ မျှော်မှန်းထားသည့် စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး အဖြစ် တည်ရှိစေရေး အတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို တစ်နှစ်ထက်တစ်နှစ် ပိုမို တိုးတက်လာစေရန် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်း ဆောင်ရွက် သွားကြ ရေးမှာကြားခဲ့သည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းဌာန ညွှန်ကြားရေးမှူး များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက ၂ဝ၂ဝ-၂ဝ၂၁ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေး လုပ်ငန်းများအား COVID-19 ဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ အကောင်အထည် ဖော်ဆောင် ရွက်နေသည့် အခြေအနေများအား ဒေသအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။