နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်  မတ်  ၂၀

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်၏တာဝန်များအား ပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉  အရ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး  ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းနှင့်  တပ်မတော်သားများအနေဖြင့် တစ်ဦးချင်းအသိ   စိတ်ဓာတ်ကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်ပြီး မိမိတို့ တစ်ဦးချင်းမှ မိမိကိုယ်ကိုနှင့် မိမိတပ်ကိုကောင်းအောင်ကြိုးစားပြီး တပ်မတော်၊ တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစား လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  မြိတ်၊  ကျွန်းစုနှင့်  ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြား စဉ်ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင် မြိတ်၊ ကျွန်းစုနှင့်ကိုကိုးကျွန်း တပ်နယ်တို့မှ   တပ်နယ်မှူးများ၊  အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများမှား ယွင်းသည့်ကိစ္စရပ်များကို ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် အကြိမ်ကြိမ ကြိုးပမ်းခဲ့ကြောင်း၊ မဲစာရင်းများတွင် ကြီးမားသည့် လွဲမှားမှုများဖြစ်ခဲ့ပြီး သာမန်လွဲမှားမှုများ မဟုတ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်း မှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ    အတတ်နိုင်ဆုံးဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း   မည်သို့မျှဆွေးနွေး ညှိနှိုင်းဖြေရှင်းမရသည့်အတွက် ယခုအဆင့်ထိရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် အတွေ့အကြုံအားနည်းပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ ရွေးကောက်ပွဲအတွေ့အကြုံရှိခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကတည်း ကပင် ရွေးကောက်ပွဲတစ်ခုသည် ဖိအားများရှိနေပါက ရိုးသားသော ရွေးကောက်ပွဲနှင့် မှန်ကန်သော ရလဒ် ထွက်ပေါ်သည့် ရွေးကောက်ပွဲမဖြစ်လာနိုင်သည်ကို အတွေ့အကြုံရရှိခဲ့ကြောင်း။

ဒီမိုကရေစီဆိုသည်မှာ အများ၏ ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အများ၏ ဆန္ဒနှင့် ဆောင်ရွက်သည် ဆိုသော်လည်း အများ၏ဆန္ဒသည် စစ်မှန်ပြီးရိုးသားသည့် နိုင်ငံရေးဖြစ်ရန်လိုကြောင်း၊ အများဆန္ဒသည် ရိုးသားမှုမရှိပါက ယင်းနိုင်ငံရေးသည် ဒီမိုကရေစီဟုပြောနိုင်ရန်ခဲယဉ်းကြောင်း၊ တက်လာသည့် အစိုးရများ သည် ဒီမိုကရေစီကို   မှန်မှန်ကန်ကန်နှင့်   အမှန်တကယ် အလုပ်လုပ်နိုင်မည့် အစိုးရဖြစ်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ ၂၀၁၀   ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၇ ရာခိုင်နှုန်းမဲပေးခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇၀ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း၊ ၂၀၁၆ ခုနှစ်တွင်တက်လာသည့် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူများအနေဖြင့် အားမလိုအားမရ ဖြစ်လာကြသည်ကိုတွေ့ ရကြောင်း၊  ပြည်သူများက ၎င်းတို့၏ ဆန္ဒအလျောက်အလွှာအသီးသီး၏ ခံစားချက်များကိုမူတည်၍ အစိုးရ လုပ်ဆောင်ချက်များအပေါ်မှာ အားမလိုအားမရ ဖြစ်လာသည့်အတွက် ရွေးကောက်ပွဲလုပ်ရန်ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ် စိတ်ပျက်ပြီး မဲမပေးချင်သောစိတ်များ ဖြစ်လာကြသည်ကိုတွေ့ရပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကိုတွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့်အခါတွင် ရန်ကုန်တစ်မြို့နယ်လုံး၌ ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်ခန့်သာ ရှိသည်ကို သိရှိရကြောင်း။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲပြုလုပ်ခြင်း၊ ဆန္ဒမဲပေးခြင်းသည် အနှစ်သာရပင်ဖြစ်သောကြောင့် မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ရောက်သည့် နေရာတိုင်းတွင် နှစ်သက်ရာကိုမဲပေးရန်၊ တိုင်းပြည် နှင့် လူမျိုးအကျိုးသယ်ပိုးနိုင်မည့်သူ၊ ဒေသအကျိုးကို ဖော်ဆောင်နိုင်မည့်သူများကိုရွေးခြယ်မဲပေးကြရန် တိုက်တွန်းခဲ့ကြောင်း၊ ဖြစ်သင့်သည်ကိုသာ တိုက်တွန်း ပြောပြခဲ့ကြောင်း၊ တပ်မတော်ကိုတပ်တွင်းမဲရုံများတွင် မဲပေးခြင်းမှအပြင်တွင် မဲပေးရမည်၊ ပြည်သူနှင့်အတူ မဲပေးရမည်ဟုပြောလာသည့်အခါ မိမိအနေဖြင့် ချက်ချင်းပင် သဘောတူခဲ့ကြောင်း၊ ပြည်သူနှင့်အတူ လွတ်လွတ်လပ်လပ်မဲပေးရန် ဆောင်ရွက်ခဲ့ကြောင်း၊ မဲပေး သည့်ကာလ၊ မဲပေးသည့်အချိန်တွင် မဲရုံများနှင့်ပတ်သက်၍ ကြိုတင်မဲ ပြဿနာများရှိကြောင်း၊ ကြိုတင်မဲများနှင့် စပ်လျဉ်း၍ အမိန့်၊ ညွှန်ကြားချက်များနှင့် ပြင်ဆင်ချက်များပေး၍ မဲပေးခိုင်းသည်ကို တွေ့ရကြောင်း၊ ဥပဒေကိုကျော်လွန်၍ မဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေကို ကျော်လွန်သည့်အမိန့်များကို ထုတ်ပြန်မှု မပြုသင့်ကြောင်း၊ သို့သော် အဆိုပါအချက်များကို မျက်ကွယ်ပြု၍ ကိုဗစ်ဖြစ်သည်ကို အကြောင်းပြ ကာ ထုတ်ပြန်ထားသည့်အမိန့်များကို  တွေ့ရကြောင်း။

ရွေးကောက်ပွဲမတိုင်မီဆောင်ရွက်သည့် ပါတီမဲဆွယ်စည်းရုံးရေးများတွင်လည်း ပါတီများ၏ ပြောဆိုလုပ်ပိုင် ခွင့်နှင့်ပတ်သက်၍ တရားမျှတမှု သံသယဖြစ်စရာများတွေ့ရှိကြောင်း၊ ပါတီ၏မူဝါဒများ ကြေညာ၍ မဲဆွယ် စည်းရုံးရာ၌ပင် ဆင်ဆာဖြတ်တောက်မှုများရှိလာကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့်နေရာတိုင်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိကထားဦးတည်၍ ပြောခဲ့ ကြောင်း။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပ ပြုလုပ်ချိန်သည် COVID-19 ရောဂါဖြစ်ပွား နေချိန်ဖြစ်ပြီး social distancing နှင့်အညီ မဲပေးမှုများဆောင်ရွက်ခဲ့ရကြောင်း၊ မဲပေးမှုမှာ ၇၁ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ မဲစာရင်းရလဒ်များကို စစ်ဆေးခဲ့ရာတွင်လည်း ကွာဟမှုများစွာတွေ့ရှိခဲ့ရပြီး တွေ့ရှိချက်များကို လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုသို့ မဲစာရင်းလွဲမှားနေမှုများကို ပြန်လည်စိစစ်ပေးရန် အကြိမ်ကြိမ် ပြောဆိုခဲ့ကြောင်း၊ မြိတ်မြို့နယ်တွင် မဲမသမာမှုပေါင်း ၅ သောင်းကျော်နှင့် ကျွန်းစုမြို့နယ်တွင် မဲမသမာမှု ပေါင်း ၃ သောင်းကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ဆိုပါက ၁၀ သန်းကျော်ရှိခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ မဲစာရင်းလိမ်လည်မှုသည် ဆိုးဝါးသည့် လုပ်ရပ်ဖြစ်ပြီး ရိုးရိုးသားသားဖြင့် လုပ်ဆောင်လျှင် မဲနိုင်မည်ဖြစ်သော်လည်း  ရိုးရိုးဖြေပါက အောင်မြင်မည့်စာမေးပွဲကို မတန်တဆအမှတ်လိုချင်သဖြင့် မသမာ သည့်နည်းဖြင့် လုပ်ဆောင်သည်နှင့်တူနေကြောင်း၊ ထိုသို့ မဲစာရင်းမှားယွင်းနေမှုများကိုဖြေရှင်း ဆောင်ရွက် ပေးခြင်းမရှိသည့်အပြင် တတိယ အကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မကြံစည် ကြိုးပမ်းလာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်း ချက်များ နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်၏တာဝန်များအား ပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင်လည်း တပ်ဘက်၊ အရပ်ဘက်မျှတအောင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌများကို အရပ်သားများဖြင့်သာ ဖွဲ့စည်းပေးခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တ တာဝန်ယူထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း။

စတင်တာဝန်ယူသည့် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့ သော်လည်း ဒုတိယအပတ်မှစတင်၍ ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒပြမှုများမှာ ကိုဗစ်ကာလအကျပ်အတည်း ထိန်းချုပ်မှု၊    တခြား တစ်ဖက်ကလည်း ရွေးကောက်ပွဲ မဲမသမာမှုအပေါ် ယခုလိုဆောင်ရွက်ခြင်းကြောင့် မခံမရပ်နိုင်သူများ ကြောင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ အားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားအနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊ ယခုအခါဆူပူဆန္ဒပြ သည့်အဆင့်မှ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေချိုး ဖောက်မှုအဆင့်များမှတစ်ဆင့် ပွိုင့် ၂၂ သေနတ်၊ တူမီး သေနတ်၊ လေသေနတ်၊ လက်လုပ်သေနတ်၊ လက်လုပ်လက်ပစ်ဗုံးများ၊ မီးပုလင်း၊ မီးကွင်းကဲ့သို့သော အဖျက် အမှောင့်လက်နက်များကို ကိုင်ဆွဲ၍ နိုင်ငံတော်အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေး ဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာနေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ်အဆောက်အဦ များ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်းရန်ကြိုးပမ်းအားထုတ်မှုများ စသည့် လက်နက်ကိုင် အကြမ်းဖက်သည့် အဆင့်သို့ ကူးစက်အသွင်ပြောင်းလာခဲ့သည်ကို တွေ့ရှိလာရကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင့် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်လာခြင်းတို့ပြုလုပ်လာ ကြောင်း၊ ထို့ကြောင့် မည်သို့မျှမတတ်သာသည့်အဆုံး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့ နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ဆောင်ရွက်ခဲ့ ရကြောင်း၊ လူငယ်လူရွယ်များကို အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကင်းမဲ့စေသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်လာစေရန်၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ရပြီး နိုင်ငံတော်အတွက် အန္တရာယ်ရှိသည့်လုပ်ရပ်များပင်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  ရှေ့လုပ်ငန်းစဉ်၅ ရပ်ကို ချမှတ်ဆောင်ရွက် လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို စိစစ် လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန် ကြေညာ လျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊    ထို့ပြင် စစ်ဆေးရန်လိုအပ်သည်များကို စစ်ဆေးလျက်ရှိပြီး အဂတိလိုက်စားမှုဆိုင်ရာတွေ့ ရှိချက်များကိုလည်း သတင်းများထုတ်ပြန်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက် မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများ ပိတ်ထား ရခြင်းသည် ကျောင်းသားကျောင်းသူများနှင့် မိဘတစ်ဦးချင်းစီ၏ နစ်နာဆုံးရှုံးမှုအပြင် တိုင်းပြည် အတွက် လည်း နစ်နာဆုံးရှုံးမှုပင်ဖြစ်သောကြောင့် ကျောင်းများစနစ်တကျပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်စေရန်၊ မသမာသူများက လှုံ့ဆော်မှုမရှိစေရန်၊ ကျောင်း များကို ယခင်အတိုင်းပင်ထားရန် အကြံပြုမှုများရှိသော်လည်း မိမိ၏ ခံယူချက်မှာ ကျောင်းတစ်နှစ်ပိတ် ထားလျှင် တစ်နှစ်နစ်နာမည်ဖြစ်၍  ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ အောင်မြင်အောင်ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာတည်ဆောက်ရန် ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ပြည်ပအန္တရာယ်ကိုကာကွယ်ရန် အဓိကတာဝန်ရှိကြောင်း၊ သို့သော်လည်း ခေတ်အဆက်ဆက် ပြည်တွင်းသောင်းကျန်းမှုများကို ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသဖြင့် ယနေ့ထက်တိုင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ပြည်တွင်း လုံခြုံရေးတွင် အဓိကတာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်စွမ်းအားကို မြှင့်တင် ဆောင်ရွက် ပေးနေခြင်းပင်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် တပ်မတော်ကို စွမ်းရည်စွမ်းအားမြင့်မားသည့်၊ တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန် သည့် တပ်မတော်ဖြစ်အောင် အမြဲတမ်းလေ့လာ၊ လေ့ကျင့်၊ လိုက်နာကြရမည်ဖြစ်ကြောင်း၊ လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှသာလျှင် Team work ရရှိပြီး အဖွဲ့လိုက် စွမ်းဆောင်ရည်များလည်း  ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတာဝန်ကို ရိုးရိုးသားသားနှင့် ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ တစ်ဦးချင်း အသိစိတ်ဓာတ်ကောင်းမွန်စွာဖြင့် ကြိုးစား ဆောင်ရွက်ပြီး မိမိတို့ တစ်ဦးချင်းမှ  မိမိကိုယ်ကိုနှင့်  မိမိတပ်ကိုကောင်းအောင်ကြိုးစားပြီး တပ်မတော်၊ တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာ ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊  ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)    ဗိုလ်ချုပ်ကြီး မိုးအောင်တို့က အားကစားပစ္စည်းများ၊ သုတရသစာအုပ် စာစောင်များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီးပေးအပ်ကြရာ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင် နှင့်    တပ်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနချုပ်မှူးများက လက်ခံရယူကြသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် တပ်နယ်အသီးသီးရှိ တပ်ရင်း၊ တပ်ဖွဲ့များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။

(၁၀၀)