နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ရုပ်သံအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော်  ဇွန်  ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာနှင့် ပြည်တွင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက   ဦးစီးကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ရုပ်သံအစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ တစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အာဆီယံ-တရုတ်  မိတ်ဖက်ဆက်ဆံရေး နှစ်(၃ဝ)ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ-တရုတ် ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို(၁၅)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ရုပ်သံအစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပခဲ့သည်။

အဆိုပါ  ရုပ်သံအစည်းအဝေးများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများက ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင်ဟူသည့် အာဆီယံ အသိုက်အဝန်းတစ်ရပ် ဖြစ်လာစေရေးအတွက် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အာဆီယံကာကွယ်ရေး ဝန်ကြီးများ ပူးတွဲကြေညာချက်ကို အွန်လိုင်းမှတစ်ဆင့် သဘောတူညီ ထုတ်ပြန်ကြေညာခဲ့ကြကြောင်း သတင်းရရှိသည်။