ယမန်နေ့မှအဆက်
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ယခုလက်ရှိတွင် တရားဥပဒေ စိုးမိုးရေးအတိုင်း သွားနေသည် ဆိုသော်လည်း ပြည်သူများအမြင်တွင် ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များလည်း ပြန်လည်ပြီးတော့ မတည်ဆောက်နိုင်သေးကြောင်း၊ မည်သည့်အချိန် ကာလအတွင်း ပြန်အခြေချနိုင်မှုနှင့် တိတိကျကျ ဆောင်ရွက်နိုင်မှုကို သိလိုကြောင်း၊ နောက်တစ်ခုမှာ ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး NLD အစိုးရလက်ထက်တွင်လည်း ဆန္ဒပြမှုများရှိခဲ့ပါကြောင်း၊ ထိုအချိန်က ဆန္ဒပြသည့်အချိန်တွင် ဆန္ဒပြသူများက ၎င်းတို့၏ ဆိုလိုရင်းကို တောင်းဆိုကြောင်း၊ ၎င်းတို့ကိုင်လိုသည့် ကြွေးကြော်သံကို ကိုင်ကြကြောင်း၊ သို့သော် နိုင်ငံ့ခေါင်းဆောင်ပုံများကို ဒေါ်အောင်ဆန်းစုကြည် ပုံဖြစ်ဖြစ်၊ ဦးဝင်းမြင့် ပုံဖြစ်ဖြစ် မဖွယ်မရာ လုပ်တာကို မတွေ့ခဲ့ရကြောင်း၊ သို့သော် ယခုအခါ နိုင်ငံ့ခေါင်းဆောင်ပုံများကို မဖွယ်မရာ ပြုလုပ်ခြင်းများစွာကို မမြင်ချင်အဆုံး တွေ့လာရပါကြောင်း၊ ယခု အခြေအနေများအပေါ် ဗိုလ်ချုပ်တို့အနေနှင့် လူငယ်များကို ဘာများ ပြောချင်ပါသလဲ၊ ဘာတွေ လုပ်ဆောင်သွားဖို့ရှိမလဲ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး ကိစ္စကိုပြောရလျှင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၆ဝဝဝ ကျော် ခန့်အပ်သွားမှာဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ၁၄၅ဝဝ ကျော် ခန့်အပ်ပြီး ဖြစ်ကြောင်း၊ ၈၅ ရာခိုင်နှုန်း ကျော်ခန့် ခန့်အပ်ပြီး ခန့်အပ်ရန် ၁၅ ရာခိုင်နှုန်း နီးပါးကျန်သေးကြောင်း၊ ဆက်လက် ခန့်အပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့် ပုံများကိစ္စကို ဖြေရလျှင် နိုင်ငံ့ခေါင်းဆောင်ပုံတွေကိုသာမက ဆရာတော် များ၏ ပုံများကိုပါ မဖွယ်မရာ ပြုလုပ်နေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ လူငယ် လူရွယ်များကို မိမိအနေဖြင့်ပြောလိုသည်မှာ အဓိကအားဖြင့် နိုင်ငံရေးစနစ်များ အကြောင်း၊ စီးပွားရေးစနစ်များ အကြောင်း၊ လူမှုရေးစနစ်များ အကြောင်း စသည်ဖြင့် ကြီးကြီးကျယ်ကျယ် ပြောကြပါကြောင်း၊ မည်သည့် နိုင်ငံရေးစနစ်ဖြစ်စေ၊ မည်သည့် စီးပွားရေးစနစ်ဖြစ်စေ အမှန်တကယ်တွင် လူမှုရေးစနစ် အပေါ်တွင်သာ အခြေခံရတာ ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် မိမိတို့ မည်မျှပင် ကြီးကြီးကျယ်ကျယ် ပြောနေပါစေ ထိုင်းနိုင်ငံနှင့် ယှဉ်လျှင် မိမိတို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေပါကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း ယခုကဲ့သို့ပင် ဆန္ဒပြမှုများဖြစ်ခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် ယှဉ်၍ ပြောနေခြင်းမဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ ဖြစ်စဉ်ချင်းလည်းတူ၍ ပြောပြနေခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရှပ်နီ၊ ရှပ်ဝါများ၏ ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကြွေးကြော်ကြပါကြောင်း၊ ထိုင်းနိုင်ငံတွင် ဆန္ဒပြသည့်အချိန်က မည်သည့်ဘုန်းကြီးပုံကို မည်သည့်ထိုင်းလူမျိုး၊ မည်သည့်ထိုင်းလူငယ်က မဖွယ်မရာ လုပ်သည်ကို မြင်ဖူးပါသလဲ၊ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပတ်သက်လာလျှင် ကျန်သည့်နိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်အတုခိုးရ၊ သင်ယူရပါကြောင်း၊ တရားတော်များ၊ သမထ၊ ဝိပဿနာများနှင့် ပတ်သက်လျှင်လည်း မြန်မာနိုင်ငံတွင် လာကြည့်မှ၊ ရှုမှသာ ပြည့်စုံသည်ဟု ယူဆကြပါကြောင်း၊ ယခုလို အခြေအနေရှိသည့် နိုင်ငံတွင် လွန်ခဲ့သည့် ၁ဝ နှစ်၊ အနှစ် ၂ဝ၊ ၂၅ နှစ်ခန့်က လူငယ်များသည် ဘုန်းကြီးကျောင်းများတွင် နေခဲ့ဖူးခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ တက်ခဲ့ဖူးခြင်းတို့ကြောင့် ၎င်းတို့၏အကျင့်စရိုက်ကို ယခုတက်ရောက်လာကြသည့် မီဒီယာများထဲမှ အဆိုပါခေတ်ကို မီဖူးသည့်သူများ သိကြမှာဖြစ်ကြောင်း၊ ယခုနောက်ပိုင်း လူငယ်များကို ဘာသာတရားကို ရိုသေနေရမည်၊ ကိုင်းရှိုင်းနေရမည်ဟု မိမိမဆိုလိုကြောင်း၊ မိမိနိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှု စနစ်များကို အဓိက ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အခြေတည်မှုသည် အဆိုပါ စနစ်များအပေါ်တွင် အများကြီး မူတည်ပါကြောင်း၊ မည်သည့် နိုင်ငံရေးစနစ်၊ မည်သည့် စီးပွားရေးစနစ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ မပြောစေလိုကြောင်း၊ အထက်ပါ စနစ်များမှ မခိုင်မာလျှင် မည်သည့်စနစ်မှ ခိုင်မာမည်မဟုတ်ကြောင်း၊ လူငယ်များအနေဖြင့် ယခုပြသထားသည့် အကြမ်းဖက်သည့် ပစ္စည်းများကိုကိုင်၍ အကြမ်းဖက်ခြင်း၊ မီးရှို့နေခြင်းများသည် မှန်ကန်သည့် လမ်းကြောင်း ဖြစ်ပါသလားဟု ပြန်လည်သုံးသပ်ရန် လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တာဝန်ယူပြီးသည့် နောက်ပိုင်းတွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို သာသွားမည်ဟု ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ဖြစ်စေရန် ရွေးကောက်ပွဲလုပ်၍ အနိုင်ရပါတီအား အာဏာလွှဲပြောင်း ပေးမည်ဟု အတိအလင်း ပြောကြားပြီးဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ကွန်မြူနစ်စနစ်ကို သွားနေခြင်းမဟုတ်သကဲ့သို့ ဆိုရှယ်လစ်စနစ်ကို သွားနေခြင်းလည်း မဟုတ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို သွားနေခြင်းဖြစ်ကြောင်း၊ ယခုလူငယ်များ လိုချင်နေသည့် ဒီမိုကရေစီစနစ်ကို ပေးနိုင်ရန် မိမိတို့အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ သို့သော် ယခုလက်ရှိတွင် လူငယ်များအနေဖြင့် ဘာကိုလိုချင်၍ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည်ကို နားမလည်နိုင်ကြောင်း၊ နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်ပေးနေသည့် သူများထဲမှ အဖမ်းခံရသည့်သူ တော်တော်ရှားပါကြောင်း၊ လူငယ်များသာ သေတာကျေတာ၊ ဒဏ်ရာရတာရှိပါကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဆန်းစစ်၊ သုံးသပ်ကြစေလိုသည်ဟု စေတနာဖြင့် အကြံပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က လူငယ်များ ဆုံးရှုံးရသည်ဖြစ်စေ၊ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ဆုံးရှုံးရသည်ဖြစ်စေ တိုင်းပြည်အတွက် အမြတ်မရှိ၊ အရှုံးကြီးသာ ဖြစ်နေပြီး လူငယ်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသာ ထိပ်တိုက်တွေ့နေရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ချေမှုန်းသည့်အခါ လူငယ်များ ထိခိုက်ရကြောင်း၊ လူငယ်များဘက်မှ ပြန်ပြီး တုံ့ပြန်သည့်အခါ လုံခြုံရေး တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးရကြောင်း၊ ယခုလို အခြေအနေမျိုးတွင် အဓိက တာဝန်ရှိသည့်လူများ၊ လှုံ့ဆော်သူများ၊ ဝရမ်းထုတ်ထားသည့် ခုနစ်ယောက်၊ CRPH အဖွဲ့ဝင်များ၊ ယင်းအဖွဲ့တွေကို မထိန်းသိမ်းနိုင်လျှင် လူငယ်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဆုံးရှုံးနေကြောင်း၊ ပြည်သူများအတွက် ဘယ်လိုများ ပြောနိုင်ပါသလဲ သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယင်းအမြင်မှာ ဟုတ်ပါကြောင်း၊ ယင်းအမြင် မှန်သည်ဟု ပြောရခြင်းမှာ ပထမဦးဆုံး အခြေအနေမှ တပ်မတော်က တာဝန်ယူ လိုက်ပြီးသည့် အခြေအနေတွင် ဆန္ဒပြမှုများအတွက် လုပ်ဆောင်သွားသည့်အခါ တပ်မတော် အကြီးအကဲ အနေနှင့်ပြောကြားသည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဆိုလျှင် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆူပူမှုဖြစ်လာမည်ဆိုပါက အနည်းဆုံးအင်အား၊ အနိမ့်ဆုံး အဆင့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ခဲ့ခြင်းအပေါ် အားလုံးသည် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ထိန်းသိမ်း ဆောင်ရွက်သည်များလည်း ရှိကြောင်း၊ ယခုလို ဆောင်ရွက်မှုအပေါ် လစ်ဟာသွားသည်များလည်း ရှိကောင်းရှိနိုင်ကြောင်း၊ ဥပမာ ပြောရမည်ဆိုလျှင် လှုံ့ဆော်သူများထဲတွင် ပါနေသော၊ CRPH အဖွဲ့ဝင်များထဲတွင် ပါနေသော လူများကို ထိန်းသိမ်းခဲ့ကြောင်း၊ လိုအပ်သည့် မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ပြန်လွှတ်ပေးခဲ့သည့် အခါ ပိုဆိုးခဲ့ကြောင်း၊ မည်သို့ပင်ဖြစ်စေ လောလောဆယ် အခြေအနေတွင် ဆန္ဒပြမှုများနှင့် ဆူပူမှုဖြစ်စဉ်များ လျော့ကျနေတာ တွေ့ရမှာဖြစ်ကြောင်း၊ သို့သော် ထပ်မံဖြစ်ပွားအောင် လှုံ့ဆော်မှုများ လုပ်ဆောင်နေတာ ရှိကြောင်း၊ လှုံ့ဆော်နေသူများကို အဓိကထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်အခါ မိမိတို့နိုင်ငံတစ်နိုင်ငံတည်း တတ်နိုင်တာရှိကြောင်း၊ တချို့အရာတွေမှာ ပူးပေါင်းဆောင်ရွက်သွားရမှာ များလည်း ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက် သွားရမည့် ကိစ္စများကိုလည်း လုပ်ဆောင်လျက် ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် မိုးဇော်က အကြမ်းဖက် တိုက်ခိုက်သည့် ပစ္စည်းများ ယခုပြသထားကြောင်း၊ ဗိုလ်ချုပ် ရှင်းပြခဲ့သည့်အထဲတွင်လည်း ပါဝင်ပါကြောင်း၊ မင်းမဲ့စရိုက်ဆန်သည့် ပြုလုပ်မှုများက ဒီမိုကရေစီနှင့် ဆန့်ကျင်ပြီး နှိမ်နင်းရသည်ဟု ပြောကြောင်း၊ နိုင်ငံတကာကလည်း ဆန္ဒပြနေသည့် လူများအပေါ်၊ ပစ်ခတ်နှိမ်နင်းမှုများ အပေါ် အင်အားသုံးနှိမ်နင်းသည်ဟု နစကကို ဝေဖန်ရှုတ်ချနေမှုများ ရှိပါကြောင်း၊ ယင်းအခြေအနေအပေါ် မြန်မာပြည်သားများထဲတွင်လည်း ယခုလို ပစ်ခတ်နှိမ်နင်းသည့်အပေါ် မကျေနပ်မှု များနေကြောင်း၊ တပ်မတော်အပေါ် မုန်းတီးမှုများ ဖြစ်လာပြီး တပ်မတော်နှင့် ပြည်သူကြားထဲတွင် တဖြည်းဖြည်းနှင့် ကင်းကွာလာပြီး ပိုမိုဝေးသွားသည့် ပုံစံမျိုးများ တွေ့နေရကြောင်း၊ ယင်းအခြေအနေကို မည်ကဲ့သို့ ပြန်လည်ဖြေရှင်းမှုမျိုး ရှိမည်ကို သိလိုကြောင်း၊ ယင်းပစ်ခတ်နှိမ်နင်းရသည့် အခြေအနေတွင် Martial Law စစ်အုပ်ချုပ်မှု အခြေအနေများ မည်သည့်အချိန်ခန့်တွင် အဆုံးသတ်မှုရှိမလဲ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဓိကအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ အကြမ်းဖက် ဆူပူဆန္ဒပြမှုများ ဖြစ်လာကြောင်း၊ ပြန်ပြီးသုံးသပ်ကြည့်လျှင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က တာဝန်ယူခဲ့ပါကြောင်း၊ ဆန္ဒပြသူများ စတင်ဖြစ်ပွားသည့်နေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ ဆန္ဒပြသူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြကြပါကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည် စီတန်းလှည့်လည်ခြင်းများ ရှိကြောင်း၊ သို့သော် ဥပဒေနှင့် မကိုက်ညီပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင်လည်း တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ဆီ၌ နိုင်ငံတကာလို ဆန္ဒပြမည်ဆိုလျှင် ဘယ်လို လျှောက်ထားရမည်၊ ဘယ်နေရာမှာ ဘယ်လိုပြမည်ဆိုသည့် ခွင့်ပြုချက် ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် ညီလားဆိုလျှင် ဥပဒေနှင့်မညီပါကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟု ခေါ်လို့ရကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဖြိုခွင်းခဲ့ခြင်း မရှိပါကြောင်း၊ ဖြိုခွင်းခဲ့ခြင်း မရှိသည့်အပြင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ဆန္ဒပြမှုများကို ဘေးကစောင့်ကြည့်ခြင်းသာ ဖြစ်ကြောင်း၊ ၉ ရက်နေ့မှ အကြမ်းဖက်မှု စဖြစ်လာပြီး နေပြည်တော်၌ စဖြစ်သည်ဟု မှတ်မိပါကြောင်း၊ ၉ ရက်နေ့တွင် ရုံးတက်မည့် ကားများကို သပြေကုန်းအဝိုင်းတွင် တားခဲ့ပါကြောင်း၊ ရုံးတက်မည့်ကားများ တားသည်ကို မီဒီယာများ အနေဖြင့် ထုတ်လွှင့်ခဲ့ခြင်း မရှိပါကြောင်း၊ လူအုပ်စုနှင့်တားခြင်းကို ဖယ်ရှားရန်လုပ်သည့်အခါ ရဲကားများ၊ ရေကားများကို ခဲနဲ့ပစ်ခြင်းကြောင့် ထိုမှစခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုမှစပြီး လက်နက်နဲ့ စပြီး ပစ်သည့်အဆင့်ထိ ဖြစ်လာပါကြောင်း၊ ထိုအဆင့်မျိုးဖြစ်လာလျှင် မည်သည့်နိုင်ငံမှ လက်မခံပါကြောင်း၊ ဒီမိုကရေစီဟု ပြောနေသည့်နိုင်ငံမှာလည်း လက်မခံပါကြောင်း၊ အမေရိကန်နိုင်ငံတွင် မကြာခင်က ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အအုံ ဝင်စီးခဲ့သည်မှာ ဘယ်လိုပစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မင်းမဲ့စရိုက်ကို နှိမ်နင်းရမည်ဖြစ်ကြောင်း၊ ထိုသို့ နှိမ်နင်းရသည်မှာ နံပါတ်တစ်အနေဖြင့် သာမန် ပြည်သူလူထုကို ထိခိုက်နိုင်ခြင်း၊ နံပါတ်နှစ်အနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်ခြင်းတို့ကြောင့် မိမိတို့နှိမ်နင်းရမည်ဖြစ်ကြောင်း၊ ထိုသို့နှိမ်နင်းသည့်အခါတွင် နိုင်ငံတကာမှ ပြောမည့်အရာများရှိပါကြောင်း၊ ပြည်သူနှင့် ကင်းကွာနေသလို ခံစားရပါသလားဆိုလျှင် ကင်းကွာနေသည်ဟု မခံစားရပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆူးစူးနေသည်ကို နာမည်စိုးသောကြောင့် မထွင်ဘဲနေ၍ မရပါကြောင်း၊ ဆူးစူးနေသည်ကို မနာစေချင်လျှင် ထွင်ရမည်ဖြစ်ပါကြောင်း၊ ဆူးကြီးလျှင်ကြီးသကဲ့သို့ အပ်ချိတ်ကြီးကြီး သုံးရမည်ဖြစ်ကြောင်း၊ ဆူးသေးလျှင် သေးသကဲ့သို့ အပ်ချိတ်သေးသေး သုံးရမည်ဖြစ်ကြောင်း၊ ထိုဆူးကိုအပ်နှင့်ထွင်လျှင် နာသင့်သလောက်နာမည် ဖြစ်ကြောင်း၊ နာသင့်သလောက် နာခြင်းသည် မထွင်ဘဲနေပါက ဆူးစူးသည့် ခြေထောက်ဖြတ်ပစ်ရမည် စိုးသောကြောင့် ထွင်ရခြင်းဖြစ်ကြောင်း၊ ဆူးကြီးလျှင် ကြီးသလောက် နာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခြေထောက်က ဦးနှောက်ကို မုန်းလိုကမုန်းပါစေ ပျောက်သွားလျှင် ဦးနှောက်နှင့် ခြေထောက် တစ်သားတည်း ဖြစ်သွားမည်ဖြစ်ကြောင်း၊ ကိစ္စမရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သက်သေခံချက်များ ပြသသွား သည်ကို တွေ့ရပါကြောင်း၊ မိမိမေးလိုသည်မှာ သြစတြေးလျနိုင်ငံသား ရှောင်တားနားနှင့် ပတ်သက်ပြီး ၎င်း၏ထုတ်ဖော် ပြောဆိုမှုနှင့်ပတ်သက်ပြီး မသမာသည့် နိုင်ငံခြား ငွေကြေးစီးဆင်းမှုများ ရှိကြောင်းကို အစောပိုင်းက သတင်း ထုတ်ပြန်ထားခြင်း တွေ့ရပါကြောင်း၊ အသေးစိတ် ထွက်လာခြင်းမျိုး မရှိသေးကြောင်း၊ အဓိကမေးလိုသည်မှာ ရှောင်တားနားက နစကနှင့် ပူးပေါင်းပြီး ယခင်အစိုးရ၏ ငွေကြေးမသမာမှုများကို သက်သေခံရန် ရှိ မရှိနှင့် ထိုအမှုကိစ္စကို ပိုပြီး အသေးစိတ် ပြောပြ၍ရမည်ဆိုပါက သိလိုကြောင်း၊ ၎င်းထုတ်ဖော်သည့် အချက်အလက်များသည် ပြီးခဲ့သည့် အစိုးရအကြီးအကဲများမှ မည်သူ့ကို တရားစွဲဆိုနိုင်သည့် အချက်များ ဖြစ်သည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သြစတြေးလျ နိုင်ငံသား ရှောင်တားနားနှင့် ပတ်သက်ပြီး မိမိတို့ စစ်ဆေးနေသည်မှာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ ( ၁ )နှင့် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃၁(ဃ)ဖြင့် စစ်ဆေးနေခြင်းများ ရှိကြောင်း၊ ၎င်းကို သံရုံးတာဝန်ရှိသူများ၊ မိသားစုဝင်များနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခွင့် နှစ်ကြိမ်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ နောင်လည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က ၎င်း၏ထုတ်ဖော်သည့် အချက်များသည် ယခင်အစိုးရ အကြီးအကဲများထဲမှ တရားစွဲနိုင်ရန် ရှိ/မရှိနှင့် ဘယ်ကို ဦးတည် သွားမလဲဆိုသည့်အချက်၊ ရှောင်တားနား ထွက်ဆိုချက်ကိုမူတည်ပြီး တရားစွဲ ဆိုမည်ဆိုလျှင် မည်သူ့ကို တရားစွဲရန် ဖြစ်လာမလဲ ဆိုသည့်အချက်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထိုအရာကို မိမိပြောလို့ မရပါကြောင်း၊ ခုနပြောသည့် နှစ်ချက်နှင့်သာ စစ်ဆေးနေကြောင်း ဖြေကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံတွင် ပြန်လည်သင့်မြတ်ရေး အတွက် ဘက်ပေါင်းစုံမှ ထိတွေ့ဆွေးနွေး သွားမည်ဟု ပြောထားခြင်းမျိုး ရှိပါကြောင်း၊ ၎င်းဘက်မှ မြန်မာပြည်ကို ကမ်းလှမ်းဆက်သွယ်ထားတာမျိုး ရှိ/မရှိ သိလိုကြောင်းနှင့် အကယ်၍ လက်ရှိအခြေအနေတွင် ကမ်းလှမ်း ဆက်သွယ်လာမည်ဆိုပါက လက်ခံရန် အခြေအနေများ ရှိ/မရှိနှင့် ကမ်းလှမ်းလာမည်ဆိုပါက ယခင်အခြေအနေနှင့် ယခုအခြေအနေ အပြောင်းအလဲ ရှိနိုင်/မရှိနိုင်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တရုတ်နှင့် မြန်မာနိုင်ငံသည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးနားချင်း နိုင်ငံများဖြစ်ပြီး တရုတ်တပ်မတော်၊ မြန်မာ့တပ်မတော်၊ တရုတ်အစိုးရ၊ မြန်မာနိုင်ငံ အစိုးရတို့သည် ယခင်ကတည်းကတိုင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တွင် အိမ်နီးနားချင်းနိုင်ငံ ၅ နိုင်ငံရှိပါကြောင်း၊ မိမိတို့သည် အိမ်နီးနားချင်းနိုင်ငံ ၅ နိုင်ငံနှင့်လည်း ပူးပေါင်းဆက်သွယ် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အိမ်နီးနားချင်းနိုင်ငံ၊ အာဆီယံနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများနှင့်ပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌစပြီး တာဝန်ယူကတည်းက ပြောထားသည်မှာ မိတ်ဝတ်မပျက်ဆက်ဆံရေးကို မိမိတို့ ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အိမ်နီးနားချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ အထူးသဖြင့် မိမိတို့နှင့် ရင်းနှီးဆက်ဆံနေသည့် နိုင်ငံများ၏ ပြောကြားချက်ကို အလေးထား မှတ်သား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ တရားဥပဒေ ပြန်လည်စိုးမိုးရေးနှင့် ပတ်သက်ပြီး စိတ်ဝင်တစားရှိသည့် နိုင်ငံဟူသမျှ၏ ပြောဆိုချက် မှန်သမျှကိုလည်း အလေးထားပါကြောင်း၊ ၎င်းတို့ပြောဆိုချက်အတိုင်း စေတနာထားသည်များကိုလည်း မိမိတို့တန်ဖိုး ထားပါကြောင်းကို ပြောလိုပါကြောင်း၊ မိမိတို့အနေဖြင့် အလေးအနက် ထားပြီး မှတ်သားထားသည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က ယခုလက်ရှိ ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံခေါင်းဆောင်မျိုးများ၊ ယခင်အစိုးရခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးရမည့် လမ်းကြောင်းမျိုးကို တိုက်တွန်းလာမည် ဆိုလျှင် ထိုအနေအထားမျိုး ဖြစ်လာနိုင်မလား၊ ယခင်သတင်းစာ ရှင်းလင်းပွဲက ဗိုလ်ချုပ်အနေဖြင့် ထိုအရာကို ပြောခဲ့ဖူးသည်ဟု ထင်ပါကြောင်း၊ ယခု အခြေအနေ တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်းမျိုး ရှိလားဟု ထပ်မေးခြင်း ဖြစ်ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မိမိတို့ သွားမည့်လမ်းကြောင်းသည် မိမိတို့ ပြောထားသည့် ဦးတည်ချက်(၅)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၉)ရပ် လမ်းကြောင်းအတိုင်း သွားမည်ဖြစ်ကြောင်းဖြေကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က အခြားမီဒီယာလည်း အလုပ်လုပ်ရသည်မှာ အဆင်ပြေစေရန် အတွက် စစ်ရေးနှင့် ပတ်သက်သည့် သတင်းများ၊ တပ်မတော်နှင့် ပတ်သက်သည့် သတင်းများကို ဗိုလ်ချုပ်အနေဖြင့် ပြောရေးဆိုခွင့်ရှိသူ အနေဖြင့် ဖြေဆိုခြင်းမျိုး ရှိကြောင်း၊ ယခုအချိန်မှာ အခြားလူပြောင်းခြင်းမျိုး၊ စီစဉ်ထားခြင်းမျိုး ရှိလား သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မရှိပါကြောင်း၊ မိမိဖြေပေးမည် ဖြစ်ကြောင်း ဖြေကြားသည်။
ရဲရဲတောက်သတင်းဌာနမှ အယ်ဒီတာချုပ် အမတ်ဒိန်က မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်ရှိ စက်ရုံ ၁၇ ရုံ မီးရှို့ဖျက်ဆီး ခံရကြောင်း၊ အကြမ်းဖက်လူများ၏ ဆန္ဒမှာ တရုတ်သူဌေးများကို မီးဘေးဒုက္ခသည် ဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး အမှန်တကယ် မီးဘေးဒုက္ခသည်ဖြစ်သွားသည်မှာ စက်ရုံမှာ အလုပ်လုပ်နေသည့် ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်တူများ ဖြစ်နေကြောင်း၊ ဒုတိယဝန်ကြီး ပြောခဲ့သည့်အတိုင်း လူတစ်သောင်းကျော်ခန့် အလုပ်လက်မဲ့ဖြစ်သွားကြောင်း၊ ထိုအရာနှင့် ပတ်သက်ပြီး နစကအစိုးရအနေဖြင့် ၎င်းတို့အား ကူညီထောက်ပံ့ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပထမအချက်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် စက်ရုံ ၁၇ ရုံနှင့်ပတ်သက်ပြီး တိုက်ရိုက် မှီခိုနေရသည့် လုပ်သားများသာ အလုပ်ပြုတ်ခြင်း မဟုတ်ဘဲ ယင်းအလုပ်သမားများ အပေါ်တွင် ထပ်ဆင့်မှီခိုနေရသည့် ဈေးဆိုင်များ၊ လုပ်ငန်းများပါ ပျက်သွားခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ယင်းကိစ္စများ မဖြစ်မီကပင် လှိုင်သာယာ၊ ရွှေပြည်သာဘက်တွင် စားဝတ်နေရေး ကျပ်တည်းသည့်သူများကို တပ်မတော်မှ တတ်နိုင်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ်လေးမျိုး သွားရောက် ကူညီမှုများ အမြဲရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း ထိုအရာနှင့် ပတ်သက်ပြီး လူမှုစီးပွားဘဝ အခြေအနေ တည်ငြိမ်စေရေး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ရဲရဲတောက်သတင်းဌာနမှ အယ်ဒီတာချုပ် အမတ်ဒိန်က ကျောင်းများပြန်ဖွင့် ရန်အတွက် ဆရာ၊ ဆရာမကြီးများကို သင်တန်းပေးနေကြောင်း၊ ယင်းဆရာ၊ ဆရာမကြီးများမှာ CDM မလုပ်သည့် ဆရာ၊ ဆရာမကြီးများဖြစ်ပြီး ၎င်းတို့ သင်တန်း တက်နေရသည်မှာ စိန်ခေါ်မှု အများကြီးကြားက တက်နေရကြောင်း၊ တစ်နေ့က တံတားဦး သင်တန်းကျောင်းရှေ့တွင် လက်လုပ်ဗုံး လာပစ်ခံရသည့်အခြေအနေဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ လုံခြုံမှုအားနည်းမည်ဆိုပါက ၎င်းဆရာ၊ ဆရာမကြီးများ နေရာမှ ဝင်ရောက်စဉ်းစားမည်ဆိုလျှင် နောက်ထပ်ဆရာ၊ ဆရာမများ သင်တန်းထပ်တက်ရန် စိတ်သောက ဖြစ်စရာရှိကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးအနေဖြင့် ယင်းသင်တန်းကျောင်းများကို ရာနှုန်းပြည့် အနေနှင့် လုံခြုံရေး ပေးနိုင်မည့် အခြေအနေမျိုး ရှိပါသလားဟု မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖြည့်စွက်ပြီး ဖြေကြားပေးသွားမည်ဖြစ်ပြီး မိမိတို့လည်း ယင်းအခြေအနေများကို တွေ့ရကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေနှင့် ပြောကြားခဲ့တာရှိကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းများကို အသည်းအသန် ဖွင့်ချင်နေသည်မှာ အကြောင်းရင်း တစ်ချက်သာရှိကြောင်း၊ COVID ကြောင့် ကျောင်းများပိတ်ခဲ့ပြီး အဓိက တိုက်ရိုက်နစ်နာသူများမှာ ကျောင်းသားများနှင့် မိဘများသာဖြစ်ကြောင်း၊ ကျောင်းသားများသည် အထက်တန်း အောင်ရမည့်အချိန်တွင် အောင်မြင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ဆိုသည်မှာ အထက်တန်းလောက်အောင်မှ အလုပ်ဝင်သည့်အခါတွင် အလုပ်ဝင်၍ ကောင်းမည်ဖြစ်ကြောင်း၊ နောက်တစ်ခု နစ်နာသည်မှာ မိဘများဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အနေနှင့်လည်း ကျောင်းများ ဖွင့်လိုက်မည်ဆိုပါက လူစုလူဝေး ဖြစ်ခြင်းများ၊ မသမာသည့် စည်းရုံးလှုံ့ဆော်မှုများ ဖြစ်မည်ကိုသိကြောင်း၊ သို့သော် တစ်နိုင်ငံလုံး၏ အခြေခံဖြစ်သည့် ပညာရေးအတွက်ဖွင့်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့်မှ ကြိုးစားနေခြင်းမဟုတ်ကြောင်း၊ လုပ်ငန်းများ လုပ်ကြသည့်အခါတွင် ရမှတ်ရသည့် လုပ်ငန်းရှိပြီး ရမှတ်မရသည့် လုပ်ငန်းလည်းရှိကြောင်း၊ လွယ်လွယ်ကူကူ ပြောရမည်ဆိုလျှင် မျက်နှာရသည့် လုပ်ငန်းရှိပြီး မျက်နှာမရသည့် လုပ်ငန်းရှိကြောင်း၊ မည်သူကိုမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ပြောခြင်း မဟုတ်ကြောင်း၊ ကျောင်းဖွင့်မပေးလို့ နစက ကောင်စီမှာ မျက်နှာမရစရာ အကြောင်းမရှိ ကြောင်း၊ မျက်နှာရချင်ပြီး ပို၍အကျိုး သက်ရောက်စေမည်ဆိုလျှင် ကျောင်းဖွင့်သည့် လုပ်ငန်းထက် ပိုပြီး ထင်သာမြင်သာရှိသည့်လုပ်ငန်း မိမိတို့လုပ်၍ ရကြောင်း၊ ထင်သာမြင်သာရှိသည့် လုပ်ငန်းဆိုသည်မှာ ပြည်သူလူထုပိုပြီး သဘောကျစေမည့် လုပ်ငန်း၊ ထင်သာမြင်သာရှိသည့် လုပ်ငန်းလုပ်၍ရကြောင်း၊ သို့သော် ကျန်းမာရေးနှင့် ပညာရေးသည် နိုင်ငံတစ်ခုအတွက် အခြေခံဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခံယူထားသည့်အတွက် ကျောင်းများကို ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ ကျောင်းများ ပြန်ဖွင့်ရန်အတွက် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်း ခေါ်ခြင်း ဖြစ်ကြောင်း၊ ထိုအရာကို ပြည်သူတစ်ရပ်လုံး အနေဖြင့် စဉ်းစားစေလိုကြောင်း၊ မိမိတို့ COVID ကာလ တစ်ခုလုံးတွင် နောက်ကျခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ ကိုယ်တိုင်သည်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်သည့်ကာလတွင် ၇ တန်း၊ ၈ တန်းကျောင်းသားဘဝတွင်သာ ရှိသေးကြောင်း၊ နောက်ကျပြီးမှ တက်ခဲ့ရသည်များရှိပြီး ယင်းအရာများသည် ကိုယ်တွေ့ကြုံဖူးမှ သိနိုင်မည်ဖြစ်ကြောင်း၊ ထိုအရာများ ဆောင်ရွက်သည့်အခါတွင် မနေ့ကပင် စိတ်မကောင်းစရာ ြစ်ခဲ့ကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးတွင် လက်လုပ်ဗုံး ပစ်ခဲ့ခြင်းများ ရှိပြီး မလုပ်သင့်သည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ ထိုအရာသည် အစိုးရကို ဆန့်ကျင်ခြင်းဟု ပြောမရဘဲ တစ်မျိုးသားလုံး၏ ပညာရေးစနစ်၊ တစ်မျိုးသားလုံး၏ အနာဂတ်ကို ဆန့်ကျင်နေခြင်းဖြစ်ကြောင်း၊ ထိုအရာနှင့် ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံး ဆရာ၊ ဆရာမများနှင့် ပတ်သက်ပြီး စောင့်ရှောက်မှုလုပ်ငန်းများ၊ လုပ်ဆောင်ပေးရမည့် လုံခြုံရေးများကို အဖြစ်နိုင်ဆုံး၊ အတတ်နိုင်ဆုံး အစွမ်းကုန် လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးကျော်သီဟက လုံခြုံရေး ဆောင်ရွက်ပေးမှုအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ လုံခြုံရေးအတွက် အကူအညီ တောင်းလာမှုနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှလည်း လုံခြုံရေးနှင့်ပတ်သက်ပြီး တခြားအကြောင်းအရာများကြောင့် လုံခြုံ ရေး တောင်းခံမည်ဆိုပါက သတင်းစာထဲတွင်လည်း ကြေညာထားပြီးဖြစ်ကြောင်း၊ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖုန်းနံပါတ်များလည်း ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ လုံခြုံရေးကိစ္စနှင့် အကူအညီတောင်းခံမည်ဆိုပါက အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ရဲရဲတောက် သတင်းဌာနမှ အယ်ဒီတာချုပ် အမတ်ဒိန်က ယနေ့ လူထုထဲတွင် ကောလာဟလမျိုးစုံ ပျံ့နှံ့နေပါကြောင်း၊ တစ်နေ့က မန္တလေး၊ မတ္တရာဘက်မှ လူများသည် နေပြည်တော်ကို တိုင်းရင်းသား လက်နက်ကိုင်များ သိမ်းသွားပြီဟု သိနေပါကြောင်း၊ တယ်လီဖုန်းများနှင့် လှမ်းမေးပါကြောင်း၊ လှိုင်သာယာမှ လူများက ပဲခူးကို တိုင်းရင်းသား လက်နက် ကိုင်များ သိမ်းသွားပြီဟု သိနေပါကြောင်း၊ လှိုင်သာယာတွင် R2P သည် လှိုင်သာယာမှ စမည်ဟု ကောလာဟလများ လွှင့်ပါကြောင်း၊ အချို့ကောလာဟလများသည် ရုတ်ခြည်း ပြန်ပြီး ဖြေရှင်းရမည့် Issue များဖြစ်ပါကြောင်း၊ အထူးသဖြင့် ယခုလ ၃၁ ရက်နေ့ CDM ဝန်ထမ်းများ အလုပ်ဝင်ရန် ပြောနေသည်ကို ''မဝင်နဲ့ သွားတာနဲ့ ဆွဲစိလိမ့်မယ်''ဆိုသည့် ကောလာဟလ ထုတ်နေပါကြောင်း၊ ထို့ပြင် ညမအိပ်ရအောင် စစ်တပ်မှ ပေါ်တာဆွဲနေပြီဟု ဆိုသည့် ကောလာဟလမျိုးလည်း ထုတ်နေပါကြောင်း၊ ထို့ကြောင့် ယခုလို ကောလာဟလများကို စစ်တပ်က ပေါ်တာဆွဲသည်မှာ မဟုတ်ကြောင်း၊ ဆွဲသည့်အခြေအနေလည်း မရှိပါကြောင်းဆိုသည့် ဖြေရှင်းချက်မျိုးကို ယခုသတင်းစာ ရှင်းလင်းပွဲမှာ ဒီကနေ့ ဖြေရှင်းလို့ ရပါကြောင်း၊ သို့သော် သတင်းစာ ရှင်းလင်းပွဲကြည့်ခြင်းသည်ပင်လျှင် အသံကျယ်ကျယ် ကြည့်လို့မရသည့် အချို့ဒေသများ ရှိပါကြောင်း၊ ဘာဖြစ်ခဲ့သလဲ ဆိုတာလည်း သိကြောင်း၊ ထို့ကြောင့် လူထု စိုးရိမ် ထိတ်လန့်နေရသည့် ကောလာဟလ Issue များကို ပြန်လည်ချေပသည့် နေရာတွင် MWD ၊ MRTV နှင့် မလောက်ဘူးဟု မိမိထင်ပါကြောင်း၊ တပ်မတော်မှ ပေါ်တာ မဆွဲပါဘူးဆိုသည့် ကောလာဟလ ဖြေရှင်းချက်မျိုးကို ပြည်ထဲရေးဌာနသည် ညဘက်၌ Speaker နှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် လုံခြုံရေး အပြည့်အဝဆောင်ရွက် နေပါကြောင်းဆိုသည့် နောက်တွင် တပ်မတော် ပေါ်တာဆွဲမည်ဆိုသည့် မသမာသူများ၏ ကောလာဟလသည် မဟုတ်ပါကြောင်း စသဖြင့် ထည့်သွင်းကြေညာမှုမျိုး ပြုလုပ်သင့်ကြောင်း၊ ၎င်းတို့သည် MWD ၊ MRTV တို့ကို နားမထောင်သည့်အတွက် ၎င်းတို့နားထောင်သည့် အသံမျိုးနှင့် ပြန်ဖြေရှင်းပြောပြလျှင် ပိုပြီး အဆင်ပြေမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းကို လုပ်နိုင်ပါသလားဟု ပြည်ထဲရေးကို မေးလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မတ်လ ၃၁ ရက်နေ့ CDM ကိစ္စနှင့်ပတ်သက်၍ အဓိက ဖြစ်သည့် ဝန်ကြီးဌာနများကို ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ အတိုင်း မိမိတို့ ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ပူးတွဲဝင်ရောက်နေသည့် CDM မှာပါသွားသည့် ဝန်ထမ်းများ ရှိပါကြောင်း၊ အချို့သည် ယခုအထိ ပါနေသည့် ဝန်ထမ်းများ ရှိပါကြောင်း၊ အချို့လည်း ပြန်လည်ပြီး ဝန်ကြီးဌာနများတွင် အလုပ်ဝင်ရောက်နေသည့် ဝန်ထမ်းများ ရှိပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ပြန်ဝင်ရောက်လာသည့် အခါတွင် ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ မေးမြန်းမှုများ၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ ဝန်ထမ်းလုပ်ထုံး လုပ်နည်းအရ ပြုလုပ်မှုများ ရှိပါကြောင်း၊ ဖမ်းဆီးမှုများ မရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ရှိသည့် ဝန်ထမ်းများကို ယခုသတင်းစာ ရှင်းလင်းပွဲမှ အတိအလင်းပြောလိုပါကြောင်း၊ ဖမ်းဆီးမှုများ လုံးဝမရှိပါကြောင်း၊ မိမိ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး မိမိတိုင်းပြည်နှင့် လူမျိုးအတွက်၊ ပြည်သူလူထုအတွက် မိမိတတ်ထားသည့် ပညာနှင့် မိမိလုပ်သက်နှင့် လုပ်ဆောင်နေရသည့် ဝန်ထမ်းများ အနေနှင့် မစိုးရိမ်ကြရန် မိမိတို့ပြောလိုပါကြောင်း၊ ကောလာဟလများ အမျိုးမျိုး ရှိပါကြောင်း၊ ကောလာဟလနှင့် ပတ်သက်ပြီး အချို့ကောလာဟလများသည် ကြောက်စရာ ကောင်းပါကြောင်း၊ တချို့အရာများသည် မီဒီယာများ ကိုယ်တိုင်မှ လုပ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ နေပြည်တော်မှာပင်လျှင် အခြား ရည်ရွယ်ချက်နှင့် ပြုလုပ်ထားသည့် ကျင်းများကို ဓာတ်ပုံရိုက်ပြီး နေပြည်တော်မှာ ဗုံးခိုကျင်းများ တူးနေပြီဆိုသော အကြောင်းအရာ မျိုးဖြစ်ကြောင်း၊ ၎င်းကောလာဟလသည် အဓိပ္ပာယ်မရှိဘူး ဆိုသည်ကို ယခုဒီအထဲမှာ ရှိနေသည့် လူတွေအကုန်လုံး သိပါကြောင်း၊ သို့သော် အချို့နယ်များကို ရောက်သွားသည့် အခါ ၎င်းသည် ဟုတ်နိုးဆိုသည့် အရာမျိုး ဖြစ်လာပါကြောင်း၊ ယခုလို သတိပေးသည့် အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ ည ဘက်မှာ သတိပေးနေသည့် နယ်မြေလုံခြုံရေး အတွက်၊ တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းများ လှည့်နေသည့်အခါ ကောလာဟလများနှင့် ပတ်သက်ပြီး နယ်မြေအလိုက် ၎င်းတို့ကိုပြန်ပြီး ဖြေရှင်းနိုင်အောင်၊ ပြန်ပြီး ပြည်သူလူထုနားကို တိုက်ရိုက်ရောက် နိုင်အောင်လည်း မိမိတို့ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလိုအကြံပေးခြင်းကိုလည်း လေးစားပါကြောင်း ရှင်းလင်း ဖြေကြားသည်။
Myanmar National Post သတင်း ဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က facebook team က ယခုချိန်ထိ အလုပ်လုပ်နေဆဲ ဟုတ်/မဟုတ် သိလိုကြောင်း၊ ယခု အချိန်တွင် ဆူပူမှုများ အသားပေး ဖော်ပြနေသည့် media များကို facebook က support လုပ်နေသည်ဟု ယူဆရပါကြောင်း၊ မိမိတို့ page များ ဖျက်ချခံရပါကြောင်း၊ အလားတူ နိုင်ငံတော်ပိုင် page များကိုလည်း ဖျက်ချခံရတာကို တွေ့ရပါကြောင်း၊ facebook team သက်တမ်းကုန်မည့်အချိန်ကို သိလိုကြောင်း၊ facebook team ရွေးချယ် သည့်အခါ အဂတိလိုက်စားမှုများ ရှိခဲ့၊ မရှိခဲ့ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက facebook နှင့်ပတ်သက်ပြီး ရှေ့ဆက်လုပ်မည့် လုပ်ငန်း စဉ်များကိုသာ ပြန်လည်ဖြေကြားသွားမည် ဖြစ်ကြောင်း၊ facebook နှင့် ပတ်သက်၍ အခြားနိုင်ငံများ၌လည်း စည်းမျဉ်းစည်းကမ်းများရှိပါကြောင်း၊ facebook နှင့် ပတ်သက်၍ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ တရားဥပဒေနှင့် သက်ဆိုင်သည့် ဌာနများ၊ ငွေရေးကြေးရေးနှင့် သက်ဆိုင်သည့် ဌာနများက အသေးစိတ် လေ့လာလျက်ရှိကြောင်း၊ ဥပမာပြောရလျှင် သြစတြေးလျမှာဆိုလျှင် facebook နှင့်ပတ်သက်၍ တရားဥပဒေအရ ဖြေရှင်းခဲ့တာရှိကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မိမိတို့ လုပ်ဆောင်လျက် ရှိသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက နောက်တစ်ချက်က အမျိုးသားရေးတော့ နည်းနည်းဆန်မည်ဖြစ်ကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ကလေးသူငယ် အခွင့်အရေးများ ဥပဒေကိုပြဋ္ဌာန်းစဉ်က နိုင်ငံခြားသား ကလေးကို မြန်မာနိုင်ငံသား တစ်ဦးက နှစ် ယောက်အထိ မွေးစား၍ ရသည်ဟူသည့် ဥပဒေ ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထိုအချိန်ကလည်း ကန့်ကွက်ဆန့်ကျင်မှုများ လုပ်ခဲ့ပါ ကြောင်း၊ ကန့်ကွက်ဆန့်ကျင်မှုများကို လုံးဝလျစ်လျူရှုပြီး ဥပဒေအတည်ပြု ပြဋ္ဌာန်းခဲ့တာလည်း ရှိပါကြောင်း၊ ဒါတွေကို နစက အနေဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်သွားရန် အစီအစဉ်ရှိ၊ မရှိကို ပြည်သူများက သိလို ကြောင်း မေးမြန်းခဲ့ပါသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အပတ်စဉ် တနင်္လာနေ့တိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးပြုလုပ်ပြီး သတင်း ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ဥပဒေ အကြောင်းဆိုင်ရာများကို ဆွေးနွေးခြင်းများ ပါဝင်ကြောင်း၊ မည်သည့်ဥပဒေကို မည်ကဲ့သို့ လုပ်သင့်သည်ကဲ့သို့ အကြံပြုချက်၊ ဆွေးနွေးချက်များ ပါဝင်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ တနင်္လာနေ့စဉ်ပြုလုပ်သည့် အစည်းအဝေးများကို ပြန်ကြည့်စေလိုကြောင်း၊ အဆိုပါ ဥပဒေတစ်ခုတည်းကိုသာ မဟုတ်ဘဲ အခြားဥပဒေများနှင့်ပါ ပတ်သက်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သဘောထားကို တွေ့ရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်း ဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ပြည်ခိုင်ဖြိုး အစိုးရလက်ထက်က အမျိုးသားရေးနှင့် ပတ်သက်ပြီး မိမိတို့ လေ့လာမှုများ လုပ်ခဲ့ပါကြောင်း၊ ကမ္ဘာ့အကြမ်းဖက်မှုများကိုလည်း လေ့လာခဲ့ပါကြောင်း၊ ကမ္ဘာ့အကြမ်းဖက်မှုများကို လေ့လာသည့်အခါ IS အဖွဲ့၊ ဘိုကိုဟာရမ်၊ အယ်လ်ကိုင်ဒါ အဖွဲ့များကဲ့သို့ ကမ္ဘာက အသိအမှတ်ပြုထားသည့် အကြမ်းဖက်အဖွဲ့ကြီးများ ရှိပါကြောင်း၊ ထိုအဖွဲ့များ အားလုံးက အလံအနက်များကိုသာ အသုံး ပြုတာ တွေ့ရပါကြောင်း၊ ယခုဆန္ဒပြပွဲများတွင် အလံအနက်များ ထောင်လာပါကြောင်း၊ ဒါတွေက အကြမ်းဖက်များ၏ စနက်များ ပါလာပြီလား၊ မည်မျှအထိ စိုးရိမ်ရသည့် အနေအထားလည်း ဆိုသည်ကို တိတိကျကျ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ခေတ်သစ်ဆန္ဒပြပွဲဟု ဆိုရမည်လား၊ မိမိ၏လေ့လာမှု အားနည်း၍ဟု ဆိုရမည်လားမသိကြောင်း၊ အိမ်နီးနားချင်း နိုင်ငံများတွင်လည်း ဆန္ဒပြပွဲများ ရှိပါကြောင်း၊ ဟောင်ကောင်တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့တာရှိပါကြောင်း၊ သို့သော် ယခုကဲ့သို့ အလံအနက် သုံးစွဲသည်ကို မတွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုအချိန် ထူးထူး ခြားခြား သုံးစွဲနေသည်ကို တွေ့ရပါကြောင်း၊ ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တစ်မျိုးဖြစ် ကြောင်း၊ အချို့သင်္ကေတများ၊ အမှတ်အသားများသည် စကားမပြောတတ်ပါကြောင်း၊ သို့သော် အချို့သင်္ကေတများ၊ အမှတ်အသားများသည် ကိုယ်ထင်ထားသည်ထက် ပို၍ ကျယ်ပြန့် သကဲ့သို့ ပို၍လည်း စကားပြောတတ်ပါကြောင်း၊ အဓိကအနေဖြင့် ကမ္ဘာက မည်ကဲ့သို့ မြင်မည်လဲ ဆိုသည်ကို ဂရုစိုက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံထဲတွင် မိမိ၏ အယူအဆနှင့်မိမိ ဟုတ်သည်ဟု ထင်နေ သော်လည်း ထိုအရာကို ကမ္ဘာကမည်သို့ သတ်မှတ်ထားသည်ကို သိရန်လိုကြောင်း၊ ကမ္ဘာက မည်ကဲ့သို့ သတ်မှတ်ထားသည်ဟု မိမိမပြောလိုကြောင်း၊ ယခုကဲ့သို့ အလံများ၊ သင်္ကေတများကို အသုံးပြုခြင်းဖြင့် ကမ္ဘာက မည်ကဲ့သို့ သဘောထားနိုင်သည်ကို ကိုယ်တိုင်လေ့လာပါက သိနိုင်ကြောင်း၊ အချို့ သင်္ကေတများသည် စကားပြောသည်ထက် ပိုမိုကျယ်ပြန့်သည့် လုပ်ဆောင်ချက်များကို လုပ်တတ်ပါသည်ဟု ပြန်လည်ဖြေကြား သည်။
One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ တုံ့ဆိုင်းမသွားစေရန် ဘာတွေ စီမံထားသလဲ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို သိရှိလိုကြောင်း၊ ကျောင်းများကို ဘယ်လိုပုံစံ ပြန်ဖွင့်သွားမလဲ၊ အခြေခံပညာကျောင်းများကို အရင်ဖွင့်မည်လား၊ ကောလိပ်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများကို အရင်ဖွင့်မည်လား၊ သို့မဟုတ် တစ်ပြိုင်နက် ဖွင့်မည်လား၊ ထို့ပြင် E-learning စနစ်နှင့် ပညာရေးဆိုင်ရာ လေ့လာသင်ယူမှု စနစ်များကို မည်သို့ စီမံဆောင်ရွက် ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး စားသောက်ကုန် ကိစ္စကို ပထမဆုံး ပြောလိုပါကြောင်း၊ မြေပြင်တွင် တကယ်ဖြစ်ပျက်နေသည့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးနေမှု ရှိပါကြောင်း၊ အဓိက ကုန်ဈေးနှုန်းကြီးရခြင်းသည် ကုန်ပစ္စည်း မရှိခြင်းထက် လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ သွားစေရန် ဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်နေသည့် အခါ အရှိန်ရလာလျှင် ဈေးနှုန်းများ တဖြည်းဖြည်းပြန် ကျလာမည်ဟု မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံတွင် အဓိက အားကိုးသည့် စားကုန်ဖြစ်သည့် ဆန်နှင့်ပတ်သက်ပြီး ပြောလိုကြောင်း၊ ယခုနှစ်တွင် မိုးစပါးစိုက် ဧက ပေါင်း ၁၄ ဒသမ ၉၂ သန်းရှိကြောင်း၊ စပါးတင်း သန်းပေါင်း ၁ဝ၅၁ သန်း ထွက်ကြောင်း၊ နွေစပါးစိုက်ဧက ၂ ဒသမ ၃ဝ၈ သန်း ရှိကြောင်း၊ မတ်လ ၁၅ ရက်ထိ စိုက်ဧကရိတ်သိမ်းပြီး ၂၄ဝဝဝဝ ကျော် ရိတ်သိမ်းပြီး စီးကြောင်း၊ ထို့ကြောင့် မိမိတို့ပြောလိုသည်မှာ ယခင်ကရှိခဲ့သည့်ဆန်နှင့် ယခုရှိသည့် စပါးနှင့် အခြေခံစားကုန်နှင့် ပတ်သက်ပြီး မိမိတို့ နိုင်ငံအခြေအနေသည် စိုးရိမ်စရာမရှိဘဲ အရန်ရှိကြောင်းကို ပြောလိုပါကြောင်း၊ ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည်များကို ပြန်ရှာပြီး ပြောမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးတွင် ဆန်စပါးတင်ပို့မှုနှင့် ပတ်သက်၍ ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်တွင် ဆန်စပါး ၁၆ ဒသမ ဝ၉ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခု ၂ဝ၂ဝ -၂ဝ၂၁ ခုနှစ်အတွင်းတွင် ဘဏ္ဍာရေးနှစ် ငါးနှစ်တာ ကာလအတွင်း တင်ပို့မှု နှစ်တစ်နှစ်တာ၏ တင်ပို့မှု ပမာဏ၏ ၃၇ ဒသမ ဝ၃ ရာခိုင်နှုန်း တင်ပို့ပြီးဖြစ်ကြောင်း၊ ပဲမျိုးစုံတင်ပို့မှု အနေနှင့် ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်တွင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ စံချိန် ၇၄ဝဝဝဝ ကျော် တင်ပို့ပြီးဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာငွေ ၆၂၆ သန်း တင်ပို့ပြီးဖြစ်ကြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ အများဆုံး တင်ပို့တာတွေ့ရကြောင်း၊ တချို့သတင်းများတွင် ဆိပ်ကမ်းများ ပိတ်နေကြောင်း၊ ကုန်သွယ်ရေးက အလုပ်မလုပ်ကြောင်း စသည်ဖြင့် ရေးသားနေကြသည်ကို တွေ့ရကြောင်း၊ တချို့နေရာများတွင် အလုပ်မလုပ်သည့် နေရာများမှာ တုံ့ဆိုင်းနေတာ ရှိကြောင်း၊ သို့သော် ပုံမှန်ကုန်သွယ်ရေး တင်ပို့မှုများ၊ စားကုန်၊ သောက်ကုန် စီးဆင်းမှုများ ထုတ်လုပ်လျက် ရှိကြောင်းကို ပြောလိုကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က အခြေခံပညာ ကျောင်းများနှင့် ပတ်သက်ပြီး သိရှိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခြေခံပညာကျောင်းများနှင့် ပတ်သက်ပြီး အကြမ်းဖျင်းအနေဖြင့် နံပါတ်တစ် အခြေခံပညာကျောင်းများကို စတင်ပြီး ဖွင့်မှာဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်အဆင့်တွင် ပါရဂူတန်း၊ မာစတာတန်းများ ဖွင့်မှာဖြစ်ကြောင်း၊ ကျန်အတန်းများကို လောလောဆယ် အစီအစဉ် မရှိသေးကြောင်း၊ အခြေခံပညာကျောင်းများကို ဖွင့်သည့်အခါ မိမိတို့အနေနှင့် လျာထားချက်က နောက်ကျနေတာ ဖြစ်သည့်အတွက် တစ်နှစ်ကို နှစ်တန်းဖွင့်မှာ ဖြစ်ကြောင်း၊ တစ်နှစ်ကို နှစ်တန်း တက်ရမှာဖြစ်ကြောင်း၊ Grade-1 ကလေးသည် ပညာသင်နှစ်တစ်နှစ်တည်းတွင် Grade-1 လည်း ပြီးသွားရမည်၊ Grade-2 လည်း သင်ပြီးသား ဖြစ်ရမည့် ပုံစံမျိုးနှင့်သွားရန် အကြမ်းဖျင်းစီစဉ်ထားကြောင်း၊ အားလုံး ချောချောမွေ့မွေ့ဖြစ်သည့်အခါ ၎င်းပုံစံမျိုးသွားရန် လျာထားလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က E-learning စနစ်ဖြင့် ပညာရေးဆိုင်ရာ လေ့လာမှုများကို လေ့လာသင်ယူဖို့ စနစ်ကို မည်သို့စီမံထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့် ပတ်သက်ပြီး ပညာရေး ဝန်ကြီးဌာနကို သေချာမေးမြန်းပြီး ဖြေကြားမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မိမိတို့ အရင်တုန်းက E-learning စနစ်နှင့် MDEP Platform လုပ်ထားကြောင်း၊ လောလောဆယ် ဗိုလ်ချုပ်ပြောသကဲ့သို့ တက္ကသိုလ်ကျောင်းများကို E-learning အစီအစဉ်နှင့် သွားမည် မဟုတ်ကြောင်း၊ Face to Face နှင့် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူအား မိမိခုနက ကျောင်းဖွင့်သည့် အစီအစဉ်ပြောကြားသည်မှာ မပြည့်မစုံဖြစ်သည့်အတွက် ဆရာက ဖြည့်စွက်ပြီး ပြောကြားစေလိုကြောင်း ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယခင်နေ့က သတင်းထဲတွင်လည်း ကြေညာသွားပြီးဖြစ်ကြောင်း၊ မိမိတို့ ပါရဂူ၊ ဆရာ/ဆရာမများ၊ မဟာသင်တန်း အောင်သွားသည့် ကလေးများ ပါရဂူသင်တန်း တက်ရန် Prelim သင်တန်းကို ၂ဝ၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် သင်တန်းစဖွင့်မည်ဖြစ်ကြောင်း၊ သို့သော် သက်ဆိုင်ရာ ပါရဂူ သင်တန်းဖွင့်သည့်ကျောင်း ၁၆ ကျောင်းရှိကြောင်း၊ ၁၃၄ ကျောင်းထဲတွင် ၁၆ ကျောင်း ရှိကြောင်း၊ ထို ၁၆ ကျောင်း၌ ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် လျှောက်လွှာ ပိတ်မည်ဖြစ်ကြောင်း၊ ၂၁၊ ၂၂ ရက်နေ့များတွင် ဘာသာရပ်ဆိုင်ရာစာမေးပွဲ၊ အင်္ဂလိပ်ဆိုင်ရာ စာမေးပွဲဖြေရမှာဖြစ်ကြောင်း၊ စာမေးပွဲအောင်သည့် လူသည် ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် နှုတ်ဖြေဖြေရမည်ဖြစ်ပြီး အောင်သည့်သူကို ၂ဝ၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ Prelim သင်တန်းတက်ရမှာဖြစ်ကြောင်း၊ Prelim သင်တန်းသည် ပါရဂူတက်ရန်အတွက် ပထမဆုံး စာတွေ့သင်တန်းဖြစ်ကြောင်း၊ ပါရဂူသင်တန်းတွင် ၁ ပါရဂူ၊ ၂ ပါရဂူ စသဖြင့်ရှိကြောင်း၊ ထိုသင်တန်းအားလုံး ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်တိုင်းပြည်လုံးတွင် ပါရဂူသင်တန်းသား ၂၅ဝဝ ဦးရှိကြောင်း၊ နောက်ဆုံးနှစ်သင်တန်း၊ မဟာသင်တန်းများကို ၂ဝ၂၁ ခုနှစ်၊ မေလ ၃ ရက်တွင်စဖွင့်ပြီး စနေနေ့ အပါအဝင် ဖွင့်မှာဖြစ်ကြောင်း၊ တစ်တိုင်းပြည်လုံး ကျောင်းသားဦးရေ နောက်ဆုံးနှစ် B.Sc ၊ M.Sc-1 ၊ M.Sc-2 အားလုံး ၁ဝ သိန်းရှိပြီး ၁၃၄ ကျောင်းထဲ၌ ၎င်းသင်တန်းအားလုံးကို Face to Face သင်ကြားမှာဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ တက်ရောက်လာသည့် မီဒီယာများအနေနှင့် မိမိတို့နိုင်ငံ၌ ယခုအချိန်တွင် အရေးကြီးဆုံး လိုအပ်နေတာသည် တရားဥပဒေ စိုးမိုးရေး၊ အေးချမ်းသာယာရေးဖြစ်သည့်အတွက် တရားဥပဒေ စိုးမိုးရေး၊ အေးချမ်းသာယာရေးနှင့်ပတ်သက်ပြီး မီဒီယာများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကာ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးတွင်ပါဝင်သွားကြပါဟု မေတ္တာရပ်ခံလိုကြောင်း၊ မိမိတို့ပြသထားသည့် ပစ္စည်းများ၊ ဘုတ်များနှင့် ပတ်သက်ပြီး မီဒီယာများ အနေဖြင့် လေ့လာနိုင်ကြောင်း၊ ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားသည်။ ။
မြဝတီ