နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူမှု စတုတ္ထ တစ်လတာခရီး(၂)

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူမှု စတုတ္ထ တစ်လတာခရီး

 (၁၆-၆-၂၀၂၁  ဆက်ရန်)

 

ပြည်သူ့အတွက် အခြေခံအဆောက်အအုံများပြည့်စုံရေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၁၇ ရက်က ရတနာပုံခန်းမ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ရတနာပုံခန်းမကြီးသည် မန္တလေးနှင့်အနီး ဝန်းကျင်တွင်  နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် အခန်းကဏ္ဍများအတွက်    လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်စေပြီး ကောင်းမွန်သော ဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မီဆောင်ရွက်ပေးနိုင်သော ခန်းမအဆောက်အဦကြီး တစ်ခုဖြစ်ကြောင်း၊ ရတနာပုံခန်းမကြီးသည် လူဦးရေ ၁၂ဝဝ ဝင်ဆံ့ပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ရှင်ပြု ရဟန်းခံ နားထွင်းနားသအလှူပွဲ၊ မင်္ဂလာဆောင်ပွဲ၊   အထိမ်းအမှတ်ညစာစားပွဲ၊ အငြိမ့်ပွဲ၊ ပဒေသာကပွဲများ၊  တေးဂီတဖျော်ဖြေပွဲများ စသည့်အခမ်းအနားပွဲများအပြင် ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ ဈေးရောင်းပွဲတော်များနှင့် နိုင်ငံတကာကုန်စည်ပြပွဲများကိုပါ ကျင်းပဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ယခုကာလအတွင်း ပြည်သူတို့လိုအပ်နေသော ဓာတ်အားလိုအပ်ချက်ကို ပြည့်စုံလုံလောက်စေရေးနှင့် လာမည့်နှစ်များတွင် ပိုမိုလိုအပ်လာမည့်  လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုလည်း    ပြည့်မီအောင်ဖြည့်ဆည်းနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိသည့် အစီအမံများ၊   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင်လည်း သဘာဝအရင်း အမြစ်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် စီမံကိန်းများ ဆောင်ရွက်နိုင်စေရေး စသည်ဖြင့် ဆွေးနွေး လျက်ရှိသည်ကိုလည်း မေလ ၁ ရက်က ကျင်းပသည့် လျှပ်စစ်ကဏ္ဍ၏ ၂ဝ၂ဝ -၂ဝ၂၁ ဘဏ္ဍာနှစ်   ဒုတိယသုံးလပတ်အတွင်း  ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ်  ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှ သိရပါသည်။

၂ဝ၂၁ ခုနှစ်  မိုးရာသီတွင် နိုင်ငံ တစ်ဝန်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင် ၃၃၁၃၄၁၁၁ ပင်၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန အနေဖြင့် ၂၆၈၂၃၇၅ ပင်နှင့် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ၄၄၆၃ဝ၁ ပင် စုစုပေါင်းပျိုးပင် ၃၆၂၆၂၇၈၇ ပင် စိုက်ပျိုးသွားမည်ဟု မေလ ၁၈ ရက်တွင်ကျင်းပသည့် ၂ဝ၂၁ ခုနှစ် မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးခြင်း ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ပြည်သူများကျန်းမာကြံ့ခိုင်ရေး

ဆေးတက္ကသိုလ် ဘွဲ့လွန်၊   ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်ရေးဆိုင်ရာုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့်    ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကိုလည်း မေလအတွင်းျင်းပခဲ့ပြီး ကိုဗစ်ရောဂါ၏ ဗီဇပြောင်းလဲသည့် အခြေအနေများ၊ လက်ရှိရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ကာကွယ်ရေး၊ ကုသရေးစသည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြသည့်အပြင် အနယ်နယ် အရပ်ရပ်တွင်လည်း Mask တပ်ဆင်ရေး ကမ်ပိန်းများ ပြန်လည်ကျင်းပခြင်း၊ အသိပေးစာစောင်များ ဖြန့်ဝေခြင်းများနှင့် ကြိုတင်ပြင်ဆင်မှု များကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်သဖြင့် ကိုဗစ်၏လှိုင်းအသစ်မဖြစ်ပွားစေဖို့ ယခုတိုင်  ထိန်းချုပ်ထားနိုင်ခဲ့သည်မှာ သက်သေပင် ဖြစ်ပါသည်။

မေလဆန်းအတွင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတို့ အပအဝင် မန္တလေးဗဟိုအမျိုးသမီးဆေးရုံ၊ မော်လမြိုင်နှင့် မုံရွာ၊ သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး နေပြည်တော်စသည့် ပြည်သူ့ဆေးရုံကြီးများ၊ တိုက်နယ်နှင့်ခရိုင်အသီးသီးတို့မှ ပြည်သူ့ဆေးရုံကြီးများသည် လည်းကောင်း အသီးသီးပြန်လည် ဖွင့်လှစ်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ရမည် ဖြစ်ပါသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး sar-Cov-2(Vero Cell)ဆေးအလုံးရေငါးသိန်းကို မေလ ၂ ရက်နေ့တွင် လေကြောင်းမှတစ်ဆင့် ပေးပို့ထောက်ပံ့ခဲ့သည်ကိုလည်းမြင်တွေ့ရပါသည်။ ကာကွယ်ဆေးများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေထိုးနှံပေးခဲ့သည့် အပြင် တပ်မတော် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင်  လူမျိုးမရွေး၊  ဘာသာမရွေး အသက် ၆၅ နှစ်အထက်  သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ ဝန်ထမ်းများအတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုဆေးပစ္စည်းများကို မေလ ၁၈ ရက်က အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ အထူးလေယာဉ် နှစ်စင်းတို့ဖြင့် နေပြည်တော်လေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ သွားရောက်ပို့ဆောင် လှူဒါန်းခဲ့သည်ကိုလည်း မြင်တွေ့ရသည်။ အဆိုပါလေယာဉ်များတွင် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ပြန်လည်ထွက်ခွာရန် အခက်အခဲရှိနေ သည့် အိန္ဒိယနိုင်ငံသား ၂၅ ဦးတို့ လိုက်ပါသွားနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသည့် သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ် မြန်မာနိုင်ငံသား ၁၂၈ ဦးတို့ကို    ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သည်ကိုလည်း သိရှိရပါသည်။

ထို့ပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပြည်ပမှပြန်လည်ရောက်ရှိလာသူ များအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်း၊ ကွာရန်တင်းထားရှိခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မေလအတွင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိနေသည်ကိုလည်း မြင်တွေ့ရပါသည်။

ထို့အတူ တပ်မတော်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်  တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် တပ်မတော်ဆေးရုံများတွင်သာမက နယ်လှည့်ဆေးကုသရေးအဖွဲ့များအဖြစ်ပါ ဒေသခံပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိရာ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း၊  ဆေးရုံတက်မည့်လူနာများကို ဆေးရုံသို့ပို့ဆောင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ကုသမှုအားဖြင့် ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၂၆၆၆၆ ဦးနှင့် အတွင်းလူနာပေါင်း ၆၈၁၈၈ ဦးတို့ကို ကုသပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

တပ်မတော်ကုသရေးမှ ကျန်းမာရေး စောင့်ရှောက်ခံလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ   ၁ဝ၅၈ဝ၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၅၄ဝ၁ ဦး၊ စုစုပေါင်း ၁၅၉၈၁ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၅၄၁၅ ဦးကိုခွဲစိတ်၍လည်းကောင်း၊ ၇၉ဝ၇ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့သဖြင့် ယနေ့အထိ ကလေးငယ် ၁၃၃၂၂ ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏   ကျန်းမာရေးကဏ္ဍမြင့်မားရန်အတွက် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း  အားရဖွယ် မြင်တွေ့ ရပါသည်။

ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားစိတ်ဓာတ်မြင့်မားလာစေရေးအတွက် မေလတစ်လတာအတွင်း    ဘောလုံးပြိုင်ပွဲနှင့်  အခြားအားကစားပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကျင်းပလျက်ရှိသည်ကိုလည်း မြင်တွေ့ရပါသည်။     ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် နေပြည်တော်နှင့်  ရန်ကုန်မြို့များတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိနေကြပြီဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အားကစားနည်း ၁၈ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရှိရပါသည်။

ဘာသာ၊ သာသနာ၊  ယဉ်ကျေးမှုနှင့်အနုသုခုမ

(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကို ကမ္ဘာအေးကုန်းမြေမဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ မေ ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်တိုင်တိုင်ကျင်းပခဲ့သည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများနှင့် ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် စိတ်အေးချမ်းသာစွာဖူးမြော်နေကြသည်ကိုလည်း မေလအတွင်း မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ အပါအဝင် အခြားမြို့များရှိ ပန်းခြံများ၊ အားကစားကွင်းများ၊ ဈေးများ၊ ဆေးရုံများ၊ လေကြောင်းလိုင်းများ၊ မီးရထားနှင့် သင်္ဘောခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို မေလအတွင်းမှာပင် ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ယခုအခါ ပုံမှန်လည်ပတ် နိုင်ခဲ့ပြီဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မန္တလေးမြို့ ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မေလ ၁၈ ရက် နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။ ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများကပ်လှူပူဇော်ခဲ့ပြီး၊ ဘုရားကြီးအတွင်းရှိ ရှေးမူလက်ရာများ စနစ်တကျထိန်းသိမ်းထားရှိရေးတို့ကို  လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ရှေးမူလက်ရာမပျက်စေ ရေး  အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်းကို   သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးဦးကိုကိုက မေလ ၁ ရက်နေ့ကစစ်ကိုင်းမြို့နှင့် အင်းဝမြို့တို့ရှိ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးစဉ်တွင် တာဝန်ရှိသူများအား ပြောကြားခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   Phoenix သတင်း ဌာနမှ နိုင်ငံရေးဆိုင်ရာ Talk with World Leaders အစီအစဉ်တင်ဆက်သူ  Ms. Fu Xiao Tianအား  မေလ ၂ဝ ရက်က  Video Conferencing မှတစ်ဆင့် လက်ခံတွေ့ဆုံ၍         မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ ၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေ အနေများ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင်မြန်မာနိုင်ငံနှင့် ပတ်သက်၍   ဆွေးနွေးချက်များနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသ  တည်ငြိမ်အေးချမ်းရေးအပေါ် ထိန်းသိမ်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် အခြားသိရှိလိုသည့် မေးမြန်းမှုများအား ပြည့်ပြည့် စုံစုံ ပြန်လည်ဖြေကြားခဲ့ကြောင်းကို နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြပါရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၅/၂ဝ၂၁) ကြိမ်မြောက်   သတင်းစာရှင်းလင်းပွဲကို မေလ ၁၅ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပရာ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်ကိုလည်း တွေ့ရှိရသည်။

သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့ဝင်များနှင့် မေလ ၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က တွေ့ဆုံဆွေးနွေးခဲ့ပြီး   သတင်းမီဒီယာကောင်စီအနေဖြင့်   သတင်းမီဒီယာ လောကအတွက် တည့်မတ်မှန်ကန်စွာဖြင့် ဘက်မလိုက်ဘဲ တရားမျှတစွာကြိုးစားရန်နှင့်   ရဲဝံ့စွာရပ်တည် လုပ်ဆောင်ကြမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို မေလ ၇ ရက်က  Video Conferencing ဖြင့် ကျင်းပရာ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက   သတင်းမီဒီယာများ စတုတ္ထမဏ္ဍိုင်ပီသစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိစေရေး၊ ပြည်သူများ၏ကျန်းမာရေး၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

တရားမဝင်အဖွဲ့အစည်းများနှင့် သတင်းဌာနအချို့သည် ဂြိုဟ်တုစလောင်းများမှ တစ်ဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်က အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးကိုထိခိုက်စေသော အကြောင်းအရာများနှင့် နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန်မှုကျူးလွန်နေသူများကို အားပေးကူညီရာရောက်သည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိသဖြင့်    တရားမဝင်ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုသူများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မေလ ၄ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုး သားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ်၏  မေတ္တာရပ်ခံချက် များကို      အလေးထား၍လည်းကောင်း ဂျပန်သတင်းထောက် Mr.Yuki Kitazumi ကို အမှုပိတ်သိမ်း၍ ပြန်လည်စေလွှတ်ပေးကြောင်း မေ ၁၃ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားသည်။ ဂျပန်သတင်းထောက်သည် CDM လှုပ်ရှားမှုများနှင့် ဆူပူဆန္ဒပြမှုများအား ဆက်လက်ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဧပြီ ၁၈ ရက်တွင် တရားစွဲဆို အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည်    သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လစ်လပ်သွားသော သတင်းမီဒီယာကောင်စီဝင်များနေရာ၌ အစားထိုးရွေးချယ်မှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးခဲ့ကြပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တစ်ဦးတို့ကို ရွေးချယ်ပေးခဲ့ကြောင်းသိရှိရသည်။

မြန်မာပြည်အနှံ့အပြားခြေဆန့်နိုင်ကြပြီမြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ယခင်နေ့စဉ် ခရီးသည် လိုက်ပါစီးနင်းမှုများသော ရန်ကုန်-မန္တလေး စာပို့ရထားခရီးစဉ်ကို မေလ ၆ ရက်နှင့် ရန်ကုန် - ပဲခူး  RBE ခရီးသည်တင်ရထားကို မေလ ၈ ရက်တို့တွင် စတင်ပြေးဆွဲခဲ့သည့် အပြင်   ပျဉ်းမနား-တောင်တွင်းကြီး- ပျဉ်းမနား အမှတ်(၁ဝ၃)အဆန်၊ အမှတ်(၁ဝ၄) အစုန် RBEရထားကို မေလ ၁၅ ရက်တွင် စတင်ပြေးဆွဲခဲ့သည်ကိုလည်းမြင်တွေ့ရသည်။

ကော့သောင်းခရိုင် မြိတ်ကျွန်းစုဒေသ မြန်မာ့ပင်လယ်ရေပြင်တွင် Snorkeling ပြုလုပ်နိုင်ခြင်း၊ Scuba Diving ပြုလုပ်နိုင်ခြင်း၊  ဒီရေတောများအတွင်း  လေ့လာအပန်းဖြေနိုင်ခြင်းနှင့် ကျွန်းပေါ်ကမ်းခြေများတွင်    အနားယူအပန်းဖြေခြင်းစသည့် အဏ္ဏဝါခရီးသွားလုပ်ငန်းများဖြင့် ဧည့်သည်များ ရွေးချယ်လည်ပတ်နိုင်စရာ ခရီးစဉ်ဒေသအသစ်များကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း ဒေသတွင်း လမ်း၊ တံတားများ ဖွံဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အတွင်းရှိ လမ်းတံတား များကိုလည်းကောင်း၊    နယ်စပ်ရေးရာဝန်ကြီးဌာနမှလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လမ်းတံတားများ၊ အိမ်ရာများ၊ ရေရရှိရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးလျက် ရှိနေပြီဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆီသို့ ၂ဝ၂၁ - ၂ဝ၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ၌ ကျောင်းသား၊  ကျောင်းသူများအား   ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ မေ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ မေလ ၃၁ ရက်အထိ နံနက် ၉ နာရီမှ   ညနေ ၃ နာရီထိ လက်ခံဆောင်ရွက် ပေးလျက်ရှိသည်ကိုလည်း မြင်တွေ့ရပါသည်။

ကျောင်းများ လာရောက်အပ်နှံစဉ် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့်   စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် COVID-19 ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးသည့်အပြင် COVID-19 ရောဂါကာကွယ် ကုသမှုကာလအတွင်း Quarantine ဆောင်များအဖြစ် အသုံးပြုခဲ့သော စာသင်ဆောင်များကိုလည်း နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သားများက လိုအပ်သည့် ဆေးဖျန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံကျောင်း များ၏ ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့ရေးဖြေ  သင်တန်းများနှင့် နောက်ဆုံးနှစ်  ဘွဲ့ကြိုသင်တန်းများကို မေလ ၅ ရက်တွင် တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါသည်။     ယင်းသို့ဖွင့်လှစ်ရာတွင် အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊   ကောလိပ် ၄၉ ကျောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်ကျောင်း ၆ဝ၊ ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်း စုစုပေါင်း ၁၃၄ ကျောင်းတွင် ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့ရေးဖြေသင်တန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းများ၊ ဂုဏ်ထူးတန်း ဒုတိယနှစ်၊  တတိယနှစ်သင်တန်းများ၊နောက်ဆုံးနှစ်  ဘွဲ့ကြိုသင်တန်းများ၊ ဒုတိယနှစ်ပညာရေးဒီပလိုမာသင်တန်းများ၊  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိသော ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် မဟာဘွဲ့နောက်ဆုံးနှစ် သင်တန်းများကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့်    အစိုးရနည်းပညာအထက်တန်းကျောင်းများ စုစုပေါင်း ကျောင်း ၇ဝ ရှိ A.G.T.I (၃)နှစ် ဒီပလိုမာ သင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် တတိယနှစ် သင်တန်းများ၊ GTHS (၂)နှစ် သင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် ဒုတိယနှစ် သင်တန်းများအား ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေလျက် မေ ၅ ရက်တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းနှင့် အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများ ပွင့်လန်းလာခဲ့ပြီဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့်ပြည်သူများအတွက် မနေမနား အကျိုးဆောင်လျက်ရှိနေခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   စတုတ္ထလ ဖြစ်သည့် မေလအတွင်း ပိုမိုထူးကဲစွာမြင်တွေ့ရမည်ဖြစ်ရာ မိမိတို့ပြည်သူများလည်း နိုင်ငံတော်အစိုးရနှင့်  တစ်စိတ်တစ်ဝမ်းတည်းထားရှိ၍ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွား အတွက် လက်တွဲဖော်ဆောင်ကြပါစို့ ဟူ၍ တိုက်တွန်းရေးသား လိုက်ရပါတော့သည်။           ။

ကနောင်