နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူမှု စတုတ္ထ တစ်လတာခရီး (၁)

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူမှု စတုတ္ထ တစ်လတာခရီး

ယမန်နေ့မှအဆက်   ၁၆-၆-၂၀၂၁

ရွေးကောက်ပွဲကော်မရှင်ခြေလှမ်းစိတ်စိတ်

မေလ ၁ ရက်မှ  ၁ဝ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်များ အရ စစ်ကိုင်းတိုင်းဒေသကြီး  တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူနှင့်  ဝက်လက်၊  မွန်ပြည်နယ် မော်လမြိုင်၊  ကျိုက်မရော၊  မုဒုံ၊  ရေး၊ ချောင်းဆုံနှင့် သံဖြူဇရပ်၊ ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံ၊ မကွေးတိုင်းဒေသကြီး မြို့သစ်နှင့် မြိုင်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊  တနင်္သာရီ၊  ကော့သောင်း၊ ဘုတ်ပြင်း၊ ကျွန်းစုနှင့် လောင်းလုံးစသည့် မြို့နယ်များ၏မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ  ထုတ်ယူ၊  ရရှိ၊  သုံးစွဲ၊ လက်ကျန်မြေပြင်အခြေအနေများကို စစ်ဆေးနိုင်ခဲ့သည်။

ထို့အတူ မေလ ၁၁ ရက်မှ ၂ဝ ရက်အတွင်း   ရှမ်းပြည်နယ်  တောင်ကြီး၊ ညောင်ရွှေ၊  ကလော၊ ရွာငံ၊ ပင်လောင်း၊ ကွမ်းလုံနှင့် တန့်ယန်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ၊ စလင်းနှင့်မင်းတုန်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊  ကျောင်းကုန်း၊  ရေကြည်၊ ကျုံပျော်၊ ဖျာပုံ၊ ဘိုကလေး၊ ဟင်္သာတ၊ဓနုဖြူ၊ လေးမျက်နှာ၊  အင်္ဂပူနှင့်ဇလွန်စသည့်မြို့နယ်တို့တွင်  မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန်မြေပြင်အခြေအနေများကို စစ်ဆေးနိုင်ခဲ့သည်။

ထို့အတူ မေလ ၂၁ ရက်မှ ၃၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ တမူး၊ ကောလင်း၊ ကလေးဝနှင့် မင်းကင်း၊ ရှမ်းပြည်နယ် ကုန်းကြမ်း၊ ကျေးသီး၊ သီပေါ၊ ပင်းတယ၊ ဖယ်ခုံ၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုးနဲ၊ သိန်းနီ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မဘိမ်း၊ မက်မန်း၊ မိုင်းတုံ၊ မူဆယ်၊ ကွတ်ခိုင်၊ မိုင်းခတ်၊ ကျိုင်းတုံ၊ မိုင်းရယ်၊ ဆီဆိုင်၊ နမ့်စန်၊ မိုင်းပျဉ်း၊ ဟိုပုံး၊ လွိုင်လင်၊ ရပ်စောက်၊  တာချီလိတ်နှင့်  မိုင်းဖြတ်၊ ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ ထီးချိုင့်၊ ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကသာ၊ အင်းတော်၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ မော်လိုက်နှင့် ဖောင်းပြင်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်၊ ပုလော၊ သရက်ချောင်းနှင့် ရေဖြူ၊ ရှမ်းပြည်နယ် လားရှိုး၊ လင်းခေး၊ လဲချား၊ ဟိုပန်၊ နမ့်ခမ်း၊ လောက်ကိုင်နှင့် မိုင်းယောင်းမြို့နယ်တို့၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန်မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မေလ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်၊ မေလ ၁၄ ရက်တွင် မွန်ပြည်နယ်ရှိ မြို့နယ် ၁ဝ မြို့နယ်၊ မေလ ၁၅ ရက်တွင် ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည့် မြို့နယ် ၈ မြို့နယ်၊ မေလ ၁၆ ရက်တွင် ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်နှင့် မေလ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့နယ်တို့၏ မဲပေးခဲ့မှုအခြေအနေများကို ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါသတင်းထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် မဲပေးခဲ့မှု အခြေအနေများသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းဖော်ထုတ်တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။

လူမှုဘဝမြှင့်တင်ရေးအတွက် ဆောင်ရွက်ချက်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၁ ရက်တွင်ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာ၌ ယခုအချိန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးစားရမည့်အချိန်ဖြစ်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး  နိုင်ငံတော်ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်  လက်တွဲကြိုးပမ်းအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေး အမြန်ဆုံး ပြန်လည်အားကောင်းလာမည်ဖြစ်ကြောင်းနဲ့ ပြည်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်မြင့်မားလာပြီး   တည်ငြိမ်အေးချမ်းသော ဝန်းကျင်တစ်ခု ဖြစ်ထွန်းစေရေးကို အလုပ်သမားထုကြီးထံသို့ပေးပို့သည့်သဝဏ်လွှာတွင်    အလေးအနက်ထား တိုက်တွန်းပြောကြားခဲ့သည်ကို မြင်တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် မိုးကောင်းလမ်းမပေါ်တွင် ရှိသော မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့်  မြဝတီမီဒီယာစင်တာတို့ကို တက်ရောက် ဖွင့်လှစ်ပေးပြီး မိမိတို့ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ရာတွင်  ပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသခံယူမှု ဈေးကွက်ကို အစားထိုးနိုင်ရန်အတွက် အဆိုပါဆေးရုံကြီးကို    တည်ဆောက်ခဲ့ကြောင်းနှင့် နိုင်ငံရပ်ခြားတွင်   ဆေးကုသမှုခံယူပါက ကြုံတွေ့ရမည့် ဘာသာစကားအခက်အခဲ၊ ဆရာဝန်များနှင့်  အရေးပေါ်ချိတ်ဆက်ဆွေးနွေးမှု အခက်အခဲများမဖြစ်ပေါ်စေရန်၊ ဒေသတွင်းပြည်သူလူထု အနေဖြင့်  နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတကာအဆင့်မီဆေးရုံကြီးအဖြစ် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်  မြဝတီမီဒီယာစင်တာကို ဖွင့်လှစ်ပေးခဲ့ပြီး သတင်း၊ စာပေ၊ ရုပ်ရှင်၊ သီချင်း၊ ဂီတ၊ ရုပ်မြင်သံကြားများ အကျုံးဝင်သည့် မီဒီယာလုပ်ငန်းများသည် နိုင်ငံတစ်ခုအတွက်    အမျိုးသားယဉ်ကျေးမှုနှင့် အမျိုးသားအကျိုးစီးပွားအတွက် များစွာအထောက်အကူပြုစေနိုင်သည့် အင်အားစုကြီးဖြစ်သည့်အတွက်  စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ်အတွက် ဖော်ထုတ်ရေးသားပြောဆိုခွင့်ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိကကျပြီး ပြည်သူတစ်ဦးချင်းစီအတွက်လည်း သိသင့်သိထိုက်သည့် ဗဟုသုတများဖြန့်ဝေခြင်းဖြင့် အစိုးရ၏ပွင့်လင်းမြင်သာမှုကို  တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း   မြဝတီမီဒီယာစင်တာဖွင့်ပွဲ အခမ်းအနားအတွင်း ထည့်သွင်းပြောကြားခဲ့သည်ကိုလည်း သိရှိခဲ့ရပါသည်။

မြဝတီမီဒီယာစင်တာ   ဖွင့်လှစ်ခြင်းအားဖြင့် နယ်ပယ်စုံမှ အနုပညာသမားများနှင့် မီဒီယာသမားများအားလုံး  အချက်အချာကျသည့် တစ်နေရာတည်းတွင် အဆင့်မြင့်နည်းပညာသုံး ရိုက်ကူးရေးနှင့် အသံဖမ်း စတူဒီယိုများ ထည့်သွင်းငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ ရိုက်ကူး၊   ထုတ်လွှင့်တင်ဆက်မှုများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ   စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းများကိုလည်း ယခုလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင် ထောက်ပံ့ပေးအပ်မှုများ အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း အားရဖွယ်မြင်တွေ့ရသည်။ ထို့အတူ သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးလုပ်ငန်းလမ်းညွှန်(မူကြမ်း)နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   မေလ ၁၉ ရက်တွင် ကျင်းပခဲ့ပြီး သက်ဆိုင်ရာသင်တန်းကျောင်းများအလိုက် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော    ကလေး သူငယ်များစိစစ်ရေးကော်မတီများ စသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းခြင်းဆိုင်ရာနှင့် ကလေးသူငယ်များ၏   အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်ကိုလည်း မြင်တွေ့ရသည်။

မေလ ၅ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု ဆုငွေကျပ် သိန်း ၁ဝဝ နှင့် ဆန်၊ ဆီ၊ ကုလားပဲ၊ ဆားစသည့် စားနပ်ရိက္ခာများပေးပို့ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်များနှင့်အညီ မြန်မာ နိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးသွားမည့် စီမံချက်များအရ မေလအတွင်း   တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင်ပန်းခင်းစီမံချက်ကို အင်တိုက်အားတိုက် ဆောင်ရွက် နေကြပြီ ဖြစ်သည်။

မြန်မာ-ထိုင်း ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ် များ    အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး ဆွေးနွေးပွဲကို မေလ ၁၂ ရက်ကကျင်းပရာ နားလည်မှုစာချွန်လွှာ နှစ်နိုင်ငံအဆင့် MoU လက်မှတ်ရေးထိုးနိုင်ရေး ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေနှင့် လက်မှတ်ရေးထိုးပြီးပါက နှစ်နိုင်ငံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုစနစ်ကျ လျင်မြန်စေရန် Stan-dard Operational Procedure (SOP)  ကို    ဆက်လက်ရေးဆွဲ သွားမည်ဖြစ်ပြီး မြဝတီ - မဲဆောက်နှင့် ကော့သောင်း - ရနောင်းတို့တွင်  ရှေ့ပြေးစီမံကိန်းများကို စတင်ပူးပေါင်းဆောင်ရွက်သွားရန် သတ်မှတ်ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားအရေး အလေးပေး ဆောင်ရွက်လျက်ရှိ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို မေ ၃ဝ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ်ပြန်ခဲ့သည်။ ထုတ်ပြန် ချက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ယခုကာလသည် အခြေခံပညာကျောင်းများ ဖွင့်လှစ်သည့်ကာလဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို ဇွန်လ ၁ ရက်မှ ၃ဝ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဟုပါရှိပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မေလ ၁၃ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကော်မတီဝင်များ၊ ကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်တို့ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်စောမြရာဇာလင်း ဦးဆောင် သည့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီများ    ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)မှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို   တင်ပြကြရာ    ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး   ဆက်လက်ဆောင်ရွက်မည်ဟု သတင်း၌ဖော်ပြပါရှိသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်သည်  မေလ ၁၂ ရက်က မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့အားတွေ့ဆုံခဲ့ပြီး မြိုတိုင်းရင်းသားစာပေအား အခြေခံပညာ ကျောင်းများတွင် တရားဝင် သင်ကြားခွင့်ရရှိနိုင်ရေး၊ တိုင်းရင်းသားဘာသာသင် နေ့စားလပေး (TA/ LT)  ဆရာ/ဆရာမများ ခန့်ထားပေးနိုင်ရေး၊ မြိုတိုင်းရင်းသား စာပေကိစ္စများ၊  တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနိုင်သည်များကို   ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး မတရားအသင်း ကြေညာထားသော NUG အမည်ခံပြည်ပြေး အစိုးရနှင့် CRPH  အမည်ခံ ပြည်ပြေးလွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာ ရေးတို့ကိုပျက်ပြားစေရန် ဆောင်ရွက်နေမှုများကြောင့်   တပ်မတော်၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၄ ရက် ညပိုင်းမှစတင်၍ ယနေ့အထိ နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေး လျက်ရှိသည်ကို မြင်တွေ့ရသည်။

နိုင်ငံတော်၏   အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်   ရည်ရွယ်ချက်ဖြင့် CDMလှုပ်ရှားမှုတွင် ပါဝင်သော ပညာရေး   ဝန်ထမ်းများအား လှုံ့ဆော်ခြင်း၊ ပါဝင်လုပ်ဆောင်ခြင်း၊ ထောက်ခံအားပေးခြင်း၊ မတရားအသင်းများအား ထောက်ခံခြင်း တို့ကိုဆောင်ရွက်လျက် ရှိသော ပညာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အနုပညာရှင်များကို ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေမှုများကို  မေလအတွင်း ဆက်လက် ဖော်ထုတ်လျက်ရှိသည်ကို   မြင်တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန်အတွက် စစ်အုပ်ချုပ်ရေးအမိန့် ၄/၂ဝ၂၁ နှင့် ၅/၂ဝ၂၁ ကို မေလ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ကို မြင်တွေ့ရသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ  တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို မေလ ၂၁ ရက်တွင်ကျင်းပရာ  နိုင်ငံရေးပါတီများက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ကော်မရှင်အနေဖြင့် ထောက်ပံ့ကူညီပေးရေး၊   ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးရေးနှင့် ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် စနစ်ဖြစ်စေရန် အထူးဂရုပြုဆောင်ရွက်သွားရေး၊ တည်ဆဲဥပဒေများ ချိုးဖောက်၍    မဲမသမာမှု ဆောင်ရွက်ခဲ့သည့်ပါတီအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရေးနှင့် အချိုးကျကိုယ်စားပြုစနစ်(PR)နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး အကြံပြုကြရာ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်ကို မြင်တွေ့ရ သည်။

မြန်မာနိုင်ငံသားများအား  ပြန်လည်ဖိတ်ခေါ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ချက် အကြောင်းအမျိုးမျိုး ကြောင့် နေရာဒေသအသီးသီးသ ို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား များအားပြန်လည ်ဖိတ်ခေါ်သည့် သတင်းထုတ်ပြန်ချက်တစ်စောင်ကိုလည်း မေလအတွင်းမှာပင် ထုတ်ပြန်ခဲ့သည်။ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့်   ပြည်တွင်း၊  ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့်  တိမ်းရှောင်နေရသည့်အတွက် လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွား ဘဝ အဆင်မပြေခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသဖြင့်   ၎င်းတို့ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက် သွားမည်ဖြစ်ခြင်းကြောင့် အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ   မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ အရေးယူမှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် ပြည်ပရောက် နိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် သတင်းထုတ်ပြန်ထားပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ မေလ ၈ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မတရားအသင်း "NUG နှင့် "PDF"တို့၏  လှုံ့ဆော်အားပေးမှုကြောင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ဟု အမည်တပ်ကာ လက်နက်ကိုင် အကြမ်းဖက်သည့်  လုပ်ဆောင်မှုများ ပေါ်ပေါက်လာခဲ့ရာ  ယင်းအဖွဲ့များ၏ "CDM"ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ "CDM" မပြုလုပ်သူများကို  ခြိမ်းခြောက်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ကျောင်းမတက်ရန် လှုံ့ဆော်ခြင်း၊  ကျောင်းတက်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်း၊ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရန် အားထုတ်လျက်ရှိခြင်းတို့သည် အကြမ်းဖက်မှုများတွင် အကျုံးဝင်သဖြင့် မတရားအသင်းအဖြစ် ကြေညာထားသည့်   ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(Committee Representing Pyidaungsu Hluttaw-CRPH) ယင်းက ဖွဲ့စည်းထားသော  အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG)ယင်းကဖွဲ့စည်းသည့်  ပြည်သူ့ကာကွယ်ရေး တပ်မတော်(People Defence Force -PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ပါသည်။

ဝမ်းမြောက်ဖွယ်သတင်းကောင်း

၂ဝ၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၂၆ ရက်မှစတင်၍ စက်တင်ဘာလ ၃ဝ ရက်အထိ  ဒေသအသီးသီးရှိ   မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများ အားလုံးတွင် ထုတ်ချေးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက် တစ်စောင်ကို   မေလ ၂ဝ ရက်ထုတ် သတင်းစာများ၌ ဖော်ပြပါရှိသည့်အပြင် ကိုဗစ်-၁၉ ကြောင့်   ၂ဝ၂ဝ ပြည့်နှစ် မိုးရာသီချေးငွေများ ပေးဆပ်ရန် အခက်အခဲရှိသည့် တောင်သူများကို ဧပြီ ၁၅ ရက်အစား ဇူလိုင်လ ၃၁ ရက်အထိ တိုးမြှင့်ပြင်ဆင် ဖြေလျှော့ပေးထားကြောင်း  သိရသဖြင့် တောင်သူများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းတစ်ရပ်ပင်ဖြစ်ပါသည်။

စီးပွားရေးနှင့်  ရင်းနှီးမြှုပ်နှံမှုအတွက် အစဉ်ကြိုးပမ်း

ထို့အတူ တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရေး၊ အခွန်ပေးဆောင်မှု လွယ်ကူစေရေးအတွက် Online Payment စနစ်ဖြင့် ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ မေ ၁ ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အကောက်ခွန်ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

မိုဘိုင်းအင်တာနက်အသုံးပြုမှု ယာယီပြတ်တောက်မှုများ မေလအတွင်း ပြန်လည် ကောင်းမွန်လာခဲ့သဖြင့် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လာနိုင်ခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်မြင်တွေ့ရမည်ဖြစ်ပါသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မေလ ၃ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့အဖြစ်  ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး ထိုကဲ့သို့ ပြင်ဆင်ပေးလိုက်သဖြင့်  ဌာနအတွင်းရှိ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်ထိရောက်တော့မည်ဖြစ်သည်။ 

ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ လိုင်စင်များ၊ ပါမစ်များ၊ ထောက်ခံချက်များအတွက် အခက်အခဲနှင့် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးအတွက် ဖြေလျှော့မှုများဆောင်ရွက်သွားနိုင်ရန်  ပြန်လည်သုံးသပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်ကိုလည်း မေလ ၃ ရက်က မြင်တွေ့ခဲ့ရပါသည်။

ရန်ကုန်မြို့   အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်  ပင်လယ်ရေကြောင်းမှ ပြည်ပပို့ကုန် လယ်ယာထွက်ကုန်ပစ္စည်းများအနေဖြင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် မေ ၁၂ ရက်အထိ ဆန်နှင့် ဆန်ကွဲ ၁၃ဝ၆၃ဝဝ တန်၊ ပြောင်း ၂ဝ၃၅၁၁၃ တန်၊ ပဲအမျိုးမျိုး ၁၁၁၂၉၆၃ တန်၊ နှမ်းအမျိုးမျိုး ၂၁၇၄၄၉  တန်၊ ရော်ဘာစိမ်း ၂ဝ၈၉၇၈ တန်နှင့် အခြားလယ်ယာ ကိုင်းကျွန်းထွက်ပစ္စည်းများ ၂ဝဝ၅၂ဝ၂ တန်၊ စုစုပေါင်း ၆၈၈၆ဝဝ၄ တန် တင်ပို့ခဲ့သည့်အနက် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေ ၁၂ ရက်အထိ ဆန်နှင့်ဆန်ကွဲ ၄ဝ၅၄၁၆ တန်၊ ပြောင်း ၁၁၁၂၃၅၃ တန်၊ ပဲအမျိုးမျိုး ၅၁၆၃၅၈ တန်၊ နှမ်းအမျိုးမျိုး ၃ဝ၉၉၄ တန်၊ ရော်ဘာစိမ်း ၄၁၇၄၄ တန်နှင့် အခြားလယ်ယာကိုင်းကျွန်းထွက် ပစ္စည်းများ ၃၄၄၅၈၁ဝ တန်၊ စုစုပေါင်း ၅၅၅၂၆၇၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်ဧပြီလအထိ   ယာယီစာရင်းများအရ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ  ၁၇ ဒသမ ၅၈ ဘီလီယံကျော် ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိသော   ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းအပါအဝင်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၅ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည်ကို  မေလ ၇ ရက်တွင်ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏(၃/၂ဝ၂၁) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

မြန်မာ့စီးပွားရေးဘဏ်ကအထူးဝန်ဆောင်မှုလုပ်ငန်းများကို မေလ ၁၇ ရက်တွင်စတင်ခဲ့ပြီး  ဘဏ်စာရင်းအသစ်ဖွင့်လှစ်၍ ငွေသားအပ်နှံမှုလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စေရန် စာရင်းသစ်ဖွင့်သူများအတွက်   အထူးကောင်တာ သီးခြားဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး စာရင်းအသစ်ဖွင့်လှစ်ပေးခြင်းနှင့် ငွေသားအပ်နှံမှု လက်ခံခြင်းနှင့် စာရင်းအသစ်မှ အခြားငွေပေးချေမှုများဖြစ်သည့် စာရင်းပြောင်းနည်းလမ်း၊ ငွေပေးအမိန့်လွှာ၊ ချက်လက်မှတ်များဖြင့် ထုတ်ပေးသည့် နည်းလမ်းများကိုလည်း ဆောင်ရွက်နိုင်ပြီး ငွေသား ပြန်လည်ထုတ်ယူလိုပါကလည်း အပ်နှံထားသည့်   ငွေပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ခဲ့ပြီဖြစ်ပါသည်။

ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၄/၂ဝ၂၁)ကို မေလ ၁၂ ရက် က ကျင်းပခဲ့ပါသည်။ ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များကို  ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လုပ်ငန်းစဉ်များကို ပြင်ဆင်ချမှတ်ပေးခဲ့ကြောင်းနှင့်   စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ လည်ပတ်နိုင်ရေးအတွက် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်း မူဝါဒချမှတ်နိုင်ရေး၊ ဖြေလျှော့ပေးသင့်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးနိုင်ရေးနှင့် သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖော်ပြပါမည်။