နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် ကျင်းပသည့် (၈)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်
နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာနှင့် ပြည်တွင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ် နိုင်ငံက ဦးစီးကျင်းပသည့် (၈) ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ အာဆီယံ အပေါင်းနိုင်ငံများဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယကာကွယ်ရေး ဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအမြင်များ၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေမှုများ၊ ဒေသတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ADMM-Plus မူဘောင်အောက်ရှိ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးတွဲဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။
(၈) ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် တက်ရောက်လာကြသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပမည့်အစား နှစ်စဉ်ကျင်းပသွားကြရန် အစည်းအဝေးက သဘောတူညီခဲ့ကြသည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အပေါင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် အနာဂတ်အတွက် အသင့်ဖြစ်ပြီး ငြိမ်းချမ်းသာယာ ဝပြောသော အာဆီယံ အသိုက်အဝန်းတစ်ရပ်အဖြစ် မြှင့်တင်ဆောင်ရွက်ခြင်း ဆိုင်ရာ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးထူထောင်မှု (၁၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အာဆီယံ အပေါင်းကာကွယ်ရေး ဝန်ကြီးများ၏ ဘန်ဒါဆရီဘီဂါဝန် ကြေညာချက်ကို အွန်လိုင်းမှတစ်ဆင့် သဘောတူညီ ထုတ်ပြန်ကြေညာ ခဲ့ကြကြောင်း သိရသည်။