ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ  ရေမျှောပူဇော်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  ဇွန်  ၁၅

ဘဝနတ်ထံ    စံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက   နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ  ဒေါက်တာ ဘဒ္ဒန္တကဝိသာရ  (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဈေးကုန်းဆရာတော် ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအနီးရှိ ပေါင်းလောင်းမြစ် ဆိပ်ကမ်း၌ ကျင်းပသည်။

ရှေးဦးစွာ လောင်တိုက်တော်တည်ရှိရာ ဥပ္ပါတသန္တိစေတီတော် ဘုရားပွဲတော်ကွင်း ၌ ဆရာတော်၊ သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအေးထွန်းနှင့်   ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဝင်    ဦးမြင့်စိုးနှင့်တပည့်ဒါယကာ၊ ဒါယိကာမတို့က သဗ္ဗေ သင်္ခါရာ အနိစ္စာတိ အစချီသော သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အခမ်းအနားမှူးက ဆရာတော်ကြီး၏ သရီရဓာတ်ပြာတော်ကို ဓာတုပဝါ ဟနပူဇာသဘင် ဆင်ယင်ကျင်းပပူဇော်ခွင့် ပြုတော်မူ ပါမည့်အကြောင်း အဘိယာဓန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားသည်။

ဆက်လက်၍ ဆရာတော်ကြီး၏ သရီရ ဓာတ်ပြာတော် ရတနာရွှေအိုး၊ ငွေအိုးများကို ဥပ္ပါတသန္တိစေတီတော် ဘုရားပွဲတော်ကွင်း လောင်တိုက်တော်မှ ဇေယျာသီရိမြို့နယ် ကျည် တောင်ကျေးရွာအနီးရှိ ပေါင်းလောင်းမြစ်ဆိပ်ကမ်းသို့ ကရဝိတ်ယာဉ်ဖြင့် အစီအစဉ်အတိုင်း ပင့်ဆောင်ကြသည်။

ထို့နောက် ဆရာတော်ကြီး၏ သရီရဓာတ်ပြာတော် ရတနာရွှေအိုး၊ ငွေအိုးများကို ဆရာတော်၊ သံဃာတော်များ၊ ဆွေတော်၊ မျိုးတော်များ၊ တပည့် ဒါယကာ၊ ဒါယိကာမများက ပေါင်းလောင်းမြစ် ဆိပ်ကမ်းရှိ အသင့်ဆိုက်ကပ်ထားသော ရေယာဉ်ပေါ်သို့ ပင့်ဆောင် ကြသည်။

ဆက်လက်၍ ဆရာတော်ကြီး၏ သရီရဓာတ်ပြာတော်များကို ပင့်ဆောင်လာသော ရေယာဉ်သည် ပေါင်းလောင်းမြစ်အတွင်းရှိ သတ်မှတ်နေရာ၌ ဆရာတော်၊ သံဃာတော်များ ဦးဆောင်သော ဆွေတော်၊ မျိုးတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများက 'အနိစ္စာ ဝတ သင်္ခါရာ' အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆို၍ သံဝေဂဉာဏ် ပွားများတော်မူကြပြီး ဆရာတော်ကြီး၏ သရီရဓာတ်ပြာတော်များကို ပေါင်းလောင်းမြစ်အတွင်း ရေမျှောပူဇော်၍ အမျှပေးဝေသည်။ထို့နောက် အပြစ်ရှိက ခွင့်လွှတ်တော်မူရန် တောင်းပန်၍ ဆရာတော် ဘုရား ကြီးအား နောက်ဆုံးတောင်းပန် ကန်တော့ကြပြီး သရီရဓာတုပဝါဟန ပူဇာသဘင် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ပျဉ်းမနားမြို့၊   မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရသည် နိုင်ငံတော် ဝါဒါစရိယ တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပြီး ပျဉ်မနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက်ကြီးကို ပရိယတ္တိစာသင်တိုက်အဖြစ် ဖွင့်လှစ်တော်မူကာ စာသင်သားသံဃာအပါး ၃ဝဝ ခန့်အား ပရိယတ္တိစာပေများကို စံလွန်တော်မူသည်အထိ သင်ကြားပြသ ပို့ချတော်မူသည်။ ထို့ပြင် ဦးဗုဒ္ဓေါ တောရရိပ်သာကြီးကို တည်ထောင်၍ ကမ္မဋ္ဌာန်း ကျင့်စဉ်များကို ကိုယ်တိုင်လည်း ကျင့်ကြံတော်မူပြီး တပည့် သံဃာ၊ ဒါယကာ၊ ဒါယိကာမ၊ ယောဂီအပေါင်းတို့အားလည်း ကျင့်ကြံစေတော်မူသည့်အပြင် ပရိယတ်ပဋိပတ် ဓုရနှစ်ဖြာ သာသနာတော်ကို သက်ဆုံးတိုင် အားသွန် ကြိုးပမ်း ထမ်းဆောင်တော်မူလျက် ကျောင်းတိုက်ခွဲပေါင်းများစွာကို   ဖွင့်လှစ်တည်ထောင် ဆောင်ရွက်တော်မူခဲ့သည့် သာသနာ့အာဇာနည် မဟာထေရ်မြတ်ကြီးဖြစ်ပြီး သက်တော်(၉၅) နှစ် သိက္ခာတော် (၇၅) ဝါတွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။