မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံ ဖြစ်ရုံသာမက တိကျမှန်ကန်သန့်စင်သော ထေရဝါဒ ဗုဒ္ဓသာသနာ တည်ရှိရာနိုင်ငံဟု အသိအမှတ် ပြုထားခြင်းခံရသော နိုင်ငံဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူနေမှုဘဝသည် ထေရဝါဒ ဗုဒ္ဓသာသနာတွင် အခြေခံ၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည့်အတွက် ဆက်လက်တည်တံ့ရှင်သန်ရေးသည် သာသနာပြန့်ပွားမှု အပေါ်တွင် လုံးဝတည်မှီနေသည်။ ထို့ကြောင့် မြန်မာ့ ယဉ်ကျေးမှု၏ ဇာစ်မြစ်ဖြစ်သည့် ထေရဝါဒသာသနာတော်ကို ပြည်ပသို့တိုင်ပျံ့နှံ့စေရန် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြသည်။
''သာသနံ၊ နာရာဇာနံ၊ နိဿာယ၊ တိဋ္ဌတိ'' ဟု ရှေးဆရာတော် ဘုရားကြီးများ၏ မိန့်မှာခဲ့ချက်အရ သာသနာ့ခရီးလမ်း တစ်လျှောက် သာသနာပြုမင်းကောင်းမင်းမြတ်၏ အထောက်အပံ့ကို ရရှိသည့်အခါ သာသနာကြီးသည် နေဝါလဝန်း ထွန်းလင်းစေခဲ့သည်။ မြန်မာနိုင်ငံတွင် သာသနာပြု မင်းကောင်းမင်းမြတ်များသည် ဆရာတော်ကြီးများ၏ သြဝါဒကိုနာယူကာ ဓမ္မစက်ကို အာဏာစက်ဖြင့်ကူညီပံ့ပိုး၍ ပစ္စည်းလေးပါး ထောက်ပံ့ ခဲ့ကြသည်။ ပုဂံခေတ် အနော်ရထာမင်းနှင့် ရှင်အရဟံ မထေရ်တို့ လက်ထက်မှစ၍ ယနေ့ကာလတိုင်အောင် ဆရာဒကာ လက်တွဲ၍ သာသနာသုံးရပ်ကို အစဉ် အဆက် ထိန်းသိမ်းစောင့်ရှောက် ချီးမြှင့်ခဲ့ကြသည်။ ထို့ကြောင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများ၏ ဗဟိုချက်မအဖြစ် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်လျက်ရှိ နေပေသည်။
ရှေးမြန်မာများသည် သာသနိက အဆောက်အအုံများကို လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် တည်ထားခဲ့ကြသည်။ မြန်မာပြည် အနှံ့အပြားတွင် သဗ္ဗညုတမြတ်စွာဘုရားအား ရည်မှန်း၍ စေတီပုထိုးများ တည်ထား ကိုးကွယ်ပူဇော်ခဲ့ကြ၏။ အထူးသဖြင့် ပုဂံဒေသတွင် စေတီပုထိုးများ လက်ညှိုးထိုး၍မလွဲအောင် တည်ရှိသဖြင့် ဘုရားမြေ(The Land of Pagodas)ဟုပင် နိုင်ငံခြားသားများက တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဘုရားဆင်းတုရုပ်ပွားတော်များ တည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ အစောဆုံးတွေ့ရှိခဲ့ရသည်မှာ ပျူခေတ်၌ဖြစ်သည်။ ပျူကျောက်ဆစ် ပညာရှင်တို့သည် ဗုဒ္ဓရုပ်ပွားတော်များကို ထုလုပ်ရာတွင် ယေဘုယျအားဖြင့် ကျောက်ချပ် ပေါ်၌ ရုပ်ကြွဖော်တတ်ကြသည်။ ၁၉ဝ၆ ခုနှစ်၊ ဘောဘောကြီးစေတီ အနီးမှတွေ့ရသော ကျောက်ချပ်ပေါ်မှ မြတ်စွာဘုရားသည် ပလ္လင်ပေါ်၌ ခြေတော်ကိုထပ်လျက် တင်ပျဉ်ခွေကာ စံပယ်တော်မူသည်ကို တွေ့ရသည်။ ပုဂံခေတ်တွင်လည်း အနိရုဒ္ဓဒေဝခေါ် အနော်ရထာမင်းစောသည် ၎င်းကိုယ်တိုင် ပြုခဲ့သော အုတ်ခွက်ဘုရား၏ ကျောဘက်မျက်နှာစာတွင် ''ဧသောဘဂဝါ၊ မဟာရာဇ၊ သီရိအနိရုဒ္ဓဒေဝေန တဟော ဝိမုတ္တတ္ထံ၊ သဟတ္တေတေနဝါတ်'' ဤဘုရားကို သီရိအနိရုဒ္မင်းကြီးသည် သံသရာမှလွတ်မြောက်ရန် အလို့ငှာ မိမိလက်ဖြင့်သာလျှင် ပြုလုပ်တော်မူအပ်၏ဟု ပါဠိဘာသာဖြင့် ကမ္ပည်းမှတ်တမ်းတင် ရေးထိုးထားပြီး တည်ထားကိုးကွယ်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ တွေ့ရှိရသည်။ ထို့ပြင် ရှေးယခင်သာသနာပြု မင်းအဆက်ဆက်တို့သည် ဗုဒ္ဓဘာသာအဓွန့်ရှည် တည်တံ့စေရန်အလို့ငှာ စကျင်ကျောက်တော်ကြီးများကို ပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်များကို ဥဒ္ဒိဿ ရည်မှန်းကာ ထုဆစ်ပူဇော်ခဲ့ကြသည်။
စကျင်ကျောက်သည် ရတနာဆယ်ပါးတွင်ပါဝင်သော ''သိလာကျောက်သလင်း'' မျိုးဖြစ်၍ ''ဘုရားရုပ်ဆင်း၊ ကျောက်သလင်းနှင့် ထည့်သွင်းကြုတ်ရွှေ၊ ရှင်တော်မွေ'' ဟူသောစာသားအတိုင်း ကိုးကွယ်ရာ ဘာသာအသီးသီးက ဘာသာရေး ရုပ်ပွားတော်အဖြစ် အထွတ်အမြတ်ထား ထုဆစ်ပူဇော်ကြသည်။ မြန်မာ လူမျိုးတို့၏ စကျင်ကျောက်ဆင်းတု ထုဆစ်ပူဇော်မှု သမိုင်းတွင် အစောဆုံးတွေ့ရှိရသည်မှာ အင်းဝခေတ်၌ တနင်္ဂနွေမင်း အင်းဝမြို့တွင် တည်ထား ပူဇော်လှူဒါန်းခဲ့သည့် လောကသရဖူ ကျောက်တော်ကြီးဘုရားနှင့် စစ်ကိုင်းမြို့ရှိ လေးကျွန်းမာန်အောင် ကျောက်တော်ကြီး ဘုရားတို့ဖြစ်သည်။ အမရပူရခေတ်ဘိုးတော်ဗဒုံမင်း လက်ထက်တွင်လည်း အသည်ဝန်မဟာ မင်းလှကျော်စွာ ဦးဆောင်၍ တောင်သမန်အင်းအနောက်ဘက်၌ နေပူခံဘုရားကြီး ခေါ် တောင်မင်းကြီးကျောက်တော် ကြီးဘုရားကို တည်ထားပူဇော်ခဲ့သည်။ ဘကြီးတော် စစ်ကိုင်းမင်းသည်လည်း တောင်သမန်အင်းအရှေ့ဘက် တွင် မဟာသကျရံသီ ကျောက်တော်ကြီးဘုရားကို တည်ထားပူဇော်ခဲ့သည်။ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီး သည်လည်း မန္တလေးတောင်ခြေ၌ ကျောက်တော်ကြီးဘုရားကို သပ္ပာယ်စွာ တည်ထား ပူဇော်ခဲ့ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံအတွင်း စကျင်ကျောက်ဆစ်ကျောက် ဆင်းတုဘုရားများ တည်ထားကိုးကွယ်ခြင်း ကောင်းမှုကို ဆက်လက်ပြုခဲ့ကြသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ တပ်မတော်အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မ ကုန်းတော်၌ လောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရားကို လည်းကောင်း၊ ဒီမိုကရေစီ ခေတ်ဦး ပထမအစိုးရ လက်ထက်တွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ကုသိနာရုံ လျောင်းတော်မူ ကျောက်တော်ကြီးဘုရားနှင့် ဥတ္တရသီရိ မြို့နယ် အောင်မောဠိတောင်ညွန့်ထက်တွင် ပုဂံအာနန္ဒာ ဘုရားတောင်ဘက်မုခ်ရှိ ကဿပ ဘုရားရှင်ပုံအတိုင်း မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီးတို့ကို လည်းကောင်း အသီးသီးတည်ထား ပူဇော်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရ၏ အမျိုးဘာသာ သာသနာအတွက် ဘက်စုံဆောင်ရွက်လျက် ရှိခြင်းဖြစ်ရာ သာသနာတစ် ခေတ်ဆန်းချိန်ဟု ဆိုရလောက်အောင်ပင် ထွန်းတောက် စည်ပင်လျက်ရှိနေသည်။ ကမ္ဘာပေါ်တွင် ထိုင်ဝမ်ကျွန်း၊ ချန်းဟွာရှိ ပင်လယ်ရေမျက်နှာပြင်အထက် ၇၄ မီတာ အမြင့်ရှိသည့် တောင်ကုန်းပေါ်၌ ဉာဏ်တော်အမြင့် ၂၄ မီတာ (၇၉ ပေ)ခန့်အမြင့်ရှိ ခိုင်ခံ့သောကွန်ကရစ်ဖြင့် ထုလုပ်ပူဇော်ထားသည့် ထိုင်တော်မူ Baguashan ဗုဒ္ဓရုပ်ပွားတော်ကြီးသည် အာရှတိုက်ရှိ အကြီးမားဆုံးသော ဗုဒ္ဓရုပ်ပွားတော်များထဲမှ တစ်ဆူဖြစ်သည်ကို တွေ့ရှိရသည်။
ယခုအခါတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်း တောက်ပလျက်ရှိကြောင်း ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော် မြတ်ကြီးအား ပြည်တွင်း/ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုကို အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးပွားစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဉာဏ်တော်အမြင့် ၆၃ ပေ၊ပလ္လင်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ (၂၅ မီတာခန့်) အမြင့်ရှိ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ် ပူဇော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ပဋိမာသိပ္ပံပညာရှင်ဆရာကြီး ဦးစဝ်ထွန်း မှတ်ဝင်း ရေးသားပြုစုသော သုတေသနစာတမ်းအရ မုဒြာဆိုသည်မှာ အလွန်နက်နဲ သိမ်မွေ့၍ အတွင်းငုပ်သော အနက်အဓိပ္ပာယ် သဘောတရားများကို ရည်ညွှန်းကြောင်း၊ သက္ကတဘာသာ အားဖြင့် ''မုဒြာ''၊ ပါဠိဘာသာ''မုဒ္ဒ''၊ မြန်မာဘာသာ ''ဗုဒ္ဓလက်တော်ဟန်''ဟု အဓိပ္ပာယ်ရကြောင်း ဖွင့်ဆိုထားသည်။ မြတ်စွာဘုရားရှင်၏ လက်တော်အနေအထား၊ ဗုဒ္ဓလက်တော်ဟန်၊ ခြေတော်ဟန်အနေအထား၊ ခြေတော်ဟန်ပုံစံတို့ကို ''မုဒြာ'' ဟု ခေါ်ပြီး ဗုဒ္ဓယဉ်ကျေးမှုနယ်ပယ်တွင် အသုံးပြုခဲ့သော မုဒြာပေါင်းမှာ ၂၉၅ မျိုးရှိကြောင်း ဖော်ပြထားရှိသည်။
မုဒြာအမျိုးအစား အမျိုးမျိုး ကွဲပြားကြသော်လည်း ပဒုမာသနမုဒြာ၊ ဓမ္မစကြာမုဒြာ၊ ဘူမိဖဿမုဒြာ၊ ဈာနမုဒြာ၊ အဘယမုဒြာ၊ ပိဏ္ဍမုဒြာနှင့် ပရိနိဗ္ဗာနမုဒြာ စသည်ဖြင့် အဓိကမုဒြာဟန်များ ရှိကြသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ထားကိုးကွယ်မည့် ကျောက်ဆစ်ရုပ်ပွားတော် မြတ်ကြီးမှာ ဘူမိဖဿမုဒြာမျိုးဖြစ်သည်။ ဘူမိဖဿမုဒြာ ဆိုသည်မှာ မဟာပထဝီမြေကြီးကို သက်သေညွှန်း၍ မာရ်နတ်သားအား အောင်မြင်တော်မူသည့် တင်ပျဉ်ခွေထိုင်နေတော်မူသည့် ပုံစံဖြစ်သည်။
ဘူမိဖဿမုဒြာသည် ဘယ်လက်ဖဝါးကိုလှန်ပြီး တင်ပျဉ်ခွေပေါ်၌ထားရှိသည်။ ညာဘက်လက်ဖဝါးအား ညာဘက်ဒူးပေါ်၌ မှောက်လျက်တင်ထားပြီး လက်ချောင်းတော် အနေအထားသည် အောက်သို့စိုက်နေသည့် ပုံစံဖြစ်သည်။
ထိုမုဒြာ ဖြစ်ပေါ်လာရပုံမှာ ဂေါတမမြတ်စွာ ဘုရားရှင်သည် ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ရောက်၍ အပရာဇိတပလ္လင် ထက်ဝယ် စံနေတော်မူစဉ် မာရ်နတ်သားကလာရောက်တိုက်ခိုက်ရာ ဘုရားရှင်က ဝသုန္ဓရာ မဟာပထဝီမြေကြီးကို သက်သေညွှန်းခြင်းဖြင့် မာရ်နတ်စစ်သည်အပေါင်းတို့ကို အောင်နိုင်တော်မူခဲ့သည်။
ထိုအဖြစ်အပျက်ကိုအစွဲပြု၍ မာရ်နတ်ကို အောင်မြင်တော်မူခန်းကို သရုပ်ဖော်ရာ၌ ထိုမုဒြာကို ထည့်သွင်းခဲ့သည်ဟု ရှေးဆိုရိုးရှိခဲ့သည်။
တိဗက်မြန်မာအယူအဆအရ ဆိုပါလျှင် ပထဝီမြေကြီးဓာတ်သည် မကုန်ခန်းနိုင်သော သဘော၊ ခိုင်မာခက်ကျောသော သဘော၊ ထောက်ခံသောသဘော၊ ထိတွေ့ကိုင်တွယ်၍ရနိုင်သော သဘောတည်းဟူသော ဂုဏ်ထူးဝိသေသ များဖြင့် ပြည့်စုံသည်။ ထိုပထဝီမြေထုကို လက်ညွှန်ပြထားသော မုဒြာ၏ ဆိုလိုရင်းမှာ ဤရုပ်ပွားတော်သည်လည်း အထက်ပါ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံတော်မူသော အက္ခောဘျမြတ်စွာဘုရား ဈာနိဗုဒ္ဓ၏ ပုံတော်ဖြစ်သည်ဟူ၍ နိမိတ်ပြထားကြောင်း တိဗက်ဘာသာ ကျမ်းရင်းများ၌မိန့်ဆိုထားသည်။
လောကီဂန္ဓာရီကျမ်းများတွင် ရန်သူတကာကို အောင်မြင်နိုင်ခြင်း၊ တရားအမှုတွင် မိမိဘက်မှ လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခြင်း၊ နတ်မိစ္ဆာတို့၏ ပယောဂနှောင့်ယှက်မှုကို နှိမ်နင်းခြင်း၊ သေလုမျောပါးဖြစ်နေသော လူနာအား အသက်မသေ ဝေဒနာမှချမ်းသာရာရစေခြင်း၊ စစ်ထိုးစစ်ဆင်စစ်ချီရာ၌ ရန်သူတကာကို အောင်ပွဲရခြင်း၊ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း စသည့် အကျိုးထူးများကို မုချအောင်မြင်ရရှိနိုင်သည်ဟု ရေးသားထားကြသည်ကို တွေ့ရှိရသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော် အမြင့် ၁၈ ပေ၊ အနံ ပေ ၅ဝ၊ ထု ၃၁ ဒသမ ၅ ပေရှိ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး၏ စကျင်ကျောက်တော်ကြီးမှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်ကျောက်တောင်မှ ထွက်ရှိခဲ့သည်။ စကျင်ကျောက်များအား ကျောက်အရည်ကို မူတည်ပြီး အဆင့်သုံးမျိုး ခွဲခြားနိုင်သည်။ ဖန်သားမှန်သားဟု ခေါ်သည့် ကျောက်မျိုးသည် အကောင်းဆုံးဖြစ်ပြီး အရည်ကြည်လဲ့နေသည့် သဘောရှိသောကြောင့် ဆင်းတု ရုပ်ပွားတော်များ ထုဆစ်ရာတွင် အသုံးပြုတတ်ကြသည်။ ဒုတိယအမျိုးအစားမှာအသားကောင်း၍ အရောင်သိပ်မလဲ့သည့် ဖယောင်းသား ကျောက်မျိုးဖြစ်သည်။ တတိယ အမျိုးအစားမှာ အပွသားဟုခေါ်သည့် ကျောက်မျိုးဖြစ်ပြီး ကျောက်တိုင်၊ ကမ္ပည်းတိုင်၊ ကျောက်စာများ ထွင်းထုရာတွင် အသုံးပြုတတ်ကြသည်။
ကမ္ဘာ့အမြင့်ဆုံး စကျင်ကျောက်ရုပ်ပွားတော်မြတ်ကြီး ဖြစ်လာမည့် ထိုင်တော်မူစကျင် ဗုဒ္ဓရုပ်ပွားတော်မြတ် စကျင်ကျောက်တော်ကြီးသည် ခန့်မှန်းအမြင့် ပေ ၈ဝ၊ အနံ ၅၄ ပေ၊ ထု ပေ ၃ဝ ခန့်နှင့် ခန့်မှန်းတန်ချိန် ၁ဝ၈၉ဝ ခန့်ရှိပြီး ၂ဝ၁၃ ခုနှစ်တွင် Angelo Mining ကုမ္ပဏီ၏ Managing Director ဖြစ်သူ ဦးအောင်ခိုင်သန်း မိသားစုတို့က Shwe Foundation သို့ လှူဒါန်းခဲ့သည်။ Shwe Foundation မှ ဘူမိဖဿရုပ်ပွားတော်တစ်ဆူ ထုဆစ်ပူဇော် နိုင်ရေး လွှဲအပ်ပေးချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓိယနှင့် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့ထံမှ သြဝါဒခံယူပြီး ပြည်သူလူထုနှင့် တပ်မတော်သားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် တပ်မတော်က ဆောင်ရွက်လျက်ရှိသည်။
သီတဂူဆရာတော်ဘုရားကြီးက ကျောက်ဆစ်ရုပ်ပွားတော်ထုဆစ်မှုနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ ရုပ်ဆင်း အင်္ဂါ ၃၂ ပါးနှင့် အနီးစပ်ဆုံး တူညီအောင် ထုဆစ်ရမည်ဖြစ်ပြီး သင်္ကန်းအကျကအစ လက်ချောင်းများ ညီညာနေရမည်ဖြစ်ကြောင်း၊ ကျောက်သားကောင်းရန်၊ ကျောက်အရောင် ညီရမည်ဖြစ်ပြီး လက်ရာကောင်းမွန်ရန် လိုအပ်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်ရန်အတွက် ဦးအောင်ခိုင်သန်းက စကျင်ကျောက်တော်ကြီးအား လှူဒါန်းရာတွင် ခန့်မှန်းအမြင့် ၇၂ ပေ၊ အနံ ၅၅ ပေ၊ ထု ၃၃ ပေနှင့် ခန့်မှန်းတန်ချိန် ၁ဝ၈၉ဝ ခန့်ရှိပြီး အပြစ်အနာအဆာ ကင်းကင်း၊ သန့်စင်ကြည်လင်သော ကျောက်သားဖြင့် ဘုရားထုလုပ်နိုင်ရေး ဖြတ်တောက်ခြင်းများ ဆောင်ရွက်ခဲ့ရာ အမြင့် ၆၅ ပေ၊ အနံ ၅၂ ပေ၊ ထု ၂၅ ပေ ခန့်မှန်းတန် ၃ဝဝဝ ခန့်သာ ဘုရားဆင်းတု ထုလုပ်နိုင်ရေးအတွက် ကောင်းမွန်သည့် စကျင်ကျောက်သား ရရှိခဲ့သည်။
တပ်မတော်အကြီးအကဲအနေဖြင့် လေ့လာတွေ့ရှိချက်များအရ စကျင်ကျောက်တော်ကြီးအား ဗုဒ္ဓရုပ်ပွားတော်အဖြစ် ထုဆစ်ပူဇော်ပါက ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ကြီး ဖြစ်နိုင်သဖြင့် မြန်မာနိုင်ငံသမိုင်း မှတ်တမ်းတင်နိုင်ရန်အတွက် ခမ်းနားကြည်ညို သပ္ပာယ်ဖွယ် တည်ထားကိုးကွယ်ရန် ဆုံးဖြတ်ခဲ့ပြီး ရှေးမူထုံးတမ်း ယဉ်ကျေးမှုများဖြင့် တည်ထားရန် ဆောင်ရွက်ခဲ့သည်။ သို့ဖြစ်၍ စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်မည့် ဥယျာဉ်တော် အတွင်း ဘုရားဖူးလာရောက်သူများ အဆင်ပြေစေရေးနှင့် သာယာလှပစေရေးအတွက် ဂန္ဓကုဋိ တိုက်များ၊ သုဓမ္မာဇရပ်များ၊ ပုတ်တလုတ်ရေကန်နှင့် ရေပန်းများ ထည့်သွင်း တည်ဆောက်သွားမည်။ ဂန္ဓကုဋိတိုက်များ အတွင်းတွင် ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များအား စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်သွားမည်။
သာသနိကအဆောက်အအုံများ ဆောက်လုပ်ရာ၌ ရတနာပုံခေတ်ဟန်အတိုင်း ဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း သီတဂူဆရာတော်ဘုရားကြီးထံ လျှောက်ထားခဲ့ရာ ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သည် ဖြစ်၍ အလွန်ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ သုဓမ္မာဇရပ် ဆောက်လုပ်ရာတွင်လည်း မန္တလေးရှိ သုဓမ္မာဇရပ် အတိုင်း ပုံစံတူပြီး ကျွန်းတိုင်များ ထည့်သွင်းမည်ဖြစ်သဖြင့် ပိုမိုကောင်းမွန်ကြောင်း သြဝါဒပေးခဲ့ပါသည်။
မူလရည်ရွယ်ချက်အတိုင်း ဘုရားအား ထုဆစ်ပါက ပြည့်စုံရမည့်အချိုးများ အတိုင်းဖြစ်စေရန် လိုအပ်ချက် များရှိနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ ဆင်းတုတော်၏ ဒူးတော်အပိုင်းဖြစ်သည့် အပိုင်းတစ်ပိုင်း၊ ပလ္လင်တော် အတွက် ၅ ပိုင်း၊ အရန် ၃ ပိုင်း စုစုပေါင်း ၉ ပိုင်းတန်အားဖြင့် ၆ဝဝဝ ကျော်ခန့် ထပ်မံဝယ်ယူ ဆောင်ရွက် ခဲ့သည်။ ဘုရား ထုဆစ်ရန် ထုတ်ယူရရှိသည့် စကျင်ကျောက်များအား စကျင်ကျောက်တော်ကြီး၏ မူလဉာဏ်တော် အမြင့်အား ထိခိုက်မှုမရှိစေဘဲ ထုံးတမ်းစဉ်လာများနှင့်အညီ ဆင်းတုတော်အား အပိုင်း ၄ ပိုင်းဖြင့် လည်းကောင်း၊ ပလ္လင်တော်အား အပိုင်း ၅ ပိုင်းဖြင့် လည်းကောင်း၊ အရန်အပိုင်း ၄ ပိုင်းဖြင့်လည်းကောင်း ထုဆစ်နိုင်ရေး အချိန်ယူလေ့လာ တွက်ချက်ခဲ့ရသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှ ရေလမ်းဖြင့် မြင်းခြံမြို့၊ ဆီမီးခုံဆိပ်ကမ်းအထိ ရေလမ်းခရီးဖြင့်ပင့်ဆောင်ရန်၊ ထို့နောက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ရန် စီမံခဲ့သည်။
ထိုသို့သယ်ယူပို့ဆောင်ရန်အတွက် မတ္တရာမြို့နယ်၊ စကျင်တောင်အနီးတွင် အရှည် ပေ ၄၅၉ဝ၊ အကျယ်၁၃ဝ ပေ၊ အနက် ၃၅ ပေရှိ တူးမြောင်းတူးဖော်ခြင်း လုပ်ငန်းအား လယ်မြေ ၁၅ ဒသမ ဝ၂ ဧက၊ ကိုင်းမြေ ၁၈ ဒသမ ၇၄ ဧကကို မြေပိုင်ရှင်များထံမှ ကျပ်သိန်း ပေါင်း ၁၁၉ဝ ကျော်ဖြင့် ၃ နှစ်မြေငှားစာချုပ် ရယူကာ ငှားရမ်းပြီး တူးမြောင်းတူးဖော်ခြင်း လုပ်ငန်းအား ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်ထိ ခြောက်လကြာ ဆောင်ရွက်ခဲ့ရသည်။ တူးမြောင်းတူးဖော်သည့် ကာလသည် မိုးတွင်းရာသီကာလ ဖြစ်သည့်အတွက် ရေလွှမ်း၍ သဲနုန်းများ အနည်ပို့ချခဲ့သည်။ ထို့ကြောင့်လည်း သဲနုန်းများ တူးဖော်ခြင်း၊ သယ်ယူခြင်း လုပ်ငန်းများကိုပါ ခက်ခက်ခဲခဲ တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ရသည်။
စကျင်ကျောက်တော်ကြီး၏ အစိတ်အပိုင်းများ သယ်ဆောင်သည့် ကာလသည် မိုးတွင်းကာလဖြစ်သဖြင့် Barge ရေယာဉ် ဝင်/ထွက်ရာ၌ အခက်အခဲ မရှိစေ ရေးအတွက် တူးမြောင်းနှင့် မြောင်မြစ်ဝနေရာတွင် သောင်တူးစက်၊ သဲစုပ်စက်လှေများဖြင့် သဲ/နုန်းစုပ်ထုတ်ခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ တူးမြောင်းအား ကန့်လန့်ဖြတ် စီးဆင်းနေသော ရေစီးကြောင်းအား အရှိန်လျှော့ချနိုင်ရေးအတွက် ပေ ၁၁၅ဝ ရှိ ရေကာများ ပြုလုပ်ဆောင်ရွက်ခြင်း စသည်တို့အား စနစ်တကျ တွက်ချက်၍ အစီအစဉ်တကျ လုပ်ဆောင်ရသည်။ တပ်မတော်(ရေ)သည် ရေလမ်းကြောင်းမှ စကျင်ကျောက်တော်ကြီးအား သယ်ယူပင့်ဆောင်နိုင်ရန်အတွက် တန်ချိန် ၄ဝဝဝ ခန့်အထိ တင်ဆောင်နိုင်သော Barge ရေယာဉ် ၂ စင်း၊ တွန်းရေယာဉ် ၄ စင်း၊ အထောက်အကူပြု ရေကြောင်း တိုင်းတာရေး ယာဉ် ၁ စင်း၊ ကမ်းထိုးရေယာဉ် ၁ စင်း စုစုပေါင်း ရေယာဉ်၈ စင်းဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့သည်။ စကျင်ကျောက်တော်ကြီးအား တင်ဆောင်နိုင်ရန်အတွက် တူးမြောင်းထဲသို့ ရေယာဉ်များ ဝင်ရောက်နိုင်ရေး နှင့် ရေယာဉ်များကို အထိုင်ချနိုင်ရေး တူးမြောင်းဒီဇိုင်း ရေးဆွဲရသကဲ့သို့ ပင့်ဆောင်ရာ လမ်းကြောင်း တစ်လျှောက်ရှိ စစ်ကိုင်း တံတားကြီးများနှင့် ပင့်ဆောင်ချိန်တွင်ရှိနေမည့် ဧရာဝတီမြစ်ရေ၏ အမြင့်တို့ကို ချိန်ဆလျက် ဘေးအန္တရာယ် ကင်းရှင်းမှု၊ ရေလမ်းလွတ်ကင်းနိုင်မှု၊ တင်ဆောင်ရမည့် အလေးချိန် ကန့်သတ်ချက် များနှင့် မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာနှင့်အညီ လှေတော်ဝင်း၊ ရာဇာဝင်း၊ ဒေဝါဝင်းများခင်း၍ ပင့်ဆောင်နိုင်ရေး အတွက် ရေယာဉ်များအား ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည်။
တပ်မတော်(ရေ)သည် ၂ဝ၁၈ ခုနှစ်ကတည်းကပင် ကျောက်တုံးတော်ကြီးအား သယ်ဆောင်နိုင်ရေးအတွက် သယ်ဆောင်ရမည့် ရေကြောင်းတစ်လျှောက် ရေအတိမ်အနက်ကို ၂ နှစ်ခန့် ကြိုတင်တိုင်းတာမှုများဆောင် ရွက်ခဲ့ရသည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် ရေအရင်းအမြစ်နှင့် အသုံးချရေး ဦးစီးဌာနများမှ အချက်အလက် များကို သုတေသနပြု၍ သယ်ယူမည့် မြစ်ကြောင်းတစ်လျှောက်ရှိ အချက်အလက်များကို လွန်ခဲ့သည့် ၁ဝ နှစ်စာ ကာလ ပြုစုခဲ့ရသည်။ စကျင်ကျောက်
တောင်အနီးရှိ မြောင်မြစ်ရေနှင့် ဆီမီးခုံဆိပ်ကမ်းရှိ ဧရာဝတီမြစ်ရေတို့၏ ရေအနက် ကန့်သတ်ချက်ချိန်ညှိရခြင်းနှင့် သယ်ဆောင်နိုင်မည့် ခန့်မှန်းရက်များအား အကြိမ်ကြိမ် တွက်ချက်ခဲ့ရသည်။ စကျင်ကျောက်တော်ကြီးအား ရေလမ်းကြောင်းမှ ပင့်ဆောင်ရာတွင် စကျင်ကျောက်တောင်မှ မြောင်မြစ်အတွင်းသို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ဆီမီးခုံဆိပ်ကမ်းအထိ ၈၈ ဒသမ ၅ မိုင်ခန့်အား ပင့်ဆောင်ခဲ့သည်။
တပ်မတော်(ရေ)မှ သင်္ဘောများမှာ စကျင်ကျောက်တော်ကြီး ပင့်ဆောင်ရန်အတွက် သီလဝါမှ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်တွင် စတင်စုဖွဲ့ ထွက်ခွာခဲ့ပြီး ပလ္လင်တော်အပိုင်း(၁) တန် ၆၈ဝ နှင့် ပလ္လင်တော်အပိုင်း(၄)တန် ၇၉ဝ တို့အား ဇွန်လ ၂၉ ရက်တွင် ပထမအကြိမ်တင်ဆောင်ခဲ့ပြီး ဇူလိုင်လ ၃ ရက်တွင် စကျင်တောင် မှ ထွက်ခွာခဲ့ရာ ဇူလိုင်လ ၄ ရက်တွင် ဆီမီးခုံဆိပ်ကမ်း သို့ရောက်ရှိခဲ့ပြီး ဇူလိုင်လ ၅ ရက်တွင် ဆိပ်ကမ်းမှ ဆက်လက်ပင့်ဆောင်နိုင်ခဲ့ပါသည်။ စကျင်ကျောက် တော်ကြီး၏ အပိုင်း ၁၂ ပိုင်းအား စကျင်ကျောက် တောင်မှ ဆီမီးခုံဆိပ်ကမ်းသို့ ရေလမ်းကြောင်းဖြင့် သယ်ယူ ပို့ဆောင်ရာတွင် MV Moon Light ရေယာဉ်ဖြင့် ၄ ခေါက်၊ M.V Aquarius ရေယာဉ်ဖြင့် ၅ ခေါက် သယ်ယူပို့ဆောင်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်တွင် စတင်ဆောင်ရွက်၍ စက်တင်ဘာလ ၁၈ ရက်တွင် ရေလမ်းကြောင်း သယ်ယူပင့်ဆောင်ခြင်း လုပ်ငန်းပြီးစီးခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။