နေပြည်တော် ဖေဖော်ဝါရီ ၁၈
COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရား၊ စေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရားဘာဝနာ ပွားများနိုင်ရေး အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ပြန်လည်ဖွင့်လှစ် ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ် ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာသံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ်နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁ဝ နာရီမှ ၁၁ နာရီအထိ လည်းကောင်း နံနက်ပိုင်း သုံးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ည ၆ နာရီအထိ လည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေး ကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများ အလိုက် အများပြည်သူ ဝတ်ပြုကြည်ညိုနိုင်ရေး အတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။