နေပြည်တော်၊ မတ် - ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှ လျှပ်စစ်ပစ္စည်း စက်ရုံတစ်ရုံအတွင်းရှိ ပစ္စည်းများကို လုယူခဲ့သူများအား မတ် ၁၆ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မတ် ၁၆ ရက် နေ့လယ်ပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်း၊ ဟုန်ပေါင်းလျှပ်စစ်ပစ္စည်းစက်ရုံအတွင်းရှိ ပစ္စည်းများကို အတင်းအဓမ္မ လုယူလျက်ရှိကြောင်း သတင်းရရှိသဖြင့် နယ်မြေခံတပ်မှ တပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးခဲ့ရာ စက်ရုံအနီး ပစ္စည်းများလုယူလျက်ရှိသော ဦးအောင်ထွေး(ခ)ဆာမိ၊ ဦးအောင်သက်ပိုင်(ခ)ပီချေး၊ ဦးဝင်းကိုကို တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်မှုဇုန်အတွင်း လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိစဉ် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဖွားရှင်လမ်းရှိ ဆိုလာမိုဒါ အထည်စက်ရုံအတွင်း၌ စက်ရုံအားမီးရှို့ရန် ဆောင်ရွက်လျက်ရှိသူ ဦးလင်းထက်ပိုင်နှင့် ဦးလှဝင်း တို့ ၂ ဦး အား ဒီဇယ် ၂ လီတာခန့်ပါရှိသည့် ပုံးများနှင့်အတူ အချိန်မီလက်ရဖမ်းဆီးနိုင်ခဲ့သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်သူ အချို့သည် စက်မှုဇုန်များအတွင်းရှိ စက်ရုံများကို မီးရှို့ဖျက်ဆီးခြင်း ပြုလုပ်လျက်ရှိသည့်အပြင် စက်ရုံများအတွင်းရှိ ပစ္စည်းများကိုလည်း အတင်းအဓမ္မယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိ ကြောင်းနှင့် ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပါဝင်ပတ်သက်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။