နေပြည်တော်၊ မတ် - ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကျေးရွာသို့ ဆူပူ အကြမ်းဖက်လူတစ်စုက တုတ်၊ ဓားများကိုင်ဆောင်ပြီး ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်း လှည့်လည်အော်ဟစ်ဆဲဆိုရာမှ ရွာသူရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ တည်ငြိမ်ဦး အသက် ၂၀ နှစ်၊ ကြာအင်းအနောက်ကျေးရွာနေသူအပါ အဝင် အမျိုးသား ၉ ဦးသည် တုတ်၊ ဓားများကိုင်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် ကြာအင်း အရှေ့ကျေးရွာသို့ မတ် ၁၈ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိလာပြီး ကျေးရွာအတွင်း လှည့်လည်အော်ဟစ်ဆဲဆိုခဲ့ကြောင်း၊ ထိုသို့ အော်ဟစ်ဆဲဆိုသဖြင့် ကျေးရွာမှ ဦးမင်းအောင် (ဘ)ဦးမြအေး၊ အသက် ၅၀ နှစ်မှ ဆူပူအော်ဟစ် ဆဲဆိုခြင်းမပြုလုပ်ရန် တားမြစ်ခဲ့ရာ ၎င်းင်းအား တည်ငြိမ်ဦးအပါအဝင် အကြမ်းဖက်လူတစ်စုက တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်၊ ထိုးနှက် ခဲ့သည့်အတွက် ဦးမင်းအောင်တွင် ဓားဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထိုးနှက်ခံရမှုအပေါ် ကျေးရွာသား ၁၅၀ ဦးခန့်က မကျေနပ်သဖြင့် လိုက်လံ ဖမ်းဆီး ဝိုင်းဝန်းရိုက်နှက်ခုတ်သတ်ခဲ့ရာ တည်ငြိမ်ဦး ပါဝင်သည့် အကြမ်းဖက်လူတစ်စု အဖွဲ့မှ ၈ ဦးမှာ နေရာ၌ပင်သေဆုံးသွားခဲ့ပြီး စိုးထိုက်(ဘ) ဦးသိန်းထွန်းမှာ စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါသေဆုံးသူ ၈ ဦးအား ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်းနှင့် ဒဏ်ရာရရှိသူအား လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မသမာသူလူအချို့အနေဖြင့် နိုင်ငံရေးကို အသုံးချပြီး ရိုးသားအေးချမ်းစွာ နေထိုင် ကြသည့် ပြည်သူများအား သွေးခွဲ ရန်တိုက်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်းများ ဆောင်ရွက် လျက်ရှိသဖြင့် အချင်းချင်းစိတ်ဝမ်းကွဲကာ ဆူပူအကြမ်းဖက်မှုများ၊ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများမှ တစ်ဆင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများ အနေဖြင့် မသမာသူလူတစ်စု၏ သွေးထိုးလှုံ့ဆော်မှုများအား နားမယောင်မိစေဘဲ သတိပြုမူ နိုင်ကြပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။