သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော်  ဧပြီ  ၂၃

သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက  ၂ဝ၂၁ ခုနှစ် မတ်လမှစတင်၍ ကမ္ဘာ့နိုင်ငံများ၌ COVID-19ရောဂါလူနာများ ပြန်လည် များပြားလာပြီး New Variant ရောဂါပိုးပျံ့နှံ့မှုများလည်း ရှိနေသဖြင့် COVID-19 ရောဂါကာကွယ်ရေး၊ ကုသရေး လုပ်ငန်းများကိုလည်း မပေါ့လျော့စေလိုကြောင်း၊  ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း    စံပြအဖြစ်  ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊  စနစ်တကျ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေခြင်း စသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များဖြစ်သည့်     ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်   ကရင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်မြို့)တို့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌  ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဂိတ်များ/ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများမှတစ်ဆင့်   မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးများ    မိမိတို့နိုင်ငံ အတွင်း ဝင်ရောက် ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်တားဆီးရေးနှင့် COVID-19ရောဂါ နောက်ထပ်လှိုင်း တစ်ခုအသွင်  ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို   ယခုထက်ပိုမို အားဖြည့် ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်သူလူထုအတွင်း COVID-19 ရောဂါကူးစက် ဖြစ်ပွားသူ  သံသယလူနာများအား ရှာဖွေဖော်ထုတ်၍   ဓာတ်ခွဲစစ်ဆေးမှုများကို အားဖြည့်မြှင့်တင် ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ကုသရေး လုပ်ငန်းများတွင် လိုအပ်သည့် အရင်းအမြစ်များ ယခုထက်ပိုမို လုံလောက်စွာ ရရှိစေရေးအတွက်    သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ ကျန်းမာရေး ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည့်   အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်  ကရင်ပြည်နယ်တို့မှ  တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ   တက်ရောက်ခဲ့ကြကြောင်း သိရသည်။