COVID-19 ရောဂါ ပိုးတွေ့လူနာ  ၁၄ ဦးထပ်တိုး

နေပြည်တော်  ဧပြီ  ၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုးတွေ့လူနာ ၁၄ ဦး ရှိကြောင်း သိရသည်။

(၈-၄-၂ဝ၂၁)ရက် ည ၈ နာရီမှ (၉-၄-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း  ၁၉၇၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၄ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၅၅၁၅၈၅ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း  ၁၄၂၅၇၂ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ တစ်ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၈၄၆ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။

ပြည်သူလူထုအနေဖြင့် COVID-19  ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကိုမဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြပါရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ''ရုံးလုပ်ငန်းဌာနများတွင် COVID-19  ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်''နှင့်'' တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်''အတိုင်း COVID-19  ရောဂါကာကွယ်ရေး နည်းလမ်းများအား    အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်  မေတ္တာ ရပ်ခံပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။