G-7 ထိပ်သီးအစည်းအဝေး၏ Carbis Bay ကြေညာချက် အပိုဒ် ၅၉ တွင် မြန်မာနိုင်ငံအရေး ကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်မမှန်ကန်စွာ ဖော်ပြထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်သည့်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်
သတင်းထုတ်ပြန်ချက်
၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် G-7 ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အတည်ပြု၍ မရသော သတင်းအရင်းအမြစ်များမှ ထွက်ပေါ်လာသော ဘက်လိုက်မှုရှိသည့် သတင်းမှားများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ကိစ္စရပ်အား ထည့််သွင်းဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂ဝဝ၈ ခုနှစ်၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်မှ တာဝန်လွှဲပြောင်းရယူခြင်းကို အာဏာသိမ်းမှုအဖြစ် G-7 ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် မှားယွင်းစွာ ဖော်ပြခဲ့သည်။ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တည်ဆဲဥပဒေများ၊ စည်းမျဉ်းမူဘောင်များနှင့်အညီ၎င်းတို့၏ တာဝန်ဝတ္တရားများကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု လုံခြုံရေးအလို့ငှာ အကြမ်းဖက်မှုများကို ထိန်းချုပ်ရာတွင် အင်အားအသုံးပြုရန် လိုအပ်သည့်အခါများတွင်မှသာ အင်အားအနည်းဆုံးနှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့အနေဖြင့် မြေပြင်အခြေအနေမှန်များ၊ သတင်း အချက်အလက် မှန်များကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များ၊ ပြောကြားချက်များကို ဆောင်ရွက်ရာတွင် အတည်ပြု၍ မရသော သတင်းရင်းမြစ်များကို ကိုးကားခြင်းထက် သတင်းအချက်အလက်မှန်များ အပေါ်တွင် အခြေခံသင့်သည်။
ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ အပိုဒ်(၂)စာပိုဒ်(၇)အရ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရဟူသောအချက်ကို လိုက်နာရန် အရေးကြီးမှုကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အလေးအနက်ထား ပြောကြားလိုသည်။
G-7 ထိပ်သီးအစည်းအဝေး၏ Carbis Bay ကြေညာချက် အပိုဒ် ၅၉ တွင် မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ တစ်ဖက်သတ် မမှန်ကန်စွာ ဖော်ပြထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်သည့်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်။