နေပြည်တော် ဒီဇင်ဘာ ၂၇
GTI ပညာရေး (၁၂၅)နှစ်ပြည့် အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့် ဂုဏ်ပြုဝမ်းမြောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့်TVET ကဏ္ဍဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ TVET Stakeholders များ၊ အစိုးရ နည်းပညာကောလိပ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနတာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ကာတွန်း၊ ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းမှ တစ်ဆင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့် ဂုဏ်ပြုဝမ်းမြောက် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဝမ်းမြောက်စကား ပြောကြားရာတွင် ၂ဝ၁၆ ခုနှစ်တွင် အင်းစိန် GTI ကို ပညာရေး ဝန်ကြီးဌာနက ပြန်လည်လွှဲပြောင်း ယူခဲ့ပြီး နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများ၊သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်အတွက် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှ စတင်၍ AGTI သုံးနှစ် ဒီပလိုမာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် AGTI သုံးနှစ် ဒီပလိုမာ သင်တန်းခြောက်မျိုးကို ဖွင့်လှစ်နိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများနှင့် အဆင့်မြင့်ပညာရေးသို့ ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိကြောင်း။
ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အနေဖြင့် AGTI သုံးနှစ်ဒီပလိုမာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်တွင် အစိုးရနည်းပညာ ကောလိပ်သုံးကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ ကျောင်းစုစုပေါင်း၂၈ ကျောင်း၌ AGTI သုံးနှစ်ဒီပလိုမာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း။
နှစ်ပေါင်း (၁၂၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော အင်းစိန် GTI ၏ အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်း၍ ပြည်ထောင်စု၏ ဂုဏ်ဆောင်သော အင်းစိန် GTI အဖြစ် ဆက်လက်အောင်မြင်ရေး အတွက် သက်မွေးကဏ္ဍနှင့် ပတ်သက်ပြီး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကျောင်းနှင့် စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေး လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး တို့ကို အားလုံးစုပေါင်း အင်အားနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြပါဟု မေတ္တာ ရပ်ခံကြောင်း ပြောကြား သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝမ်းမြောက်စကား ပြောကြား သည်။
ယင်းနောက် GTI ပညာရေး(၁၂၅)နှစ် ခရီးဆိုင်ရာ ပြောင်းလဲတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ဆက်လက်၍ GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ကာတွန်း၊ ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိကြသူများကို Virtual Studio မှတစ်ဆင့် ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်းများ အသင်းဥက္ကဋ္ဌ ဦးငြိမ်းအောင် က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြား ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မြန်မာနိုင်ငံ၏ GTI ပညာရေး စတင်ခဲ့သော အင်းစိန် GTI သည် ၁၈၉၅ ခုနှစ်ဧပြီ ၁ ရက်တွင် ရန်ကုန်မြို့ လသာမြို့နယ် မြို့မကျောင်းလမ်းအမှတ်(၂၉၇)၌ Govern-ment Engineering School အဖြစ် စတင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံ၏ စက်မှုလက်မှု သိပ္ပံကျောင်း ၁၂ ကျောင်းအနက် အစောဆုံး ပေါ်ပေါက်လာခဲ့သည့် စက်မှုလက်မှုသိပ္ပံများ၏ ကနဦးအစဖြစ်၍ ၂ဝ၂ဝ ပြည့်နှစ် ဧပြီ ၁ ရက်က (၁၂၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ယနေ့ကျင်းပသည့် GTI ပညာရေး (၁၂၅)နှစ်ပြည့် အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော် အစိုးရ၏ နည်းပညာ နှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍတွင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အများပြည်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဆက်စပ်ဆောင်ရွက်နေသူများက ပိုမိုပူးပေါင်း ကူညီဆောင် ရွက်နိုင်ရေးအတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။