SJ WorldNews - шаблон joomla Авто

ရသာစုံလင်စားစေချင် မြန်မာရိုးရာ အစားအစာများ

Monday, 05 March 2018 12:11 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံရှိ ပြည်သူများသည် ရှေးယခင်မှစ၍ ယနေ့တိုင် အချိုအရသာရှိသော သရေစာမုန့်မျိုးစုံကို ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများ အသုံးပြု၍ ပြုလုပ်စားသုံးကြသည်။ ထိုကဲ့သို့ ပြုလုပ်စားသုံးရာတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ငှက်ပျောသီးနှင့် အုန်းသီးများကို အဓိကအနေဖြင့် အသုံးပြုကြသည်။

အုန်းသီးကိုအသုံးပြု၍  ပြုလုပ်ထားသော မုန့်များအနက် တာရှည်အထားခံကာ ကုန်ကျစရိတ် သက်သာသည့် အုန်းမှန်ကူ မြန်မာ့ရိုးရာ သရေစာမုန့်မှာ ယနေ့တိုင် လူတိုင်း နှစ်ခြိုက်စွာ ပြုလုပ် စားသုံးနေကြသည့် သရေစာမုန့်တစ်မျိုးဖြစ်သည်။

အုန်းမှန်ကူမုန့်ကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ဒေသခံပြည်သူများက အဓိကအနေဖြင့်  ပြုလုပ်စားသုံးကြကာ ယင်းမြို့မှထွက်ရှိသော အုန်းမှန်ကူမုန့်မှာ တခြားဒေသများမှ ထွက်ရှိသည့် အုန်းမှန်ကူမုန့်ထက် အရသာ ပိုမိုကောင်းမွန်ခြင်းကြောင့် ဒေသထွက်ကုန် မုန့်တစ်မျိုးအနေဖြင့် ပြုလုပ်ရောင်းချလျက်ရှိသည်။ ထိုကဲ့သို့  ပြည်တွင်းရှိ  ပြည်သူများကြား လွန်ခဲ့သော နှစ်ပေါင်း များစွာမှစ၍  ယနေ့တိုင်  သရေစာအဖြစ် စားသုံးရန် အခိုင်အမာ နေရာယူထားသော အုန်းမှန်ကူ မုန့်ပြုလုပ်နည်း အကြောင်းကို ယခုတစ်ပတ်အတွက် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အုန်းမှန်ကူမုန့်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများမှာ စားသုံးသူအရေအတွက်ပေါ် မူတည်၍  အုန်းသီးနှင့် သကြားတို့သာ လိုအပ်ပြီး   အရောင်ဖြင့် စားလိုသူများအတွက်   မုန့်လုပ်ရာတွင် ထည့်သွင်း အသုံးပြုသည့် အရောင်မှုန့်များ လိုအပ်မည်ဖြစ်သည်။ အုန်းသီးကို အဓိကအသုံးပြု၍  ပြုလုပ်ထားသော  မုန့်ဖြစ်သောကြောင့်  မုန့်လုပ်ရာတွင် အသုံးပြုသည့်  အုန်းသီးမှာ မရင့်သော အုန်းသီးဖြစ်ရန် လိုအပ်သည်။

''အုန်းမှန်ကူမုန့်ပြုလုပ်ဖို့ ပထမဆုံး အနေနဲ့ အခွံခွာထားတဲ့ အုန်းသီးကို အမည်းအမျှင်တွေပါရင် လှီးထုတ်ရမယ်။ ပြီးရင် အမည်းအမျှင်တွေ ကင်းသွားတဲ့ အုန်းသီး အသားကို အမျှင်ခြစ်ရမယ်။ ခြစ်ပြီးသားအုန်းသားတွေကို ဒယ်အိုးထဲထည့်ပြီး မီးအေးအေးနဲ့လှော်ပါ။ အုန်းသားတွေ ခြောက်လာပြီဆိုရင် ကိုယ်ကြိုက်တဲ့ အချိုပမာဏပေါ် မူတည်ပြီး သကြားထည့်ပါ။ အဆက်မပြတ်မွှေပေးလို့ သကြားတွေ အရည်ပျော်ပြီး ခြောက်လာတဲ့အထိ မွှေပေးပါ။ အုန်းသားတွေခြောက်ပြီး ခဲလာရင် ဆီအနည်းငယ် လူးထားတဲ့ဗန်းတစ်ခုထဲကို   ဖိထည့်ပြီး အအေးခံပါ။ အအေးခံထားတဲ့မုန့်တွေ အတန် အသင့် အေးသွားရင် စားသုံးသူစိတ်ကြိုက် ပုံစံလှီးကာ အအေးခံထားတဲ့ ဗန်းတစ်ခုထဲကို ပြန်ထည့်ပြီး လေသလပ်ခံကာ  အခြောက်ပြန်ခံပါ။ ခြောက်ပြီးမာလာရင် အုန်းမှန်ကူမုန့် ပြုလုပ်တာ ပြီးဆုံးပါပြီ။ အရောင်နဲ့စားသုံးလိုသူတွေ အနေနဲ့  သကြားထည့်ပြီးမွှေတဲ့အချိန်မှာ  မိမိကြိုက်နှစ်သက်တဲ့ အရောင်မှုန့်ကို တစ်ပါတည်း ထည့်မွှေရပါမယ်။ အုန်းမှန်ကူမုန့်ကောင်းရဖို့ မီးကလည်း အရေးကြီးလို့ မုန့်လုပ်တဲ့အခါ မီးကိုလိုအပ်တဲ့ အတိုင်းအတာအထိသာ အသုံးပြုရမှာပါ'' ဟု အုန်းမှန်ကူမုန့်ပြုလုပ် ရောင်းချသူ ဒေါ်တင်တင်စိုးက ပြောသည်။

အုန်းမှန်ကူမုန့်ကို ထမင်းစားပြီးချိန်တွင် အချိုတည်းသော မုန့်အဖြစ် လည်းကောင်း၊ နေ့လယ်ပိုင်းအချိန်တွင် ကော်ဖီနှင့်တွဲဖက်စားသော သရေစာမုန့်အဖြစ် လည်းကောင်း စားသုံးကြသည်။ ထို့ပြင် အုန်းမှန်ကူမုန့်သည် အာရှနှင့် ဥရောပနိုင်ငံတချို့မှ အုန်းသီးဖြင့်ပြုလုပ်သော မုန့်များနှင့် ပုံစံဆင်တူသောကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံးစားသုံးသော မြန်မာမုန့် တစ်မျိုးလည်းဖြစ်သည်။

အုန်းမှန်ကူမုန့်မှာ တခြားမုန့်များထက် ပြုလုပ်ရချိန် တိုတောင်းပြီး ပြုလုပ်ရလွယ်ကူသောကြောင့် ကိုယ်တိုင် ပြုလုပ်နိုင်ရန် အုန်းမှန်ကူမုန့်ပြုလုပ်နည်းကို ရေးသားဖော်ပြလိုက်ရပါသည်။         

 

ချိုချဉ်ကြော်

ချိုချဉ်ကြော်ဖို့ မုန်လာဥနီ အနည်းငယ်၊ ပန်းမုန်လာ အနည်းငယ်နဲ့ ငရုတ်ပွနီတို့ကို ကြိုက်နှစ်သက်ရာ အရွယ်လှီးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ခရမ်းချဉ်သီးကို လေးစိတ်စိတ်ထားပါ။ ပန်းကန်ထဲမှာ ခရမ်းချဉ်သီးဆော့၊ ငရုတ်ဆော့၊ ရှလကာရည်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ နှမ်းဆီမွှေး၊ ရေ၊ ကော်မှုန့်နဲ့ သကြားတို့ကိုထည့်ပြီး သကြားပျော်တဲ့အထိ သမအောင်မွှေပါ။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပါ။ ကြက်သွန်ဖြူအနံ့မွှေးလာရင် မုန်လာဥနီ၊ ပန်းမုန်လာနဲ့ ငရုတ်ပွနီတို့ကိုထည့်ကြော်ပါ။ ဆားအနည်းငယ်ထည့်ပါ။ သုံးမိနစ်လောက် ကြော်ပြီးပါက ဆော့ထည့်ပါ။ ဆော့အရည်ပွက်လာရင် စအုထည့်မွှေပါ။ သမသွားရင် မီးဖိုပေါ်ကချခါနီးမှာ ခရမ်းချဉ်သီးထည့်ပါ။ အနံ့မွှေးမွှေးနဲ့ ချိုချဉ်ကြော်ကို အရသာ ရှိစွာသုံးဆောင်နိုင်ပါပြီ။

ငါးသလဲထိုး အိုးကပ်

ငါးသလဲထိုးအိုးကပ်ချက်မယ်ဆိုရင် ငါးသလဲထိုးကို ရေစင်အောင်ဆေးပါ။ အညှီနံ့ပျောက်အောင် နောက်ဆုံးအဆင့်မှာ ဗင်နီကာရည်နဲ့ဆေးပေးပါ။ ရေစစ်သွားရင် ငံပြာရည်၊ ဟင်းခတ်မှုန့်တို့နဲ့နယ်

ထားပါ။  ကြက်သွန်နီ၊  ကြက်သွန်ဖြူနဲ့ ငရုတ်သီးတို့ကို ညက်အောင် ထောင်းထားပါ။ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ ဒယ်အိုးထဲကိုဆီထည့်ပြီး  ဆီပူလာရင် ထောင်းထားတဲ့ အရောကို ထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ အရသာ ဖြည့်ပါ။ ပါးပါးလှီးထားတဲ့  ခရမ်းချဉ်သီးနဲ့  ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ရေခန်းဆီပြန်တဲ့အထိ မီးအေးအေးနဲ့ချက်ပါ။ ဆီပြန်လာရင် အရသာနယ်ထားတဲ့ ငါးသလဲထိုးကိုထည့်ပြီး ဖြည်းညင်းစွာ သမအောင်မွှေပေးပါ။ ပင်စိမ်းရွက်အနည်းငယ်ထည့်ပါ။ ရေခန်းဆီပြန်တဲ့အထိ  အဖုံးပိတ်ပြီး အိုးကပ်ချက်ပေးပါ။  ဆီပြန်လာရင် အိုးချပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ပုစွန်သုပ်

ပုစွန်ခေါင်းမပါ ၁ဝ ကောင်ကို အခွံခွာထားပါ။ ပုစွန်ပြုတ်ဖို့ ရေနွေးအိုးတည်ပါ။ ရေနွေးပွက်ရင် ပုစွန်ထည့်၊ မီးပိတ်ပြီး နှစ်မိနစ် လောက်ထားပါ။  ပုစွန်ကိုရေစစ်ထားပြီး   ကျောရိုးအလယ်ကနေ ထက်ပိုင်းပိုင်းပါ။ ပြီးရင် ပုစွန်ထဲကို  သံပရာရည်ညှစ်ထည့်ပြီး မိနစ် ၃ဝ လောက်နှပ်ထားပါ။  စားခါနီးမှာ  လှီးထားတဲ့  ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်နဲ့ ဆားတို့ကို ပန်းကန်ထဲထည့်နယ်ပါ။  ပြီးရင်ပုစွန်ကိုထည့်ပြီး  ဖွဖွလေးနယ်ပါ။   အရသာရှိတဲ့   ပုစွန်သုပ်ကိုသုံးဆောင်နိုင်ပါပြီ။

အရသာရှိသော ကြက်ဆီထမင်း အပြင် စားစရာ မျိုးစုံရရှိသည့် Hainan Food House

စင်ကာပူစတိုင် ချက်ပြုတ်ထားတဲ့ ကြက်ဆီထမင်းအပြင် တခြားတရုတ်အစားအစာနဲ့ နံနက်ပိုင်းမှာ အရသာရှိတဲ့ မုန့်ဟင်းခါးကိုပါ တွဲဖက်ရောင်းချနေတဲ့ ရန်ကုန်မြို့ အမှတ်(၃၅၃)  ပြည်သာယာလမ်းမကြီးမှာ ဖွင့်လှစ်ထားတဲ့ Hainan Food House ကို ဒီတစ်ပတ်အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။

ဒီဆိုင်က ကြက်ဆီထမင်းကို အဓိကထား ရောင်းပါတယ်။ ဒါကြောင့် ကြက်ဆီထမင်းနဲ့ တွဲစားရတဲ့ ကြက်သားကို နှစ်မျိုးပြုလုပ်ထားပါတယ်။ ကြက်ဆီထမင်းကို ကြက်သားပြုတ်နဲ့  စားလို့ရသလို ကြက်ကင်နဲ့လည်း စားလို့ရပါတယ်။ ဒါ့ပြင်  တရုတ်အစားအစာတွေလည်း ရရှိနိုင်သလို ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ CREMO THAI ရေခဲမုန့်လည်း ရောင်းချပါသေးတယ်။ နံနက်ပိုင်းမှာ အရည်ပျစ်ပျစ်နဲ့ မုန့်ဟင်းခါး မကြိုက်သူတွေအတွက်  အရည်ကျဲမုန့်ဟင်းခါးကိုလည်း

ရောင်းချပေးပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ငွေကျပ် ၂၅ဝဝ ကနေ ငွေကျပ် ၅ဝဝဝ အထိ ရှိပါတယ်။ ဆိုင်နေရာကလည်း ကျယ်ဝန်းတာကြောင့် မွေးနေ့ပွဲတွေနဲ့ တခြားပွဲတွေ ကျင်းပလို့ရပါတယ်။

Read 207 times
Rate this item
(0 votes)
Last modified on Monday, 05 March 2018 12:26

Latest from ကေတု