SJ WorldNews - шаблон joomla Авто

ယခုနှစ်ကုန်တွင် အမေရိကန် အစိုးရက ဒေါ်လာ ၇၆၉ ဘီလီယံခန့် ချေးယူရန် လိုအပ်မည်

Friday, 03 August 2018 14:22 font size decrease font size decrease font size increase font size increase font size

ထရမ့်ဦးဆောင်သည့် အမေရိကန် အစိုးရသည် ယခုနှစ်ကုန်တွင် ဒေါ်လာ ၇၆၉ ဘီလီယံခန့် ချေးယူရန် လိုအပ်မည်ဖြစ်ကြောင်း စောင့်ကြည့်သုံးသပ်ရေး အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်သည်။

အမေရိကန်အစိုးရ၏ ချေးငွေလိုအပ်ချက်သည် ယခုနှစ်ဇူလိုင်နှင့် စက်တင်ဘာလ အကြားတွင် ဒေါ်လာ ၃၂၉ ဘီလီယံရှိသည်။ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလ အတွင်းချေးယူခဲ့သည့် ပမာဏထက် ဒေါ်လာ ၁၈၉ ဘီလီယံ ပိုမိုများပြားနေသည်ကို တွေ့ရသည်။  ထို့ပြင်  အမေရိကန်အစိုးရသည် ယခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလ အကြားတွင် ဒေါ်လာဘီလီယံ ၄၄ဝ ထပ်မံချေးယူရန် လိုအပ်မည်ဟု Bloomberg သတင်းဌာနက ဖော်ပြသည်။

ထိုပမာဏသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း  အစိုးရကချေးယူသည့်  အမြင့်ဆုံးပမာဏ ဖြစ်လာသည်။ ထိုကာလအတွင်း အမေရိကန် ပြည်ထောင်စုသည်  ကမ္ဘာ့စီးပွားရေး ပျက်ကပ်အပြင် စီးပွားရေး ကျဆင်းမှုများနှင့် ကြုံတွေ့ခဲ့ ရသောကြောင့် သမ္မတဟောင်း အိုဘားမားသည် ယင်းနှစ်ဇူလိုင်နှင့် ဒီဇင်ဘာလအကြားတွင် ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ချေးယူခဲ့ရသည်။

အစိုးရ၏ငွေကြေးချေးယူခြင်းသည် အသုံးစရိတ်လိုငွေ ပြမှုကြောင့်ဖြစ်ပြီး ယခုနှစ်အတွက် နိုင်ငံ၏ အသုံးစရိတ်လိုငွေပြမှုသည် စုစုပေါင်း ဒေါ်လာဘီလီယံ ၈၉ဝ ရှိသည်ဟု ထရမ့်အစိုးရက ဇူလိုင်လအစောပိုင်းတွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ ထို့ကြောင့် လိုငွေပြမှုသည် မျှော်မှန်းထားသည်ထက် ဒေါ်လာ ၁၇ ဘီလီယံ ပိုမိုမြင့်တက်လျက်ရှိသည်။ နိုင်ငံ၏လိုငွေပြမှုသည် ဒေါ်လာ ၇၉၃ ဘီလီယံသာ ရှိမည်ဟု ဥပဒေပြုလွှတ်တော်မှ  အသုံးစရိတ် စီမံခန့်ခွဲရေးရုံးက အစောပိုင်းတွင် ခန့်မှန်းထားသည်။

လိုငွေပြမှုမြင့်တက်လာခြင်းသည် ထရမ့်အစိုးရက လုပ်ဆောင်သည့် အခွန်လျှော့ချမှုကြောင့် ဖြစ်သည်ဟု အကဲဖြတ်သူများက ဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့နှုန်း ကျဆင်းနေပြီး စီးပွားရေးတိုးတက်မှု ရှိသော်လည်း   အစိုးရ၏ အခွန်လျှော့ချမှုကြောင့် လိုငွေပြမှုမှာ ဆက်လက်မြင့်တက်နေမည်ဟု  ၎င်းတို့က ပြောထားသည်။  ထို့ပြင် လိုငွေပြမှုကြောင့် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေးအတွက် အတိုးနှုန်းကို တိုးမြှင့်ရဖွယ် ရှိသည်။

Read 97 times Last modified on Friday, 03 August 2018 14:22